Wednesday 13 May 2009

ပုဂံသူ အဘွားအကြောင်း


သူမ နာမည် မနန်းဦး၊ အညာဒေသ မြင်းကဘာရပ်၊ ပုဂံညောင်ဦး ဇာတိဖြစ်သည်။ မိခင်မှာ သူမကိုဖွားမြင် စဉ်ကွယ်လွန်သွားပြီး။ မွေးစား မိဘများနှင့် ကြီးပြင်းခဲ့သည်။ မိဘအရင်းများ၏ အမည်မှာ ဦးရွှေကိုး နှင့် မယ်မျိုးစစ် တို့  ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်တွင် ရန်ကုန်မြို့  ကုန်ဈေးတန်း ရှိ သူမ၏ မအေတူ ဖအေကွဲ အမကြီးဖြစ်သူ ဒေါ်ကျော့ နှင့် အတူနေထိုင်ခဲ့သည်။ စစ်ဖြစ်စဉ် ကာလ ဖြစ်သဖြင့် အတန်းပညာ ၄တန်းအထိသာ သင်ယူနိုင်ခဲ့သည်။ မနန်းဦး သည် ဆံပင်ရှည်၊ မဟာနဖူးနှင့် အသားရောင် ညိုဝါညက်ကြောင့် မိန်းမချော တစ်ဦးဖြစ်သည်။ ကိုလိုနီ ခေတ်ကာလတွင် နယ်မှ ကျောင်း လာတက်သော BA ကျောင်းသား ကိုစောသာ နှင့် မေတ္တာရှိပြီး ယောင်နောက်ဆံထုံးပါ နယ်တွင်နေထိုင်ခဲ့သည်။

ခင်ပွန်းသည် ကိုစောသာ သည် မနန်းဦးထက် ၈နှစ်ကြီးပြီး မနန်းဦး အပေါ် အလိုလိုက်သည်။ ကိုစောသာ သည် တက္ကသိုလ်ဘွဲ့  ရ ပညာတတ် ဖြစ်သည့် အညီ အင်္ဂလိပ် စာအရေးအသား နှင့် အပြောအဆို ကောင်းသည်။ အင်္ဂလိပ်ရုံးတွင် လက်ရေးတို စာရေးအဖြစ် အမှု ထမ်းသည်။ စကားပြောလျှင် တပြုံးပြုံးနှင့် ချစ်ခင် ခွင့်လွတ် တတ်သော ခင်ပွန်းသည် ကို ရရှိသဖြင့် မိဘမဲ့  မနန်းဦး တစ်ယောက် ဘ၀ ငြိမ်းချမ်းပြီဟု မဆိုသာ။ ဂျပန် ဝင်သောအခါ ကိုစောသာ တို့  ယောင်္ကျား တစ်စု မှာ သားမယား ကို ခွဲကာ တောထဲဝင်ပြီး ပုန်းအောင်း ကြရသည်။

တောထဲ မကြာခဏ တိမ်းရှောင် ရသော ကိုစောသာမှာ တဖြေးဖြေး ဖဲ ရိုက်တတ်လာသည်။ အညာသူ ဒေါ်နန်းဦး မှာ တခါတလေ စိတ်ဆိုးလျှင် " ကိုစောသာ၊ တော် ဖဲရိုက်ဖို့  သွားမလို့  လား၊ မွဲပါစေ၊ ပြာပါစေ၊ သပိတ်ခါ၊ အိပ်ခါ လာပါစေ" လို့  ဆို တတ်သည်။ ဒါကို ကိုစောသာ ၏ ဆွေမျိုး များကြားလျှင် လင်ကို ကျိန်တဲ့  အမျိုးဆို ပြီး ပြောတတ် ကြသည်။ ဒေါသ အလျှောက် သာပြောခဲ့သည် ခင်ပွန်းသည် သေဆုံးပြီး မိမိ လည်း ဇယာ ထောင်း လာသောအခါ ငါ့လင်ဟာ သူတော်ကောင်းကြီး ဆို ပြီး မကြာခဏ ပြောတတ်သည်။

ခင်ပွန်းသည် ကိုစောသာ သည် အစား အသောက်ကောင်း နှစ်သက်သည်။ တနေ့  တွင် အစားအသောက်စုံပြီး သွေးတက်ကာ ဆုံးပါး ကွယ်လွန် သွားတော့သည်။ ခိုကိုးရာမဲ့  မနန်းဦး လည်း အိမ်ထောင် စီးပွားရေး ရပ်တည်ရန် အိမ်ဆိုင် ငယ်ကလေးဖွင့် ကာ စီးပွား ရှာရသည်။ သားသမီး ၅ဦး ကို ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် ကျွေးမွေးသည်။ သားကြီးမှာ အသက် ၁၆နှစ်တွင် ဒေသခံ မိန်းကလေးနှင့် အိမ်ထောင်ရက်သား ကျသည်။ ဒုတိယမြောက် သမီး မအေးလူ ကို ၁၀အောင်သည့် အထိ ကျောင်းထားပြီး သူမ ခင်ပွန်းကဲ့  သို့  ရန်ကုန်သို့  တက်ခါ ပညာသင် ပေးချင်သည်။ တတိယမြောက် သားဖြစ်သူ မောင်စောထွန်းမှာ အလွန် စာတော်သည် ပညာရည်ချွန်ဆု ရကာ ဆရာဝန်ပညာ သင်ကြားရန် စောင့်နေရင် အပျင်းဖျားလေသည်။

ထိုခေတ်ကာလက ကျောက်ရောဂါမှာ ကြောက်မက်ဖွယ် အလွန်ကောင်းသည်။ သားအလတ် ကျောက်ရောဂါ ဖြင့် အပျင်းဖျားနေစဉ် ပဉ္စမသမီးထွေး မှာ ကြောက်ရောဂါ အသည်းအသန်ဖြစ်ပြီး ဆုံးသွားရှာသည်။ သားမောင်စောထွန်းမှာ နေမကောင်းလျှက်နှင့် မာမာ ညီမလေး ဘယ်မှာလဲ။ မေးသဖြင့် လွဲ လှီဖြေရရှာသည်။ မုဆိုးမ ဒေါ်နန်းဦး သည် ဆေးဝါးရှားပါးသော ခေတ်ကာလတွင် သားနှင့်သမီး တို့  ၏ဝေဒနာကို လက်ပိုက်ကြည့်ရင်း ရင်ထုမနာဖြစ်ကာ မောင်စောထွန်း ဆုံးပါးပြီး နောက် စိတ်ဝေဒနာ ပြင်းစွာ ခံစားရရှာသည်။ အိမ်ထောင့် အမှောင်ကျသော နေရာလေးတွင် အကြာကြီးထိုင်ကာ နေမိသည်။ စကားပြန်မပြောနိုင် ။

တခါကလည်း ရေတွင်းထဲသို့  ခုန်ချသဖြင့် ဦးစောသာ အမျိုးများ နှင့် အိမ်နီးပါးချင်း များ မှာ ဆယ်ယူခဲ့  ရသည်။ သမီး မအေးလူ နှင့် သားငယ် မောင်သာကျော် တို့  မှာ မိခင်ကြီးကို ကြည့်ကာ ရင်နင့်ရှာသည်။ ရန်ကုန်မှ အမကြီးဖြစ်သူ ဒေါ်ကျော့ မှဆေးဝါး ကုသ ရန်နှင့် အတူနေရန် ခေါ် သောအခါ သမီးဖြစ်သူနှင့် သင်္ဘောစီးပြီး ရန်ကုန်သို့  ထွက်ခွာခဲ့သည်။

ရန်ကုန်တွင် ဆေးဝါးကုသမှု ခံယူပြီးနောက် သမီးဖြစ်သူ အား တပ်မတော်သား တစ်ဦးနှင့် အိမ်ထောင်ချ ကာ သမီးနှင့် သမက် နေထိုင်ရာ တွင် အတူ လိုက်ပါနေထိုင်သည်။ လောကဒဏ်၏ ဖိနှိပ်မှု သည် ဒေါ်နန်းဦးအပေါ် မတရား၊ သားအကြီးဆုံး မှာ လူဝင်မှု ကြီးကြပ်ရေး အရာရှိဖြစ်ပြီး မိခင်ကို လစဉ် ထောက်ပံ့ရှာသည်။ သားအငယ် မောင် သာကျော်မှာ ဖခင် ခေါင်းချရာ ပြည်နယ်ရှိ သမိုင်းဝင် မြို့ ဟောင်းမှ ဘ၀တူ ကျောင်းဆရာမ တစ်ဦှးနှင့် အိမ်ထောင်ကျပြီး ကျောင်းအုပ် ဆရာကြီး ရာထူး ရလာသောအခါ နှစ်စဉ် ၁၀တန်းဖြေလွှာပို့  တိုင်း မိခင်ထံ အလည် အပတ်လာသည်။ မိခင်အား အဝေးမှ ထောက်ပံ့သည်။ ဒေါ်နန်းဦးသည် သမီးဖြစ်သူ ဒေါ်အေးလူ၏ သားသမီးများကို ကူညီ စောင့်ရှောက်သည်။ ဘုရားဇာတ်တော် များ၊ ၅၅၀ ဇာတ်နိပါတ်တော်များ၊ ပုံပြင်များကို မြေးငယ်၊မြေးမငယ်များ နားလည်စေရန် ည အိပ်ရာဝင်တိုင်း ရှင်းပြသည်။ ခေါင်းချသည့် အထိ သမီးဖြစ်သူ၏ မိသားစုနှင့် အေးအတူပူအမျှ နေသွားခဲ့ သည်။