Saturday 27 November 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၁)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၁)

ကျနော်တို့ မြို့ကလေးက ရန်ကုန်နှင့် မိုင် (၃၀) ပဲဝေးသည်။ မြို့ကလေးဆိုတာထက် မြို့တန်းရှည်လေးပါ။ န၀တ အစိုးရလက်ထက်မှာတော့ ဘာတွေ စိတ်ကူးရသည် မသိ … မြို့တန်းရှည်လေးကို မြို့အ၀ိုင်းကြီးဖြစ်အောင် အိမ်တွေ ဖျက်ခိုင်း၊ ရွေ့ခိုင်းပြီး လူတွေ စုပစ်လိုက်သည်။ ဦးခင်ညွှန့် ၏ မြို့ပြတည်ဆောက်ရေးမူ ကို အကောင်အထည်ဖော်ကြခြင်းဟု မှတ်သားဘူးသည်။ ကျနော်တို့  အိမ်လဲ ပြောင်းရသည်။ ကျနော်တို့  ခြံက အကျယ်ကြီးပါ… ခြံဟိုဖက်ထိပ် သည်ဖက်ထိပ် ကုန်းအော်ကြည့်.. အသံသာပျောက်သွားမည်… ကြားရမှာမဟုတ်။ ကျနော်တို့  မြို့သစ်ကို ပြောင်းတော့ ပေ (၄၀ ٭ ၆၀) မြေကွက်ကလေးပဲ ပြန်ရသည်။ လယ်ကွင်းတွေကို သိမ်းပြီး၊ လယ်မြေမှာ နေရာချပေးသည်။ ကျနော်တို့  အရင်နေရာက သဲမြေ၊ မိုးရွာပြီးလျှင်ရေမတင်၊ ဗွက်မထ။ နေရာသစ်မှာတော့ လယ်မြေ ဖြစ်သည့်အတွက် မိုးတွင်းရောက်လျှင် ရပ်ကွက်ထဲမှ ကတ္တရာလမ်း (ကားလမ်းမ) ကို ဗွက်မပေပဲ ရောက်နိုင်သည့် နည်းလမ်းမရှိချေ။ အဲ့ဒီမှာ ကျနော်ပြောချင်တဲ့ လမ်းကလေး ဇတ်လမ်းစချေပြီ။

နေရာသစ်အကြောင်း အနည်းငယ် မိတ်ဆက်ပေးချင်သည်။ ဟိုးအရင် ဘိုးဘွားပိုင်လယ်ကွင်း မြေတွေ ဖြစ်သောကြောင့် တောအရပ်ဒေသဖြစ်ကာ လူသူပြတ်သည် (ကျနော်တို့ မပြောင်းလာခင်က)။ လူသတ်ပြီး လယ်ကွင်းတွေမှာ လာပြစ်ထား၊ အမှုမပေါ်ဟု နာမည်ကြီးသည်။ ရပ်ကွက်ထိပ်က ဘုရားကြီးဘေးက ဖြတ်သွား၊ ဆေးလိပ်တောင်းသည့် မျက်စိရဲရဲ ကြီးလဲ ခဏခဏ တွေ့ နိုင်သည် ဆိုဘဲ။ မြေကြီးက မိုးတွင်းမှာ ရွှံ့က ပေါင်လောက် ဒူးလောက်၊ နွေရောက်လျှင် ဖုံက ခြေမျက်စိဖုံးသည်။ ပက်ကြားအက်တွေ နှင့် ပြည့်နေသော လယ်ကွက်မြေကို ရုပ်ရှင်ထဲမှာ မြင်ဘူးကြပေမည်။ နေရာဟောင်းတွင် ရေတွင်းတူး၍ သောက်သုံးရေ ရနိုင်ပေမယ့် နေရာသစ်မှာတော့ ၅ပေလောက်တူးရုံနှင့် ရွှံ့ရေထွက် သဖြင့် ရေတွင်းတူးသည့် အကြံကို လက်လျော့လိုက်ကြသည်။

သောက်ရေအတွက် ရပ်ကွက် အသစ်နားမှ ဘုရားကြီးဘေးက ကန်ကို လောလောဆယ် အသုံးပြုကြသည်။ ကတ္တရာလမ်းဘေးက တိုက်အိမ်တွေကလူတွေ ခုတော့ ယာယီတဲသာသာ နန်းတော်လေးတွေမှာ စံမြန်းကြပြီ၊ သောက်ရေအတွက် ညနေဆိုလျှင် ဘုရားကြီးနားကို ရေအိုးလေးများ ကိုယ်စီရွက်ကာ သွားကြပြီ။ ရေတွင်းရေကန် လှူလေ့ရှိသော ရှေးလူကြီးများကိုပင် ကျေးဇူးတင်နိုင်ကြသည်။ ကျနော့ အရွယ်ငယ်လွန်းသဖြင့် သမိုင်းနောက်ပြန်ဆွဲခြင်းတွေ ဘာညာတွေ မသိ။ လူကြီးတွေ နေဖို့ ထိုင်ဖို့  စားဖို့  သောက်ဖို့  လုံးပန်းနေရသဖြင့် ကျနော်တို့  စိတ်ကြိုက်ကဲနိုင်တာပဲ သဘောကျနေကြသည် (ကြီးလာမှ ရိပ်မိသည်… ခေတ်ပျက်တာဆိုတာ ဒါပဲလို့ ) ။ ကဲ လမ်းကလေး အကြောင်းဆက်မည်။

ရပ်ကွက်အသစ်တည်ပေးတော့ အစိုးရက လမ်းတွေ၊ ဓါတ်မီးတိုင်တွေ လာလုပ်ပေးသည်။ ကျနော်တို့  အိမ်ရှေ့လမ်းက ရပ်ကွက်ရဲ့ လမ်းမလို့  ဆိုနိုင်သည်။ ဘာ့ကြောင့်မှန်းတော့ မသိပါ။ လူသွားလူလာများသည်။ နဲနဲ စည်ကားသည်ပေါ့။ ဂ၀ံတုံး တွေ နှင့် အစိုးရက လမ်းလာခင်းသည်။ ဂ၀ံက လမ်းခင်းဖို့  မလောက်ရသည့် အထဲ အိမ်ထဲက လူတွေက ညဖက်မှာ ဂ၀ံတွေကို ခြံထဲ ခိုးသွင်းသည်။ မြန်မာတွေ မှာလဲ အဲ့သာတွေ ခက်လှသည်။ မိုးတွင်းမရောက်သေးတော့ လူတွေ စိတ်ထဲ မပူပန်မိတာလဲ ပါနိုင်သည်။ ဒါနှင့်ပဲ အစိုးရခင်းပေးသော ပက်ကြားအက်ပေါ် ဂ၀ံခဲ (ခပ်ကျဲကျဲ) တင်ထားသည့် လမ်းကလေး ဖြစ်လို့  လာသည်။ ဒါက လမ်းကလေး ရဲ့ အစ။

အဖေတို့  လူကြီးတွေကတော့ ပြောကြသည်၊ နောင်လမ်းမြေကြီးအသားကျလျှင် ကျနော်တို့  လမ်းကို အရင်ဆုံး ကတ္တရာခင်းပေးမှာတဲ့၊ (ကျနော်တို့  လမ်းက လမ်းမတန်းဖြစ်သည်လို့  ပြောတာပဲ)။ ဒါတွေမသိ၊ ကျနော်တို့  ကလေးတွေ ကတော့ ရပ်ကွက်သစ်၊ နေရာသစ်၊ အိမ်အသစ် (တဲသာသာယာယီအိမ်)၊ လမ်းအသစ် (ပတ်ဝန်းကျင်ကတော့ အဟောင်းပါ တရပ်ကွက်လုံး မင်းမိန့် နှင့် ရွေ့  ရသည်ကိုး) မှာ ပျော်လို့  ဆော့ကစားနေကြပြီ။ ယခင်ဆော့စရာ လူနည်းပါးလှတဲ့ ပတ်ဝန်းကျင်ကနေ၊ လူသူ (Over Crowed) ဖြစ်တဲ့ နေရာသစ်က လမ်းအသစ်လေးတွေဟာ ကျနော်တို့  ကလေးတွေ အတွက် ကစားကွင်းဖြစ်လို့ နေပြီ။

စပြောင်းရသည့် အချိန်က နွေရာသီ၊ ကျောင်းတွေက အရေးအခင်းကြောင့် ပိတ်ထားသည်။ ဆူမည့် ဟောက်မည့် လူကြီးတွေက ကိုယ်တွေကို လှည့်မကြည့်အား.. နေရေးထိုင်ရေး စားရေးသောက်ရေး အတွက် စိုးရိမ်ပူပန်ကာ လုံးပမ်းနေကြချိန်။ ကိုယ့်အတွက်တော့ အင်္ဂလိပ်အခက် ဗမာ အချက်ပေါ့လေ။ ကျနော်တို့  အတွက် အခက်ဖြစ်လာမည်ကို လုံးဝ ကြိုမသိခဲ့ပေ။ နေ့ လည်နေ့ ခင်းဆိုလျှင် လယ်ကွင်း နေ ကျဲကျဲတောက် ပူသဖြင့် လူကြီးကော ကလေးပါ အပြင်မထွက်ကြ။ တဲသာသာ နန်းတော် ကလေးတွေထဲမှာ အောင်းကြရသည်။

နေနဲနဲစောင်းသည်နှင့် ကျနော်တို့  မျောက်လောင်းတစ်သိုက် ကဲကြပြီ။ လမ်းအသစ် ကလေးပေါ်မှာ စိမ်းပြေးလိုက်တမ်း၊ ကျောက်ရုပ်၊ ကျောက်ဖျက် ကစားတမ်း၊ လောက်စလုံးပစ်တမ်း၊ တူတူ ပုန်းတမ်း အမျိုးစုံအောင်ကစားကြသည်။ ရိုးပြတ် (စပါးရိတ်ပြီးနောက် ကျန်ခဲ့သည့် စပါးပင်ပြတ်) များဖြင့် အိမ်ဆောက် ပြိုင်ကြသည်။ လမ်းဖြစ်သော်လည်း ကလေးများအတွက် အန္တရာယ်ရှိမည့် ကား၊ ဆိုင်ကယ် ဆိုတာ စိုးစိမျှ သွားလာခြင်း မရှိသော လမ်းကလေးဖြစ်သောကြောင့် မည်သည့် လူကြီးမျှ တားဆီးခြင်းမပြုကြ။

ညဖက်ရောက်လျှင် လရောင်အောက်မှ လမ်းကလေးပေါ် ကလေးတသိုက် စုမိကြပြန်သည်။ ညဖက်မှာတော့ ပြေးလွှားခြင်းများရပ်၊ သရဲ အကြောင်းပြောခြင်း၊ ပုံပြင်ပြောခြင်း များဖြင့် အိမ်ရှေ့လမ်းကလေး ပေါ် မျောက်လောင်းတသိုက် အကဲမပြတ်ကြ။ ဒီလို နေ့ စဉ်နဲ့  အမျှ ဆော့ကစားလာလိုက်တာ အစိုးရ၏ ဂ၀ံ များလည်း မှုန့် မှုန့်  ညက်ညက်ကြေပြီ။ ဖုန်တသောသောနှင့် နွေရာသီ ပသာဒ အပြည့်။ ကျနော်တို့  အိမ်ရှေ့လမ်းက ရပ်ကွက်လမ်းမ ဟုသတ်မှတ်သည့် အလျောက် ဝေးလံလှသော ကရင်ရွာတွေ မှ လှည်းတွေ အိမ်ရှေ့လမ်းကလေးကပဲ ဖြတ်သည်။ (အမှန်က သူတို့ ဖာသာ ဒီနေ ရာကို စိတ်ကြိုက်ဖြတ်သန်းသွားနေကြပါ၊ ကျနော်တို့  ရပ်ကွက်ကို န၀တ က ဖန်တီးလိုက်တော့ သူတို့  အတွက် လမ်းသာရာကို ရွေးသွားကြခြင်းသာ။ ကလေးတသိုက်ဆော့လို့  မွမွ ကြေနေတဲ့ ဂ၀ံ ခဲလေးတွေဟာ လှည်းနင်းလိုက်တဲ့ အခါ အတားအဆီးမရှိ ဖုန်ထု ဖြစ်လေတော့သည်။

ကဲ…… လာပါချေပြီ.. အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီ။ မိုးတပြိုက်ခန့်  စရွာသည်နှင့် အိမ်ရှေ့လမ်းမက ဖုန်များ မြေလပ္ပာယ်နှင့် တွေ့ သည့် မြွေအလား ငြိမ်ကျသွားသည်။ သုံးဥတု သုံးရာသီပိုင်ဆိုင်သည့် ရွှေတိုင်းပြည်ဖြစ်သော ကြောင့် မိုးက တပြိုက်ထဲနှင့် မပြီး၊ အပြုံလိုက် အအုံလိုက် ရွာကျလေသော အခါဝယ်……..

Google.com မှ ဓါတ်ပုံရယူပါသည်။
ဆက်ပါဦးမည်....