Monday 9 August 2010

ကျနော်တို့ ဆဲလ်ဖုန်းလေးရောင်းဖို့ ကြိုးစားခဲ့စဉ်က.....










“ဟလို.. ဟလို… ဟလို………. ဟဲလို….. တောက်… ဒီဖုန်းစုတ် တွေကတစ်မျိုး” အချိန်ကား ၂၀၀၄ ကာလကုန် ဆုံးလို့  ၂၀၀၅ သို့  ကူးသည်အချိန်ကာလ ဖြစ်ပေသည်။ နေရာကား ရေမီးရှားနိုင်ငံ ရန်ကုန် ရွှေမြို့တော်ကြီးရဲ့ အထင်ကရ လူသူရှုပ်ထွေး ပွေလီရာနေရာ ဖြစ်ပါသည်။ ကိုချုချာ့ခင်ဗျာ ဘေးဝိုင်းက လူတွေကိုလဲ အားနာမိသည်။ ဘေးကပ်ရပ် ၀ိုင်းမှာ အသားဖြူဖြူ သားသားနားနား အသက် ခပ်လတ်လတ် အန်တီကြီး တစ်ယောက်၊ အနောက်ဖက်ဝိုင်းမှာက လွင်မိုး လေထိုးထားတဲ့ ဥပဓိရုပ် မျိုးနှင့် အန်ကယ်ကြီးတစ်ယောက်။ ကိုယ့်ဖုန်းပြောသံ (အော်သံ) ကြောင့် သူတို့  စိတ်အနှောက်အယှက် ဖြစ်မည်လေ။

ကိုယ်ဖုန်းကလဲ ရန်ကုန်မြို့လယ်ခေါင် လောက်မှာတောင် အသံက စက်ရုပ်သံ တဂွီဂွီ ထွက်နေသည်။ ဖုန်းထပ်ဝင်လာပြန်ပြီ၊ “ဟလို.. ဟလို… ဟလို………….. ဟဲလို………” တဖက်က အသံက ပြတ်တောင်း ပြတ်တောင်းနှင့် “ဂေါ်ဂွီ” ဆိုတာတွေက ပါသေးသည်။ သေချာတာတော့ ကိုယ်ချိန်းထားတဲ့ ပွဲစား အသံ၊ ဒီအသံကို မှတ်မိနေသည်။ ခက်တာက သူဘာပြောနေမှန်း ကိုချုချာ လုံးဝ ခန့်  မှန်းလို့ မရပါပေ။ သီးမခံနိုင်တော့တာ နဲ့  ဖုန်းချလိုက်သည်။ ကိုယ့်ဘာသာ စိတ်မလုံတာရော၊ ပတ်ဝန်းကျင်ကို အားနာတာရော မလုံမလဲ စိတ်နှင့် ဘေးဘီင်္ကို ကြည့်မိသည်။ မည်သူမှ အိနြေ္ဒမပျက်၊ အေးဆေးပဲ အားလုံး သူ့ အာရုံနှင့်သူ၊ ကိုယ့်ရဲ့ ကျွဲမှီးတိုတို အော်သံ “ဟဲလို………..” က သူတို့  ကိုအနှောက်အယှက် ဖြစ်စေဟန်မတူ။ အနောက်ဖက်ဝိုင်းက အန်ကယ်ကြီးဆို မုန့်  ဟင်းခါး စားပြီးလို့  “လက်ဖက်ရည် ကျစိမ့်-၀မ်း” လို့ တောင်အော်လိုက်သေးသည်။ အန်တီကြီးကတော့ မှန်သေးသေးလေး ကို ခိုးထုတ်ကြည့်ပီး မိတ်ကပ် အနေထား ကြည့်လိုက်သေးသည်။ နောက် လက်ဖက်ရည်လေး တကျိုက်ငုံပြီး (သောက်သည်ဟု သုံးရန်မသင့်တော်ပါ၊ အာစွပ်ရုံ ငုံမှသာ လက်ဖက်ရည်သောက်သည် မည်၏) ဆိုင်ကဖွင့်ထားသော တေးသွားနှင့် လက်ချောင်းလေးများကို စည်းချက် ကိုက်နေသည်။

ကားမှတ်တိုင်ကို ကြည့်လိုက်တော့ ခပ်သန့်  သန့်  လူငယ်တစ်ယောက်၊ ဆဲလ် ဖုန်း တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ ထိုင်လိုက် ထလိုက် နှင့် ဂနာမငြိမ်၊ ထိုင်ချလိုက် ဟိုကြည့်ဒီကြည့်၊ ဟိုရှာဒီရှာ သလို လုပ်လိုက်၊ ပြန်ထလိုက် ဟိုကြည့်ဒီကြည့်၊ ဟိုဖက်လှည့် ဒီဖက်လှည့် လုပ်လိုက် တစ်ယောက်ထဲ အလုပ်ရှုပ်နေသည်။ လိုင်းကမိပုံ မပေါ်။ နောက်တော့ ဘယ်လို အဆင်ပြေသွားသည်မသိ ကုန်းကုန်းကွကွ နှင့် ရယ်ကာမောကာ စကားတွေ ပြောလို့  နေသည်။ အော်.. သူလဲ ကိုယ့်လို “ဆဲလ် ဖုန်း” ပိုင်ရှင် တစ်ယောက်ပါပဲလား။ ၁၀ မိနစ်လောက် ကုန်းကုန်းကွကွ စကားပြောပီးတော့ သူ ခါးပြန်ဆန့်  သည်။ ခါးလဲ နာသွားပုံရသည်။ အော် “ဆဲလ် ဖုန်း ဒုက္ခ” ပါလား။ကိုချုချာ ကိုင်တဲ့ဖုန်းက “Cellular” လို့  ခေါ်ကြတဲ့ ဖုန်းအမျိုးအစားပါ။ ၂၀၀၂ ခုနှစ်နောက်ပိုင်းမှာ GSM ဟန်းဖုန်း တွေ ချပေးပြီးတဲ့ နောက်ပိုင်း သိပ်အသုံးမ၀င်တဲ့ ဖုန်းမျိုးတွေဖြစ်သွားပါပြီ။ SMS ပို့ လို့ မရ၊ လိုင်းက G ဖုန်းလောက်မမိ ဆိုတော့၊ ဟန်းဖုန်းတွေ ထဲမှာတော့ စီနီယာ အိုကြီးတွေ ဖြစ်သွားပါပြီ။ GSM ဖုန်းလို SIM ကဒ် ထဲ့ ရတဲ့ ဖုန်းမဟုတ်ပါ၊ ဟန်းဆက် ၀ယ်ပြီးရင် ကုမ္ပဏီက ကုဒ်နံပါတ်ရိုက်ထဲ ပေးလိုက်တဲ့ ဖုန်းအမျိုးအစားပါ။ ကိုချုချာ့ဖုန်း ဟန်းဆက်ကတော့ ၂ သိန်းခွဲတန် Sam-sung အမျိုးအစားပါ။ ဟန်းဆက်လေးက ဈေးကောင်းတာကြောင့်လဲ အခု ဖုန်းရောင်းမယ်ဆိုတဲ့ခါ ပွဲစားက ၂ ရက်အတွင်း ရောင်းထွက်စေရမယ်လို့  အာမခံပြီး ဈေးစကားပြောကြဖို့  ချိန်းတာပဲ။

မြန်မာပြည် အခေါ်အရဆိုရင်တော့ “နိုင်းနိုင်း(၉၉)” ဖုန်းလို့ လဲ ခေါ်ကြပါသေးတယ်။ ၀၉-၉၉ နဲ့  စတဲ့ ဆဲလ်ဖုန်းတွေပါ။ ၂၀၀၂ မတိုင်ခင် ကတော့ သူတို့  ကသူဌေး လက်စွဲတော်တွေပေါ့ဗျာ။ သိန်း ၄၀ လောက် က အနိမ့်ဆုံးပဲ။ “Cellular” ဖုန်းတွေတင် လိုင်းမမိတာလား ဆိုတော့ လက်ရှိ G ဖုန်းတွေ လဲ အလားတူပါပဲ။ လိုင်းက ကြပ်တာနဲ့ ၊ မကောင်းတာနဲ့ ၊ ပျောက်တာနဲ့ ၊ အေရိယာ ပြင်ပရောက်တာနဲ့  မျိုးစုံ ကို ကြိုးခုန်နေကြတာပါ။ ဟန်းဖုန်း ၂ လုံး ဘေးချင်းယှဉ်ထား ပြီးခေါ်ရင်တောင် “မအားသေးပါရှင်တို့ ၊ ဘယ်ရောက်နေမှန်းမသိပါတို့ ၊ တပ်ဆင်မထားပါတို့  ” ဒါမျိုးတွေ ပြောပြီးဗြောင် ကိုလိမ်တတ်ပါသေးတယ်။

ဒီလိုတွေးနေရင်းက ကိုချုချာလဲ ချိန်းထားတဲ့သူက ရောက်မလာသေးတာနဲ့  လက်ဖက်ရည် ကျစိမ့်လေး မှာပြီးသောက်နေမိပါတယ်။ ကိုယ်ကသာ နယ်က (ရန်ကုန်နှင့် မိုင် ၃၀) တက်လာလို့  ဆဲလ်ဖုန်း ဒုက္ခတွေကို သိပ်မရင်းနှီးသလို ဖြစ်နေပေမဲ့ ရန်ကုန်မှာတော့ ဆဲလ်ဖုန်း(အော်)ခြင်း ကိုဘယ်သူမှ ထူးဆန်း ကြပုံမရပါဘူး။ ဆဲလ်ဖုန်းပြောရင် အော်ပြောကြတာ ယဉ်ကျေးမှု လို့ တောင် ဆိုနိုင်ပြီထင်ပါတယ်။ နားကြပ်လေးတပ်ပြီး ဖုန်းတိုးတိုး ပြောတတ် သူတွေကိုသာ ဒီလူ ဟုတ်ကောဟုတ်ရဲ့လားလို့  ကြည့်မိတတ်ကြပါတယ်။


သူများနိုင်ငံတွေမှာ ကားမောင်းရင်း ဆဲလ်ဖုန်းပြောလို့  ယဉ်တိုက်မှု မကြာခဏ ဖြစ်တဲ့ သတင်းတွေ ကြားမိပါရဲ့။ ဒါမျိုးတော့ မြန်မာပြည်မှာ ဖြစ်စရာ သိပ်မရှိပါ။ တစ်နေရာထဲမှာ ငြိမ် ရပ် ပြီး ပြောရင်တောင် လိုင်း ပြတ်သွားတတ်တာ ကားမောင်းရင်းပြောဖို့  ကတော့ လုံးဝမသေချာပါ။ ကားမောင်းရင်း ဖုန်းလာခဲ့ရင် လမ်းဘေးထိုးရပ်ပြီး ပြောကြတာများပါသည်။

ခု ၂၀၀၅ လောက် အချိန်မှာတော့ လူလတ်တန်းစား ရဲ့ လေးပုံ တစ်ပုံလောက် ထိ ဆဲလ်ဖုန်း ကိုင်နိုင်လာပါပြီ။ ဆဲလ်ဖုန်းဟာ အဆင်တန်ဆာ တစ်ခု ဖြစ်လာပါပြီ။ ကိုရီးယားကား ထဲမှာ လိုင်းကားစီးရင်းက ဆဲလ်ဖုန်း ပြောတာ ဘာမှ မဆန်းပေမဲ့၊ ရန်ကုန် က ၅၁ လိုင်းကားကြီးတွေ ပေါ်မှာ ဆဲလ်ဖုန်း ပြောဖို့ ကတော့ တော်တော့ကို ထူးဆန်းတယ်လို့  ပဲပြောရမလိုပါပဲ။ ရုံးတက်/ ရုံးဆင်းချိန် ပြွတ်သိပ်ကြပ်ညပ် နေတဲ့ အဲယားမွန်းကြပ် ၅၁ လိုင်းကား ကြီးပေါ်က ဆဲလ်ဖုန်းဟာ ဂျင်ဆန်းမီတို့  လိုင်းကားပေါ် ဆဲလ်ဖုန်း ပြောသလို တော့ သက်တောင့် သက်သာ မရှိတာ သေချာပါတယ်။ ဟဲလို အကြိမ်တစ်သောင်းနဲ့  တဟင်ဟင် ပြန်ပြန်မေး နေရတာကိုက ပတ်ဝန်းကျင် လေထုကို ညစ်ညမ်းစေတာ အသေအချာပါ။

ကိုချုချာလဲ ပွဲစားကိုစောင့်ရင်း အတွေးနယ်ချဲ့နေမိပါတယ်။ ကိုရီးယားကား ထဲက ဂျင်ဆန်းမီ ဆီရောက်လိုက် မြန်မာပြည် ၅၁ လိုင်းကားပေါ်က ဆဲလ်ဖုန်း(အော်)ကြသူ တွေကို အတွေးရောက်လိုက်နဲ့  တောင်စဉ်ရေမရ ဖြစ်နေပါတယ်။ ဆိုင်ကလေးကလဲ သစ်ပင်ရိပ်အောက်က ဆိုင်လေးဆိုတော့ လေ ပူ တွေ တိုက်ပေမဲ့ နဲနဲ သက်သာပါတယ်။ ဒီလို အတွေး နယ်ချဲ့နေတုန်းမှာပဲ “တီတီတီ.. တီတီတီ.. တီတီတီ” “ကိုကိုရေဖုန်းလာနေတယ်နော်.. ကိုကိုရေ ဖုန်းလာနေပါတယ်ဆို” “အဟိဟိ ဟိ ဟိဟိဟိဟိ.. အဟိ ဟိဟိ ဟိဟိဟိဟိ (ကလေးငိုသံ)” ဆိုပြီး မတူညီတဲ့ ဖုန်းသံ သုံးခု တပြိုင်နက်ထဲ ကောက်ခါငင်ကာ ၀င်လာပါတယ်။

ကိုချုချာ့ဖုန်း မြည်သံက “တီတီတီ… တီတီတီ.. တီတီတီ” ပါ။ ကိုချုချာလဲ ကျန်တဲ့ဖုန်းတွေ ဘယ်သူ့  ဆီက လဲလို့  မစပ်စုနိုင်ပါဘူး၊ ဆဲလ်ဖုန်းလိုင်းဆိုတာ သူစိတ်ပါတုန်းသာ ၀င်တာမို့  အသဲအသန် ကောက်ကိုင်ဖို့  သာ ကြိုးစားလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ဘေးဖက်က ကိုယ့်လိုပဲ မြန်မြန်ဆန်ဆန် လှုပ်ရှားမှု တစ်ခုကိုတော့ သတိထားမိလိုက်သလို၊ အနောက်ဖက်က လှုပ်ရှားမှုတစ်ခုရဲ့ အသံကိုလဲ သတိထားလိုက်မိပါတယ်။ နံပါတ်ကြည့်လိုက်တော့ ပွဲစား ကိုအ၀ှာဆီက၊ ဒါနဲ့  ပဲ ဖုန်းကိုင်တဲ့ ခလုတ်လေးကို နှိပ်ပြီး နားနားကပ်၊ ထုံးစံအတိုင်း “ဟဲလို” (အသံကျယ်ကျယ်နဲ့ ) လုပ်လိုက်တဲ့ အချိန်မှာ………… ဘယ်လိုမှ ထင်မထားတဲ့ အသံတွေ ကိုချုချာ့အနားမှာ ထွက်ပေါ်လာတဲ့အတွက် ရုတ်တရက် ဒီပတ်ဝန်းကျင်လေးမှာ အပြောင်းအလဲ လေးတွေ ဖြစ်လို့ သွားပါတယ်။

ကိုချုချာ ဗယ်ဖက်လက်က ကိုင်ထားတဲ့ လက်ဖက်ရည်ခွက် လွတ်ကျသွားပါတယ်.. “ခွက်” ဆိုတဲ့ အသံနဲ့  အတူ ယောင်တတ်တဲ့ ကိုချုချာတစ်ယောက် “…..” ဆိုပြီး ရိုးရာအတိုင်း တစ်စုံတစ်ခုကို ရေရွတ်လိုက်မိပါတယ်၊ ကားမှတ်တိုင်က စုံတွဲတစ်တွဲက သူတို့ ကို လှမ်းအော်တယ်မှတ်လို့  ထင်ရဲ့ လူချင်းနဲနဲရှဲလိုက်တယ်၊ ကောင်တာက ဦးလေးကြီးက “ရှင်းမယ်တဲ့ဟေ့” လို့  ထအော်တယ်၊ စားပွဲထိုးလေးကတော့ ထိုင်ခုံမှာ ထိုင်ငိုက်နေရာကနေ “ဟုတ်ကဲ့ လာပြီဗျ.. ကျစိမ့်က ၁၀၀ ၊ မုန့်  ဟင်းခါးက ၂၀၀ …. ” လို့  အော်ရင်းထလာတယ်၊ ကားမှတ်တိုင်ဘေးမှာ ဗယာကြော်နေတဲ့ ကုလားကြီး ကတော့ “ဟာရေး…..ဘာညာကွီကွ” တွေရွတ်ပြီး ဆီအိုးထဲကို ကုလားပဲ ထောင်း တစ်ဆုပ်ကြီး ပစ်ထဲ့ချလိုက်တာ တွေ့  လိုက်ရတယ်။

အခိုက်အတန့်  ဒဒင်ဂ ကာလလေး တစ်ခုမှာ ကိုချုချာတို့  လက်ဖက်ရည်ဝိုင်းနားမှာ အံ့အားသင့်စရာ တိုက်ဆိုင်မှု တစ်ခုဖြစ်သွားတယ်ထင်ရဲ့၊ ကိုချုချာလဲ ရုတ်တရက်မို့  ဘာဖြစ်သွားလို့  ဖြစ်သွားလိုက်မှန်း မသိလိုက်ဘူး၊ သိပ်တော့မကြာလှပါဘူး၊ စက္ကန့်  ပိုင်းလောက်ပါပဲ။ စက္ကန့်  ပိုင်းလောက်ကြာပြီးသွားတဲ့ အချိန်မှာတော့ လူအားလုံး ရယ်လိုက်မိကြပါတယ်။ နောက်တော့လဲ ပုံမှန် အတိုင်းပြန်လည်ပတ်ကြပါရဲ့။ ဖြစ်ပုံကဒီလိုပါ၊ ဖုန်းသုံးခု တပြိုင်ထဲ လာတဲ့အချိန်မှာ လူသုံးယောက် တိုက်ဆိုင်စွာနဲ့  “ဟဲလို” ဆိုတာကြီးကို အားပါးတရ ၀ိုင်းအော်လိုက်မိကြတာပါပဲဗျာ။ ကိုချုချာရယ်၊ ဘေးက အန်တီကြီးရယ်၊ အနောက်က အန်ကယ်ကြီးရယ် ဒီလူသုံးယောက်ရဲ့ ၀မ်းခေါင်းသံ “ဟဲလို” ဆိုတာကြီးက ပုံမှန်လည်ပတ်နေတဲ့ ဘေးက ပတ်ဝန်းကျင်ကို အပြောင်းအလဲ ဖြစ်သွားစေပါတယ်။

သိပ်မကြာခင်မှာပဲ အန်တီကြီးက သူစောင့်နေတဲ့သူ ကိုသွားတွေ့  ဖို့ ထင်ပါရဲ့ အိတ်ကလေး ဆွဲပြီး ကော့ကော့ ကော့ကော့ နဲ့  ထွက်သွားတယ်။ အန်ကယ်ကြီးကတော့ (တစ်ခုခုကို) ထပ်စောင့်ရဦးမယ်ထင်တယ်၊ ဟင်း ခနဲ သက်ပြင်းချပြီး သတင်းစာကို ကောက်ကိုင်လိုက်တယ်။ စားပွဲထိုးလေးကတော့ ငွေပြန်အမ်းဖို့  ကောင်တာကို ထွက်သွားတယ်။ ကောင်တာက ဦးလေးကြီးကတော့ အားရပါးရ ရယ်ပြီးနောက်မှာတော့ ငွေအကြွေအမ်းဖို့  လုံးပမ်းနေတာနဲ့  ပဲ ခုနက “ဟဲလို” ကြီးကိုမေ့သွားပုံပါ။ ကားမှတ်တိုင်က စုံတွဲလဲ ခုနက အတိုင်း တစ်ယောက်နဲ့  တစ်ယောက် ပြန်ကပ်သွားကြပြန်တယ်။ ဗယာကြော် ကုလားကြီးကတော့ ဆီအိုးထဲက ကုလားပဲ ထောင်း တစ်ဆုပ်ကြီးကို ပွစိ ပွစိ နဲ့  ပြောရင်း ပြန်ဆယ်နေလေရဲ့။

အားလုံး ပုံမှန်ဖြစ်သွားကြပေမဲ့ ပုံမှန်ပြန်မဖြစ်နိုင်တာတော့ ကိုချုချာပါပဲ။ လက်ဖက်ရည်ခွက်က ပုဆိုးပေါ် မှောက်ကျ၊ ဖုန်းထဲက ပွဲစားကလဲ သူယောင်ရမ်းပြီး အော်လိုက် မိတာကို သူ့  ကို ပြောတယ် ထင်သွားပုံရတယ် ဖုန်းချသွား၊ သူ့  ဖက်က ပြန်ဆက်ကြည့်တော့ “လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်” တဲ့ မြန်မာပြည်ဖုန်းက ကျန်တာသာ လိမ်တတ်တာ ဖုန်းပိတ်ထားတယ်လို့  ဖြေရင်တော့ တကယ်ကို ပိတ်ထားတာသေချာတယ်။ ကိုချုချာ့ခင်ဗျာ ပွဲစား သူ့ ကိုစိတ်ဆိုးသွားမှန်း သေသေချာချာကို သိလိုက်တယ်။

“ဟူးးးးးးး” လို့  ကိုချုချာသက်ပြင်း ချမိပါတော့တယ်။ ဖုန်းဈေးထပ်မကျခင် ရောင်းချင်တာ ပွဲစား နောက်တစ်ယောက်ကို အချိန်ကုန်ခံ ဆက်သွယ် ပြီး ထပ်စောင့်ရဦးမယ်၊ ခုလဲ လက်ဖက်ရည်တွေ စိုနေတဲ့ ပုဆိုးကြီးနဲ့  ဘယ်လိုပြန်ရမလဲ၊ ကားငှားဖို့  ဆိုတာကလဲ ရန်ကုန်နဲ့  မိုင် ၃၀ ကျော်ခရီး၊ ကုန်လိုက်မယ်ဖြစ်ခြင်း၊ သခင်မြပန်းခြံ ကားဂိတ်ကိုသွားမယ် ဆိုလဲ ခရီးတို ကားငှားခတော့ ထွက်ပြီ။

“ထူးပါဘူးလေ” ဆိုပြီး ကိုချုချာတစ်ယောက် ရေမီးရှားနိုင်ငံတော်ကြီးရဲ့ ပုံမှန်တွေ ထဲ လည်ပတ်နိုင်ဖို့ ရာ လက်ဖက်ရည်ဆိုင်ကထ “အော်…… ဆဲလ်ဖုန်း .. ဆဲလ်ဖုန်း.. ကိုဆဲလ်ဖုန်း… ကိုကလန့်  ပြီး ဆဲမိပြန်တော့ ဆဲဖုန်း .. ဆဲဖုန်း… ကိုဆဲမိတဲ့ ဖုန်း .. ဖြစ်ရပြန်တာပေါ့ကွာ… တောက်” လို့  မြည်တမ်းရင်း………….။။။။။။။။