Sunday 11 January 2015

အမှောင်ထုထဲက အလင်းစက်များ 14.11.2010 တွင် share သည်

ဟုတ်ကဲ့ ဘောလုံးပွဲစတယ်ဆိုတာနဲ့ Firefox က Google ကို စ ပေးတယ် ခင်ဗျ.... Google က Facebook ကို ထပ်ပေးပါတယ်။ ဟုတ်ကဲ့ တက်တယ်ခင်ဗျကျတယ် ခင်ဗျ ပြန်တက်တယ်။ ပြန်ပြုတ်ကျတယ်။ ရတနာပုံက မခံပါဘူးခင်ဗျာပြန်ဖြတ်ချတယ်ခင်ဗျ။ ဒါပေမယ့် ADSL က နာမည် အပျက်မခံဘူးခင်ဗျ။ အခုအချိန်မှာဆိုရင် ပုဂံက စိတ်ညစ်လို့ မှိုင်နေတယ်ခင်ဗျ။ ဟော.. ပြောရင်နဲ့  တက်လာပြန်ပါပြီခင်ဗျ။ရတနာပုံက ရာဇဝင်အရိုင်းမခံပါဘူးခင်ဗျာ.. ပြန်ဖြတ်ချပါတယ်။.. အခုဆိုရင် Connection ကြီးဟာ ပြောနေရင်းနဲ့ ပြတ်ကျသွားပါပြီခင်ဗျား.... ရတနာပုံဘက် ပါသွားပြန်ပြီခင်ဗျ Facebook တက်တယ်။ User တွေက ဝိုင်းအားပေးတယ်ခင်ဗျရတနာပုံက ပြန်ဖြတ်ချတယ်။ Google တက်လာပြန်ပြီ... ဒိုင်လူကြီး ပုဂံက Network busy ပြပါတယ်ခင်ဗျ။ အသုံးကြမ်းလို့ ပါတဲ့... Gmail လေး က တက်ဖို့ ချောင်းနေတယ်ခင်ဗျ... Loading လေး ဆွဲပြေးသွားပြီ...... ပြည့်ခါနီးပါပြီခင်ဗျ... ဟုတ်ကဲ့ အပြည့်ရောက်ခါနီးမှာပဲ Connection က ပြန်ဖြတ်ချလို့  တစ် နေပါတယ်ခင်ဗျ။ အားပေးနေတဲ့ User တွေဟာဆိုရင် အခုဆိုရင် သုံးရတာ ဆန့် တငံ့ငံ့ ဖြစ်နေပါတယ်။ ရတနာပုံရဲ့  အစွမ်းတွေပေါ့ခင်ဗျ... ပွဲကို ကြည့်ရတာ ရင်တဖိုဖိုနဲ့  ဘယ်တော့ ပြန်ကောင်းမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူးခင်ဗျ... ဟုတ်ကဲ့ပြောရင်းနဲ့  Facebook လေး Signin ဝင်သွားပြီခင်ဗျ... Home Page လေး တက်နေရင်းတန်းလန်း တစ်ဝက်ပဲပေါ်သေးတယ် ငြိမ်သွားပါပြီခင်ဗျ... အောက်ကို ကြည့်လိုက်တော့ Done ပါတဲ့... ဒါနဲ့  User ကအငြိမ်မနေပဲ Refresh ပြန်လုပ်တယ်ခင်ဗျ... Network Timeout ပါတဲ့ဒိုင်လူကြီး ပုဂံက အလစ်ကို မပေးပါဘူးခင်ဗျ... ဟုတ်ကဲ့ User ကိုတိုးတိုး တိုးတိုးနဲ့  သွားပြောနေပါတယ်ခင်ဗျ... ဘာပြောတာပါလိမ့်...? ဟုတ်ကဲ့ User က ဒီဘက်ကိုပြန်ပြောတယ်ခင်ဗျ... ဒိုင်လူကြီးက ပြောပါတယ်တဲ့ "အဲလောက်နဲ့ တက်တက်မလာနဲ့ " လို့ ပြောပါတယ်တဲ့။ ဟုတ်ကဲ့ အခုဆိုရင် User တွေနဲ့ ရတနာပုံနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ်ခင်ဗျ... User တွေကလဲ တင်းတယ်ခင်ဗျ... ရတနာပုံကို အသေရရ အရှင်ရရ ပါတဲ့... ရတနာပုံက Complain တက်တယ်ခင်ဗျ. FTTH တွေတပ်နေလို့ ပါတဲ့ဟုတ်ကဲ့ User က မယုံပါဘူးခင်ဗျာ.. ဟုတ်ကဲ့ အခုဆိုရင် ပွဲစနေတာ ၅ ရက်လောက်ရှိပါပြီခင်ဗျ... ပွဲဟာဆိုရင် ပြီးဖို့  နိုဝင်ဘာ ၇ ရက်နေ့ အထိ စောင့်ရမယ်သဘောရှိတယ်ခင်ဗျ... ဟုတ်ကဲ့ ကျွန်တော်ကြေငြာနေစဉ်အတွင်းမှာပဲ ကွင်းဘေးဒိုင် EPC က မီးဖြတ်ချလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးး 

Author : အမှောင်ထုထဲက အလင်းစက်များ 28th Jan 2011 တွင် ရေးပြီး email ဖြင့် share သည်

ဒီကလေးဘာတွေဖတ်နေပါလိမ့်… သူစဉ်းစားသည်၊ အဲ့ဒါမှခက်ရော… သူဘာကိုမှစဉ်းစားလို့ မရ.. “အားပါးပါး… ” ….. “ငါစဉ်းစားတွေးခေါ်တာတွေ မလုပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီပဲ” … “အိုး… ငါ့ခေါင်းထဲက ဦးနှောက်ကိုလေးသည်ဆိုပြီး ထုတ်ထားခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပဲ” .. “ဗုဒ္ဓေါ…. ငါဘာတွေဖြစ်နေခဲ့ပါလိမ့်” လို့  ပထမဦးဆုံးအကြိမ် ဘုရားကိုတမိသည်။ “ဦးနှောက်ခေါင်းထဲတွင် ထည့်ထားခြင်းက ဦးခေါင်းကိုလေးလံစေသည်” ဒါဟာသူဆောင်ပုဒ်ပဲမဟုတ်လား။ သူ့  ဆောင်ပုဒ်ကို လိုက်နာကြောင်းပြသည့် အနေဖြင့် သူ့ နောက်လိုက်တွေ၊ ၀န်ကြီးတွေ အကုန်လုံး ဦးနှောက်ထုတ်ရောင်းခြင်းကို လုပ်လိုက်ကြသည်မှာ အုန်းအုန်းကြွက်ကြွက်။ တွေ့ ကရာ အကုန်စားသည့် ပေါက်ဖော်ကြီးတို့  တိုင်းပြည်ကတောင် ဦးနှောက်တွေ စားမကုန်ဖြစ်ကုန်လို့  ဦးနှောက် တင်ပို့ ခြင်းကို တားမြစ်လိုက်ရတာပြန်သတိရသည်။ သူ့ ဆောင်ပုဒ်မှန်ကန်ကြောင်း သူသက်သေပြနိုင်ခဲ့သည်။ ဦးနှောက်ထုတ်ထားသူမှန်သမျှ ကြီးကြီးတက်ချမ်းသာ ကုန်ကြသည်၊ ရတနာစိန်ကျောက်တွေ ပေါများလိုက်သည်မှာ ဇယ်တောက်တမ်း ကစားနိုင်သည်အထိပင်။ ဦးနှောက်ထုတ်ထားသူပင်မဆိုထားနှင့် ဦးနှောက်ထုတ်ခြင်းကို အားပေးထောက်ခံသူများပင် ခမ်းနားလှသော နေအိမ်၊ အဆောင်အယောင်၊ စီးတော်ယာဉ် များစွာ ပိုင်ဆိုင်နိုင်ကြလေသည်။ ဦးနှောက်ထုတ်ခြင်းကို လက်မခံကြသူများမှာ အောက်ခြေအလုပ်များလုပ်ကိုင်နေကြပြီး မွဲလိုက်တေလိုက်တာမှ ဖွတ်ကပင် အဘ ခေါ်ယူရသည်ထိ။ ဒီလောက်မွဲတေနေကြတာတောင် ဦးနှောက်ထုတ်ဖို့  ငြင်းဆန်နေကြတုန်း။ ဆိုးလိုက်သည့်လူတွေ။ ဒီလူတွေအစား သူရင်မောသည်။ တစ်နေ့ တစ်နေ့  ခေါင်းလေးလေးကြီးတွေ နှင့် အလုပ်လုပ်နေကြတာ ပင်ပန်းလိုက်တာ။ မျက်စိပါထုတ်ထားဖို့  သူ့ မှာ အစီအစဉ်ရှိသည်။ မျက်စိ့ မရှိတော့ လင်းမှာ မှောင်မှာ တွေးပူနေစရာမလို။ သူ့ စေတနာကို နားမလည်သော နားလည်ရခက်သည့် လူတွေကို သူအံ့အောမိတာအမှန်။ စာဖတ်နေတဲ့ကလေးကို သူတစ်ချက်ကြည့်ပြီး သူဆက်လျောက်လာခဲ့သည်။ ဘာလိုလိုနဲ့  မှောင်စပျိုးလာလေပြီ။ သူ့ အတွက်နားခိုရာနေရာတစ်ခု ရှိမှဖြစ်မည်။ အိမ်ကိုလဲ သူမပြန်တတ်တော့။ ဘယ်လိုပြန်ရမလဲ သူမသိ။ ဦးနှောက်မရှိခြင်းအား ပထမဆုံးအကြိမ် အပြစ်တင်မိသည်။ ရွာလူကြီးအိမ်ဟု ယူဆရသော ပျဉ်ထောင်အိမ်ခပ်ကြီးကြီး တစ်ခုကို သူရောက်လာသည်။ ဒီညအိပ်ဖို့ အတွက် နေစရာလိုမည်မဟုတ်လား။ ခြံဝင်းထဲသို့ ဝင်လိုက်ချိန်တွင် မှိန်ပြပြအလင်းရောင်အောက်မှာ … လူတွေ လူတွေ နဲတာမဟုတ်.. ကလေးတွေကော .. ခွေးတွေ ကြောင်တွေကအစ၊ ကျွဲနွား တိရစ္ဆာန် အဆုံး အကုန်ရောက်လို့ နေသည်။ လမ်းမှာ သူမြင်ခဲ့တဲ့ ကလေး၊ လူကြီးတွေပါ တွေ့ ရသည်။ တစ်ယောက်တစ်ပေါက် ပြောဆိုလျက်ဆူညံနေသည်။ ရွာလူကြီးဖြစ်ဟန်တူသူက “ကဲကဲ… မဆူညံကြနဲ့ တော့ဗျာ… ခေါင်းအေးအေးထားပြီးဝိုင်းစဉ်းစားကြတာပေါ့. … အားလုံးရဲ့ အရေးပဲမဟုတ်လား” အဘွားအို တစ်ဦးက “အိုး… သူကြီးရယ် နေ့ စဉ် စဉ်းစားလာကြတာ ခုဆို ၂ နှစ်ကျော်လို့  ၃ နှစ်ထဲ ၀င်လာပါပကောလား”.. မိန်းမကြီးတစ်ဦး.. “ဟုတ်ပါ့ရှင်… ခုထိ တစ်ညမှ လွတ်အောင်ပြေးနိုင်တယ် မရှိသေးဘူး” … “ဒီဝဋ်ကြွေးက လွတ်ချင်လှပါပြီရှင်”… တိရစ္ဆာန်များက ထောက်ခံသည့်သဘောကိုအသံဖြင့်ပြကြသည် “ကတော်… ကတော်… ၀ုတ်… ညောင်… ညွံ့ ၊ ဘွတ်အဲ”… နှပ်ချေးတွဲလောင်းနဲ့ ကလေးတစ်ယောက်က “ကဲကဲ… တဂျီးတို့  စဉ်းစားမှာဖြင့် မြန်မြန်စဉ်းစားကြ ဒီည ဘယ်ကိုပြေးရမှာတုန်း…” လူငယ်တစ်ယောက်…. “ညတိုင်းဘယ်ပြေးပြေး လွတ်တယ်ကိုမရှိဘူး… မနက်ကျ အလောင်းဖြစ်တာပဲ မဟုတ်လား….. ပြေးတာတော့ ပြေးနေရဦးမှာပဲ” သူကြီး “အင်းပါလေ… ကျုပ်လဲ မသိတော့လောက်အောင်ပါပဲ… ကျုပ်တို့  ဒီလိုဖြစ်နေတာကို အသိအမှတ်ပြုပြီး ကုသိုလ်ကောင်းမှု ပြုပေးမည့်သူမရှိလေတော့ ခုလို ညတိုင်းပြေးနေရဦးမှာပဲဗျာ….. ” အားငယ်စွားဆိုလေသည်။ “ဘုရား.. ဘုရား … ငါတော့ သရဲရွာကိုရောက်နေတာပဲ…” မင်းကြီးကြောက်စိတ်ဝင်သွားမိသေးသည်။ နောက်မှ “အော်… ငါလဲ ၀ိဥာဉ်ပေပဲ.. ဘာလန့် စရာရှိတုန်း… ဒီညတည်းခိုဖိုတော့ ပြောဦးဆိုဦးမှ” မင်းကြီး “ဗျိုးသူကြီး… ကျုပ်ဧည့်သည်ပါဗျ.. အိမ်လဲ မပြန်တတ်တော့လို့  တည်းခို လို့ ရနိုင်မလား” …. “ဟင်” အားလုံးဆီက အာမေဒိဋ်သံ ထွက်လာကြလေသည်။ ရွာလူကြီး “ဟင်… ခင်ဗျားဘာလို့  ဒီနေရာကိုရောက်လာရတာတုန်း… ကျုပ်တို့ က မုန်တိုင်းမိပြီး သေပြီးသားတွေ… ကုသိုလ်ပြုပေးမည့်သူမရှိလို့  အဖန်ဖန်ပြန်သေနေရတာ…. မကြာခင်မုန်းတိုင်းဝင်လာတော့မှာ ခင်ဗျား အတွက်မပြောနဲ့  ကျုပ်တို့ တောင် အိပ်စရာ၊ နေစရာရှိတာမဟုတ်ဘူး”

“ ဖူးစာရှင်ကိုရွေးတော့မည် ” from အမှောင်ထုထဲက အလင်းစက်များ

“ ဖူးစာရှင်ကိုရွေးတော့မည် ” ဦးဆင်ပေါက်သည် ဆူဆူညံညံအသံများကြောင့် အိပ်ရာမှ လန့် နိုးလာခဲ့ရသည်။ အသံချဲ့ စက်နှင့်အော်နေသော အသံများဖြစ်၏။ “ ဒီဓါတ်မှန်ကားတွေဟာ တော်တော်တရားလွန်တယ် ”ဟု မကျေမနပ်ရေရွတ်သည်။ ထို့ နောက် သူ့ တို့ လိုလူကုံထံတွေသာအသုံးပြုနိုင်ေ သာ မှို့ စစ်စစ် ဖြင့်ပြုလုပ်ထားသည့် ခေါင်းအုံးကို နားရွက်ပေါ်မှာ ဖိလိုက်ပြီး ပြန်အိပ်ဖို့ ကြိုးစားသည်။ သို့ ရာတွင် အိပ်လို့ မရတော့ ။ ထို့ကြောင့် အိပ်ရာမှထလိုက်ရပြီး ရေချိုးခန်း...သို့ ဝင်ခဲ့သည်။ နယ်လှည့်ဓါတ်မှန်ကားများသည် သူတို့ အရပ်ဒေသသို့ တစ်လနှစ်ခေါက်လောက်တော့ လာတတ်သည်။ ကြီးမားရှည်လျားသော မှန်လုံကားကြီးဖြစ်၏။ အစိမ်းရင့်ရောင်မှန်များ တပ်ဆင်ထားသည်။ ရောဂါရှာဖွေရေး ကိရိယာ အပြည့်အစုံနှင့် ဓါတ်ခွဲခန်းလည်းပါဝင်သည်။ သူတို့ ဆီမှာတော့ ဓါတ်မှန်ကား ဟူသာ အလွယ်တကူခေါ်ကြသည်။ ဒီကားတွေရောက်လာပြီဆိုလျှင် အသံချဲ့ စက်ဖြင့်အော်ဟစ်ကြော်ငြာတတ်သည်။ အမှန်အားဖြင့်တော့သူတို့ နေရာမှာ ဆိတ်ငြိမ်ရပ်ကွပ်ဖြစ်၏။ ဆူဆူညံညံမလုပ်ရ။ သန့် ရှင်းလက်ဆတ်သော လေကောင်းလေသန့် ကိုထိခိုက်စေနိုင်သည်။ ဒီဇယ်ကား ၊ ဓါတ်ဆီကားမ၀င်ရ။ လောင်စာဆဲဓါတ်အိုး၊ နေရောင်ခြည်စွမ်းအင်စသည် တို့ အသုံးပြုသော ယာဉ်များသာ ၀င်ခွင့်ပြုသည်။ ဓါတ်မှန်ကားတွေကတော့ လျှပ်စစ်ကားဖြစ်တာက တစ်ကြောင်း၊ ကျန်းမာရေး အထောက်အကူပြုသည်ဆိုသော အကြောင်းပြချက်ကြောင့်တစ်ကြောင်း ၀င်ခွင့်ရခြင်းဖြစ်သည်။ ရှားရှားပါးပါး အသံချဲ့ စက်အသုံးပြုခွင့်ရသော လုပ်ငန်းလည်းဖြစ်၏။ မျက်နှာသစ်နေစဉ်မှာလည်း သူတို့ အသံကို ကြားနေရသည်။ “ ဟုတ်ကဲ့ခင်ဗျာ၊ အာရောဂျံ ပရမံ လာဘံဆိုတဲ့ ရှေးကဆိုရိုးစကားအတိုင်း ကျန်းမာရေးဟာ လာဘ်ကြီးတစ်ပါးပါပဲ။ လူဟာ အပြင်ပန်းက ကောင်းနေတယ်ထင်ရပေမယ့် ခန္ဓာကိုယ်တွင်းမှာ အလစ်တိုက်ခိုက်ဖို့ ပုန်းအောင်းနေတဲ့ ရောဂါတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူကြပါနဲ့ ။ စောစောသိရင် ကုသလို့ ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ က နောက်ဆုံးပေါ်စက်အသစ်ကြီးများနဲ့ စုံစမ်းဖော်ထုတ်ပေးပါမယ်။ ဆီး ၊ ၀မ်း ၊ သွေး ၊ သလိပ်အဖြေကို စက္ကန့် ပိုင်းအတွင်း တိကျစွာ သိနိုင်ပါတယ်။ ဒစ်ဂျစ်တယ် ဓါတ်မှန်များလည်း ရိုက်ကူးပေးပါတယ်။ ဟော ..ငြီးစီစီဖြစ်နေသလား၊ အီးစီဂျီ ဆွဲကြည့်လိုက်ပါ။ ကင်ဆာလို့မသကာင်္ရင်လည်း စကင်နာလေးရိုက်ကြည့်လိုက်ပေါ့ခင်ဗျာ” ဟု ကာရံတွေ နဘေတွေနဲ့ ပြောနေသေးသည်။ ညတုန်းက “ ဟိုကိစ္စ” ကိုစဉ်းစားရင်း တော်တော်နှင့်အိပ်မပျော်ခဲ့။ ခုလည်းမနက်အစောကြီးမှာ ဓါတ်မှန်ကားကြောင့် လန့် နိုးလာခဲ့ရ၏။ အိပ်ရေးမ၀သဖြင့် လူက မလန်ဆန်း မျက်လုံးတွေတောင် ဝေချင်နေသည်။ သို့ ရာတွင် စားပွဲပေါ်မှာ ပြင်ဆင်ထားသော နံနက်စာကိုမြင်လိုက်သောအခါမှာတော့ ဗိုက်ထဲက ဆာလာသည်။ အုန်းသီးဖတ် နုနုလေးတွေဖြူးထားသော ကောက်ညှင်းငချိတ်ပေါင်း၊ စားတော်ပဲပြုတ်ဆီဆမ်း၊ မတ်ပဲဘယာကြော် ၊ ငါးရံ့ခြောက်ဖုတ်၊ ကြာရိုးဟင်းခါး၊ ရွှေငှက်ပျော်သီး၊ ဆိတ်နို့ ။ ကြယ်ငါးပွင့်ဟိုတယ်ကြီးတွေမှာမှ ရနိုင်သော နံနက်စာမျိုးဖြစ်၏။ ဒါတောင် ကြာရိုးဟင်းခါးလိုမျိုးက ကြိုတင်အော်ဒါမှာထားရမည်။ ခုချိန်မှာ သူတို့ လိုငွေကြေးအလွန်ကြွယ်ဝချမ်းသာသူတို့ သာ ဒီလိုအစားအစာမျိုးကို သုံးဆောင်နိုင်သည်။ သနပ်ခါးပန်းနံ့ သင်းထားသော လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့ သောက်လိုက်ပြီးသောအခါ ခေါင်းထဲက ကြည်လင်လန်းဆန်းလာသည်။ ငါးရံ့ခြောက်ဖုတ် တစ်ဖက်ကို ယူပြီးမြုံ့ လိုက်သည်။ နှမ်းဦးဆီဆမ်းထားသဖြင့် မွှေးပြီးချိုမြနေသည်။ ဒီငါးရံ့ခြောက်မှာ နှယ်နှယ်ရရမဟုတ်။ အင်းထဲမျာ အလိုအလျောက်ရှားရှားပါးပါး ပေါက်ဖွားနေသော ငါးရံ့ကို သဘာဝနေရောင်ခြည်ဖြင့် အခြောက်လှန်းထားတာ။ သူတို့ နှင့်စီးပွားဖက်ဖြစ်သော “ ပျဉ်ပုံကြီး ထရေးဒင်းကုမ္ပဏီ ” မှ အမြတ်တနိုးထားပြီး လက်ဆောင်ပေးခဲ့ခြင်းဖြစ်၏။ စားကောင်းသောက်ဖွယ်တွေကို အရသာခံ စားနေရင်းက သမီးအလတ်မကို သွားသတိရလိုက်မိ၏။ ဒီကောင်မက အစားကောင်းကြိုက်တတ်သည်။ သို့ ရာတွင် အခုချိန်လောက်ဆို အလတ်မသည် မြို့ ပေါ်ရှိ မွန်းကျပ်နေသော တိုက်ခန်းကျဉ်းကလေးထဲမှာ ဂျနက်တစ်ပေါင်မုန့် ၊ ဓာတုဗေဒထောပတ်နှင့်အသားတုတို့ ကို ကြိတ်မှိတ်မျိုချနေရရှာပေလိမ့်မည်။ သိပ်မိုက်တဲ့ ကလေးမပဲဟု စိတ်မကောင်းစွာတွေးရင်းသက်ပြင်းတစ်ချက်ချမိသည်။ မြေနေရာတွေ ရှားပါးလာသည်။ မြေဈေးတွေက ခေါင်ခိုက်နေသည်။ အလွန်အမင်း ချမ်းသာကြွယ်ဝသူတွေသာ ခြံနှင့်ဝင်းနှင့်နေနိုင်သည်။ အထူးသဖြင့် ကျေးလက်ဒေသရှိရွာတွေမှာ နေခွင့်ရဖို့ ဆိုတာ သာမန်လူများအတွက် အိပ်မက်တောင်မမက်နိုင်။ လူလတ်တန်းစားများ၊ ၀န်ထမ်းများ ၊ အခြေခံလူတန်းစားများသည် မြို့ ပေါ်ရှိ အထပ်ပေါင်းများစွာမြင့်သော တိုက်ခန်းများမှာ နေကြသည်။ လက်လုပ်လုပ်စား ဆင်း၇ဲသားတွေကတော့ မြေအောက်ထပ်အခန်းများမှာ နေကြရ၏။ မြေနေရာအခက်အခဲကြောင့် မြို့ ပေါ်မှာ အဆောက်အဆုံဆောက်လျှင် အနည်းဆုံးအထပ်ငါးဆယ်ရှိရသည်။ တိုက်ကြီးတွေက မိုးထိုးနေသဖြင့် လမ်းပေါ်မှာ သွားလာနေသော သူတို့ မှာ မွန်းတည့်ချိန်ဝန်းကျင်လောက်မှသာ နေရောင်ကို မြင်ရသည်။ လူတွေနေဖို့ မြေကွက်လပ်မကျန်အောင် ဆောက်လုပ်ထားရသောကြောင့် သစ်ပင်တွေအတွက်တောင် နေရာမရှိတော့။ လူတွေကပြွတ်သိပ်ကျပ်တည်းနေသည်။ အသက်ရှူထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေတွေကို စုပ်ယူပြီး အောက်ဆီဂျင်နှင့်ဖလှယ်ပေးမည့် သစ်ပင်တွေက မရှိတော့။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်နှုန်း အလွန်မြင့်မားလာသည်။ ထို့ ကြောင့် အောက်ဆီဂျင်ထုတ်လွှတ်ပေးသော စက်တွေကို နေရာအနှံ့ အပြားမှာ တပ်ဆင်ထားရသည်။ ဒါတောင် လုံလောက်မှုမရှိ။ လူတို့ သည် ထိုစက်တွေအနားရောက်မှ အသက်ဝအောင် အလုအယက်ရှူနေကြရသည်။ မြေအောက်ထပ်တွေမှာ နေကြရသော ဆင်းရဲသားတွေဆိုလျှင် အောက်ဆီဂျင်ချို့ တဲ့သော ရောဂါကြောင့် အသားအရေပြာနှမ်းနှမ်း ဖြစ်နေကြရှာသည်။ တတ်နိုင်သူတွေကတော့ ကိုယ်ပိုင် အောက်ဆီဂျင်ဘူးများ ဆောင်ထားကြသည်။ အားလပ်ရက်တွေကျမှ မြို့ ပြင်ထွက်ပြီး လေကို တ၀ကြီး ရှူကြရ၏။ ငွေကြေးကြွယ်ဝသူတွေကတော့ မြို့နှင့်ဝေးရာမျာ သွားနေကြသည်။ မြို့ ကြီးနှင့်ဝေးလေ မြေဈေးကကြီးလေပင်ဖြစ်၏။ ဦးဆင်ပေါက်တို့ နေသော ရွာသည် မြို့ နှင့် ကီလိုမီတာ ငါးဆယ်လောက်ဝေးသည်။ ဒီလိုနေရာမျိုးမှာ နေခွင့်ရဖို့ မလွယ်။ ငွေရှိရုံနှင့် လည်း မရ။ ဂုဏ်သရေရှိ လူကြီးလူကောင်း ဖြစ်ဖို့ လည်း လိုသေးသည်။ ဒီရွာမှာ အိမ်တိုင်းလိုလိုခြံနှင့်ဝင်းနှင့်ဖြစ်၏။ သစ်ပင်တွေ က အုံ့ အုံ့ ဆိုင်းဆိုင်း ကြည်လင်သော ကောင်းကင်ပြာကိုမြင်နိုင်သည်။ နေရောင်ခြည်ကို ကောင်းစွာရသည်။ လေထုက အနံ့ အသက် ကင်းစင်ပြီး သန့် ရှင်း လတ်ဆတ်နေသည်။ ဒီထဲကမှ ဦးဆင်ပေါက်တို့ အိမ်သည် ထိပ်တန်းအဆင့်ထဲမှာ ပါသည်။ သဘာဝ ကျွန်းတိုင်လုံးကြီးများနှင့် ဆောက်လုပ်ထားခြင်းဖြစ်၏။ အကာက ပေပျဉ်ကြီးတွေ အမိုးကလည်း ပျဉ်အုပ်ကြွပ်တွေကိုသာ အသုံးပြုထားသည်။ ရေနံဝနေအောင် သုတ်ထားသဖြင့် မည်းနက်ညိုမှိုင်းနေသည်။ တကယ့်သဘာဝပစ္စည်းတွေချည်း အသုံးပြုထားခြင်းဖြစ်၏။ ကျွန်းတိုင်လုံးတစ်လုံး၏ တန်ဖိုးကပဲ ကာလပေါက်ဈေး “ဂလိုဘယ်ငွေ” တစ်သောင်းလောက်တန်သည်။ တော်ရုံလူမဆိုထားနဲ့ သူတို့ လူကုံထံအချင်းချင်းတောင် အားကျမက်မောရသောအိမ်ကြီး ဖြစ်၏။ နိုင်ငံခြားကလာသော ကမ္ဘာလှည့်ခရီးသည်တွေလည်း သူတို့ အိမ်ကို တကူးတက လာကြည့်ပြီး လေ့လာကြသည်။ ကျွန်းတိုင်လုံးကြီးများကို တအံ့တသြ ပွတ်သပ်ကြည့်ကြပြီးနောက် “ ဒါက အိမ်မဟုတ်ဘူး။ နန်းတော်ကြီးပဲ” ဟုဆိုကြသည်။ ရုပ်မြင်သံကြားမှ နေရှင်နယ် ဂျော်ဂရပ်ဖစ်ချန်နယ်ကတောင် ဒီအိမ်ကြီးအကြောင်း ထုတ်လွှင့်ပြသခဲ့သေးသည်။ံခုလိုချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်နေခြင်းကပင် ဦးဆင်ပေါက်တို့ အတွက် စိုးရိမ်ပူပန်စရာကိစ္စတွေ ပေါ်ပေါက်လာခြင်း ဖြစ်၏။ သူခိုး ဓါးပြရန်ကို ကြောက်ရခြင်းမဟုတ်။ အခိုးခံရတာ အတိုက်ခံရတာက တခါပါသွားပြီးလျှင် ပြီးပြီ။ ခုဟာကတော့ တသက်လုံး ဆုံးရှူံးရမည့် အန္တရာယ် ဖြစ်၏။ တခြားမဟုတ်၊ သားသမီးများ၏ အိမ်ထောင်ရေးကိစ္စပင် ဖြစ်လေ၏။ သူ့ မှာ သားသမီး သုံးယောက်ရှိ၏။ သားကြီးကတော့ သိတတ်လိမ္မာသည်ဟု ဆိုရမည်။ စာလည်းတော်သည်။ ဆယ်တန်းကို ဂုဏ်ထူးဆယ်ဘာသာဖြင့် အောင်သည်။ ( စုစုပေါင်း ဆယ့်နှစ်ဘာသာ ရှိ၏ ) အမှတ်တွေကလည်း အလွန်ကောင်းသည်။ ထို့ ကြောင့် စိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးတက္ကသိုလ် အဏ္ဏ၀ါ တက္ကသိုလ်စသော ထိပ်တန်းအဆင့် တက္ကသိုလ်ကြီးတွေ တက်ခွင့်ရဖို့ အဆင့်မီသည်။ အမှတ်နည်းနည်းလေးဖြင့် အောင်ရုံလောက်သာ အောင်တဲ့လူတွေကတော့ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်စသော သာမန်အဆင့်တက္ကသိုလ်တွေကိုသာ တက်ခွင့်ရကြသည်။ ( ထိုတက္ကသိုလ်များမှ သိပ်အသုံးမ၀င်တော့သော ဘာသာရပ်များဖြစ်သဖြင့် ကောလိပ်အဆင့်သို့ လျှော့ချလိမ့်မည်ဟု သတင်းကြားရသည် ) သားကြီးက မိဘလုပ်ငန်းနှင့်သက်ဆိုင်သော အဏ္ဏ၀ါတက္ကသိုလ်တက်သည်။ မစ္ဆဗေဒအထူးပြုဘာသာရပ်ဖြင့် မဟာသိပံ္ပဘွဲ့ ကို ရရှိခဲ့သည်။ ထို့ နောက် မိဘလက်ငုတ်ဖြစ်သော ငါးဖမ်းလုပ်ငန်းကို ၀င်လုပ်သည်။ သူ၏ကြိုးစားမှုကြောင့် လုပ်ငန်းမှာ ဆထက် ထမ်းပိုးအောင်မြင်ကြီးပွားလာခဲ့ခြင်းဖြစ်၏။ အိမ်ထောင်ပြုတော့လည်း ဂုဏ်သရေရှိ လယ်သမားကြီးတစ်ဦး၏ သမီးနှင့် လက်ထပ်ခဲ့သည်။ မင်္ဂလာဆောင်တွင် ယောက္ခမများက သစ်ဆိပ့်ပင် ဧကငါးဆယ်နှင့် မက္ကဒေးမီးယား ဧက ငါးဆယ်လက်ဖွဲ့ ခဲ့သည်။ မြေဆယ်ဧက လောက်ပိုင်ရင်ပဲ လူချမ်းသာ စာရင်းဝင်နေတဲ့အချိန်မှာ ဒီမြေတွေအများကြီး လက်ဖွဲ့ နိုင်တယ်ဆိုကတည်းက ချမ်းသာကြွယ်ဝမှု အတိုင်းအတာကိုခန့် မှန်းလို့ ရနေပြီ။ သားကြီးအတွက် ကျေနပ်အားရနေဆဲမှာပင် သမီးအလတ်မက မိဘရင်ကျိုးအောင် စုံကန်ပြီးထွက်သွားလေသည်။ မဖြစ်သင့်တာ မဖြစ်ရလေအောင် ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းနေတဲ့ကြားက သူ့ သဘောနှင့်သူ အမိုက်ဇာတ်ခင်းသွားခြင်းဖြစ်၏။ ကန်စွန်းခင်းအမြောက်အမြားပိုင်ဆိုင်သော သူ့ မိတ်ဆွေလူကုံထံတယောက်၏ သားနှင့်လက်ထပ်ပေးရန် စီစဉ်နေဆဲအချိန်မှာပင် အလတ်မသည် ကွန်ပြူတာ ပရိုဂမ်မာလေး တယောက်နှင့်ခိုးရာလိုက်ပြေးသွားသည်။ မိဘတွေရဲ့ အထက်တန်းလွှာ တံငါသည်မျိုးရိုး ဂုဏ်သိက္ခာကိုမှ မထောက်ထားဘဲ ဘာမဟုတ်တဲ့ ကွန်ပြူတာစာရေးလေးကိုမှ ယူရကောင်းလားဆိုပြီး အမေလုပ်တဲ့လူက အမွေပြတ်ကြေငြာစွန့် လွှတ်ထားခဲ့သည်။ ဦးဆင်ပေါက်ကတော့ နည်းနည်းပျော့ပျောင်းချင်သည်။ စားကောင်းသောက်ဖွယ်များ စားရသော အခါ သမီးလတ်ကိုသတိရမိ၏။ တခါတရံကျလျှင် သူတို့ ရွာဘက်သို့ မြို့ ကတက်လာသော ပျံကျကွန်ပြူတာသမား တယောက်တလေ ရောက်ရှိလာတတ်သည်။ ပစ္စည်းကိရိယာတွေ ထည့်ထားသော အိတ်ကြီးကို လက်ကဆွဲ၊ နေပူကျဲကျဲမှာ ချွေးသံတရွှဲရွှဲ လျှောက်သွားရင်း “ ကွန်ပြူတာတွေပြင်တယ်၊ ဟဒ်ဝဲတွေ အပ်ဂရိတ်လုပ်ပေးတယ်၊ နောက်ဆုံးပေါ် ဆော့ဖဲဝဲတွေ တင်ပေးတယ်” ဟုအော်သွားသောအသံကို ကြားရတဲ့အခါတိုင်း မြို့ ပေါ်မှာ ဆင်းဆင်းရဲရဲချို့ ချို့ တဲ့တဲ့  နေရရှာသော သမီးလတ်ကို မြင်ယောင်ပြီး စိတ်မကောင်းဖြစ်၇၏။ သူ့ ဆန္ဒအရဆိုလျှင် အမေလုပ်တဲ့လူကို ဖျောင်းဖျပြောဆိုပြီး ပြန်ခေါ်ထားချင်သည်။ သို့ ရာတွင် အဘွားကြီး က အတော်စိတ်နာနေသည်။ တလောက လာကန်တော့ကြတာကိုတောင် ထွက်အတွေ့ မခံဘဲနေသည်။ ကောင်လေးကိုလည်း ကြီးပွားတိုးတက်စရာလမ်းမမြင်သော ကွန်ပြူတာအလုပ်ကထွက်ပြီး သူတို့ ငါးလုပ်ငန်းထဲမက သင့်တော်ရာနေရာမှာ အလုပ်ပေးထားရကောင်းမလား စဉ်းစားခဲ့ဖူးသည်။ သို့ ရာတွင် ဖြစ်နိုင်မှာမဟုတ်။ ကောင်လေးရဲ့ပုံက မြို့ ကျလွန်းသည်။ နေရောင်ခြည်ဓါတ်ချို့ တဲ့သဖြင့် အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ ကွန်ပြူတာရှေ့ မျာပဲ နာရီပေါင်းများစွာ ထိုင်လုပ်နေရသောကြောင့်လည်း အညောင်းမိပြီး ပိန်ညောင်ညောင် ကုပ်ချိချိဖြစ်နေ၏။ မျက်စိအမြင်အာရုံ ထိခိုက်ခဲ့သောကြောင့် မျက်ကြည်လွှာအတုတပ်ထားရတာကလည်း သိသာသည်။ ဘယ်နေရာမှ သုံးစားလို့ ရမည့်ပုံမပေါ်။ သင်းတို့ ထိုက်နဲ့ သင်းတို့ ကံပဲ၊ ကလေးရလာတဲ့အခါကျလျှင်တော့ အိမ်က အဘွားကြီး စိတ်ပြေသွားပါစေဟု မျှော်လင့်ဆုတောင်းဖို့ သာ ရှိတော့သည်။ ခုလောလောဆယ်မှာ စိုးရိမ်ပူပန်နေရတာကတော့ သမီးအငယ်လေးအတွက်ဖြစ်၏။ အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်ထားကြသည်။ အမေလုပ်သူရဲ့ အသဲကျော်လည်းဖြစ်၏။ နွဲ့ ဆိုးဆိုးတတ်သလို ခေါင်းကျောလည်းမာသည်။ သူ့ အမကိစ္စတုန်းကလည်း “ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်ခွင့်ရဖို့ က အရေးအကြီးဆုံးပဲ” ဟုပြောပြီး ဟိုဘက်ကို ထောက်ခံချင်ခဲ့သူဖြစ်၏။ ဆယ်တန်းအောင်တော့ သူတို့ လုပ်ငန်းနှင့်ဘယ်လိုမှမပတ်သက်သော ဘာသာဗေဒတက္ကသိုလ် သွားတက်သည်။ ပျူဘာသာအထူးပြုယူသည်။ ပျူစကားတတ်တော့ ဘယ်နေရာမှာသွားသုံးမလဲ။ စကားပြန်လုပ်ရအောင် ပျူလုပ်ငန်းရှင်တို့  ပျူတိုးရစ်တို့ ဆို တာမျိုးရှိတာလည်းမဟုတ်။ အခုခေတ်ကလေးတွေက စိတ်ကူးတည့်ရာလုပ်နေကြတာပဲလားမသိ။ ဘာပဲဖြစ်ဖြစ် အလိုလိုက်လက်စနဲ့ သူလုပ်ချင်တာလုပ်ခွင့်ပေးထားရသည်။ ထားတော့ ဒါတွေက သိပ်အရေးမကြီး။ သမီးငယ်ကို အလုပ်ထဲမှာခိုင်းဖို့ ရည်ရွယ်ချက်လည်းမရှိ။ စိတ်ပူတာက သမီးလတ်၏လမ်းစဉ် လိုက်သွားမှာကိုသာ ဖြစ်၏။ ယုံရတာမဟုတ် မတော်တဆ အင်ဂျင်နီယာတို့ ဆရာဝန်တို့ လိုလူမျိုးနဲ့ ဖြစ်သွားခဲ့လျှင် သူ့ အမေရင်ကျိုးရလိမ့်မယ်။ ခုချိန်မှာ အင်ဂျင်နီယာဆိုတာက သိပ်အရေးမပါလှတော့။ အဆောက်အအုံတစ်ခု ဆောက်ချင်လျှင် ကိုယ်ကြိုက်တဲ့ပုံစံပြော၊ ဒါမှမဟုတ် ကတ်တလောက်ထဲက လိုချင်တဲ့ပုံကို ရွေးလိုက်ရုံသာဖြစ်၏။ ဆောက်လုပ်ရေးကုမ္ပဏီက အသင့်ပြုလုပ်ထားသော အစိတ်အပိုင်းများကိုသယ်ယူလာပြီး ဆယ့်ငါးရက်အတွင်း အပြီးတည်ဆောက်ပေးနိုင်သည်။ အင်ဂျင်နီယာဆိုတာက အစိတ်အပိုင်းတွေကို သူ့ နေရာနှင့်သူအမှတ်စဉ်အတိုင်းတပ်ဆင်ပေးရုံသာဖြစ်၏။ တချို့ ကုမ္ပဏီတွေဆိုလျှင် အင်ဂျင်နီယာတောင်မငှားတော့။ ရိုဘော့စက်ရုပ်တွေနဲ့ သာ လုပ်ကိုင်ကြတော့သည်။ ထို့ ကြောင့် အင်ဂျင်နီယာတွေအတွက် အလုပ်အကိုင်ရှားပါးလာသည်။ သူတို့ ထက်စာလျှင် လက်သမားပညာ ဒီပလိုမာဘွဲ့ ရသူတွေကမှ အလုပ်ဖြစ်သေးသည်။ ဆရာဝန်ဆိုတာကလည်း ဒီလိုပဲ။ ခုချိန်မှာ သိပ်မစားသာတော့။ ကျန်းမာရေးကိစ္စအတွက် ဆရာဝန်ကို အားကိုးနေစရာမလို။ ဓါတ်မှန်ကားတွေလာတဲ့အခါ စစ်ဆေးကြည့်နိုင်သည်။ ဒါမှမဟုတ် ကျန်းမာရေးစင်တာတွေကို သွားလို့ ရသည်။ ခေတ်မှီစက်ကိရိယာများဖြင့် အလိုအလျှောက် စမ်းသပ်ကုသပေးနိုင်သည်။ ဆေးဝါးတွေကလည်း အလွန်အစွမ်းထက်လာသဖြင့် တော်ရုံရောဂါဆိုလျှင် ဆေးတစ်လုံးသောက်ရုံနှင့်ပျောက်သည်။ ငွေကြေး သိပ်မတတ်နိုင်သော ဆင်းရဲသားတွေလောက်သာ ဆရာဝန်ဆီသွားပြီး ကုသကြသည်။ ထို့ ကြောင့် ဆရာဝန်အလုပ်မှာ ၀င်ငွေသိပ်မကောင်းလှဘဲ ရရစားစားဖြစ်နေ၏။ ဆရာဝန်ပေါက်စလေးတွေဆိုလျှင် ဆေးအိတ်ကိုဆွဲပြီး ခြေတိုအောင် လူနာလိုက်ရှာရသည်။ အိမ်ပေါက်စေ့ တံခါးလိုက်ခေါက်ရင်း “ အန်တီ သွေးပေါင်ချိန်ဦးမလား ခင်ဗျာ ဟိုအန်ကယ်ကြီး ကြည့်ရတာ အားနည်းနေတယ်ထင်တယ်။ အိုင်ဗီလေးတစ်ချောင်းလောက်သွင်းလိုက်ပါလား။ ပုလင်းကြီးချိတ်မယ်ဆိုရင်တော့ ဗိုက်ယာဂရာ ဆေးတစ်လုံးလက်ဆောင်ပေးပါတယ်” ဆိုပြီး စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရရှာသည်။ ဒီကြားထဲမှာ တချို့ အိမ်တွေက အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး အော်ငေါက်လွှတ်တတ်ကြသေးသည်။ တချို့ တိုက်ခန်းတွေကတော့ “ဆရာဝန်နှင့် အလှုခံမ၀င်ရ” ဆိုသော ဆိုင်းဘုတ်ကို လှေကားရင်းမှာ ချိတ်ဆွဲထားကြသည်။ ထိုကိစ္စတွေကို သိနေ ကြားနေရသောကြောင့် ဦးဆင်ပေါက်တို့ ဇနီးမောင်နှံမှာ သမီးအတွက် စိုးရိမ်ပူပန်ပြီး ညအိပ်မပျော်နိုင်ဖြစ်နေရခြင်းပါပဲ။ သမီးငယ်က ဖုန်းဆက်အကြောင်းကြားထားသည်။ အိမ်ကိုဧည့်သည်တယ်ယောက်ခေါ်လာမည်။ အဖေတို့ အမေတို့ နှင့် တွေ့ ဆုံမိတ်ဆက်ပေးချင်လို့ ဟုဆိုသည်။ သူ့ ချစ်သူကို မိဘတွေဆီလာပြခြင်း ဖြစ်ကြောင်းခန့် မှန်းလို့ ရသည်။ ထို့ ကြောင့်လူကြီးနှစ်ယောက်မှာ စိတ်လှုပ်ရှားနေကြသည်။ အမေကြီးဆိုလျှင် အငြိမ်မနေနိုင်ဘဲ အိမ်ရှေ့ ထွက်မျှော်လိုက် အိပ်ခန်းထဲဝင်လိုက် ဧည့်ခန်းမှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်လိုက် ဖြစ်နေ၏။ ဦးဆင်ပေါက်ပင်လျှင် နာရီကို မကြာခဏလှမ်းကြည့်မိ၏။ နောက်ဆုံးတော့ အမေကြီးလည်း မောလာပြီး ဧည့်ခန်းက ကြိမ်ပက်လက်ကုလားထိုက်ကြီးပေါ်ထိုင်နားလိုက်ရသည်။ ထိုစဉ်မှာပင် ကြိုးကြာငှက်မြည်သံကဲ့သို့ ကြားလိုက်ရသည်။ လျှပ်စစ်ကားဟွန်းသံပင်ဖြစ်၏။ “ ဟော ” အမေကြီး ထရပ်မည်ပြုသည်။ ဦးဆင်ပေါက်က လက်ကာပြပြီး တားလိုက်၏။ ဧည့်သည်က ဘယ်လိုလူမှန်းမသိသေးပဲနဲ့ ကိုယ့်ဘက်က သိပ်ပျူငှာပြဖို့ မသင့်ဟု သတိပေးလိုက်ခြင်းဖြစ်၏။ “ အဖေ၊ အမေ ” သမီးငယ်က အော်ခေါ်ရင်းဝင်လာသည်။ ဧည့်ခန်းဝမှာ ခဏရပ်ပြီး နောက်ကိုလှည့်ကြည့်ရင်း “ လာလေ ” ဟုပြောသည်။ လူငယ်တစ်ယောက်နောက်မှ လိုက်ဝင်လာသည်။ အသားညိုညို အရပ်အမောင်းကောင်းကောင်း တောင့်တင်းသန်မာသော ကိုယ်ခန္ဓာရှိသည်။ ဥပဓိရုပ်ကတော့ မဆိုးဘူးဟု ဦးဆင်ပေါက်စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ ကုလားထိုင်များမှာ ထိုင်မိကြပြီးနောက် ထပ်ပြီးအကဲခတ်ကြည့်လိုက်ပြန်သည်။ တစ်နေရာရာမှာ တွေ့ ဖူးခဲ့တာလား အသိမိတ်ဆွေတစ်ယောက်နဲ့ တူနေတာလား မအောင့်နိုင်တော့သဖြင့် ဖွင့်မေးလိုက်ရသည်။ “ နေစမ်းပါဦးကွ၊ မင်းကို ငါ ရင်းရင်းနှီးနှီး သိနေသလိုပဲ။ ဘယ်မှာမြင်ဖူးတာလဲ မသိဘူး” သမီးငယ်က ရယ်လိုက်ပြီး “ ရုပ်မြင်သံကြား ထဲမှာ ခဏခဏ မြင်ဖူးနေတာလေ ” “ ဟေ….ဘယ်လိုကွယ့် ” “ သူက နာမည်ကျော်ဘောလုံးသမားလေ ” ကောင်လေးကပါ ၀င်၍ သူ့ ကိုယ်သူ မိတ်ဆက်သည်။ “ကျွန်တော် တိုးလှိုင်ဝင်းပါ ခင်ဗျာ ” ဒီတော့မှ ဦးဆင်ပေါက်သည် သူ့ ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်ပြီး “ ဟာ ..ဟုတ်တာပေါ့ ကြည့်စမ်း ငါ့တူက အပြင်မှာ ပိုပြီးတော့တောင် ကြည့်ကောင်းနေသေးတယ် ” တိုးလှိုင်ဝင်းက ရှက်ပြုံးပြုံးသည်။ ဦးဆင်ပေါက်က အားတက်သရောဟန်ဖြင့် ဆက်ပြောနေသည်။ “ အေးကွာ..ပြီးခဲ့တဲ့ စနေနေ့ ကပွဲမှာ မင်းကန်သွင်းလိုက်တဲ့ ဖရီးကစ်ကတော့ မျက်စိထဲကကို မထွက်နိုင်အောင်ပါပဲ။ ဒါနဲ့ မင်းကလပ်အသင်းက စာချုပ်သက်တမ်မးတို့ ဖို့ ကိစ္စကကော ဘယ်လိုအခြေအနေရှိလဲ “ “ ဟုတ်ကဲ့ ကျွန်တော်က လစာတိုးတောင်းထားတာကို အုပ်ချုပ်ရေးမှုးအဖွဲ့ က သဘောတူတယ်ဆိုရင်တော့ အဆင်ပြေမှာပါ” “ သဘောတူမှာပါကွာ သူတို့ မင်းကို လက်မလွှတ်နိုင်ပါဘူး” အမေကြီးက ဘုမသိဘမသိ ၀င်ပြီး ခေါင်းညိတ်သည်။ “ အေးကွာ..ဦးတို့ ကိုလည်း ဆွေမျိုးရင်းချာလို သဘောထားပြီး ဆက်ဆံဝင်ထွက်နိုင်ပါတယ်” ဦးဆင်ပေါက်က အမေကြီးဘက်လှည့်ကြည့်ပြီး တစ်စုံတစ်ခုဝင်ပြောဖို့ အရိပ်အကဲပြသည်။ အမေကြီးက “ အေးကွယ် ရောက်တုန်းရောက်ခိုက် ညနေစာ ထမင်းစားပြီးမှပြန်ပေါ့။ အတော်ပဲဟေ့ မနက်ကပဲ မင်းတို့ အစ်ကိုကြီးက အိတ်စပို့ ကွာလတီ ငါးပိရည်စစ်စစ်တစ်အိုး ပို့ လိုက်သေးတယ်။ ငါ့တူတော့ စားရကံကြုံတာပဲ“ သမီးငယ်၏ မျက်နှာသည် ၀မ်းသာမှုအရှိန်ကြောင့် ၀င်းလက်တောက်ပသွားသည်။ အခုလို ငါးပိရည်စစ်စစ်ဖြင့် ကျွေးမွေးဧည့်ခံတယ်ဆိုကတည်းက တိုးလှိုင်ဝင်းကို ဂုဏ်သရေရှိအထူးဧည့်သည်တော်အဖြစ် လက်ခံအသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ထင်ရှားနေပြီမဟုတ်လား။

Sunday 17 November 2013

ကြောင်ရောဂ၊ အိုင်အက်စ်အို နှင့် ထိုင်းများ ကလေးထိန်းခြင်း အကြောင်း။

သောကြာနေ့ က ISO - International Standard အတွက် အာပလာရွှီး အတိုင်ပင်ခံ အဖြစ်လိုက်ပါသွားသည်။ စနစ်တစ်ခုထဲမှာ လည်ပတ်နေသော နိုင်ငံ တစ်ခု မှာ ဘယ်အရာ မဆို Standard ဆိုတာ လိုလာပါသည်။ ထုတ်ကုန် စက်ရုံ ဆောက်ပြီး ကုန်ကြမ်းသွင်း ကုန်ချော ထုတ် ဆိုတာနှင့် မလုံလောက်ပါ။ အရာအားလုံးသည် စနစ် တစ်ခုထဲမှာ စက်ဝိုင်းပုံစံ လည်အောင် ပြုလုပ်နိုင်မှသာ ပြသနာ ပေါင်းစုံကို ရင်ဆိုင်နိုင်ပေမည်။ စနစ်သည် စက်ဝိုင်း မဟုတ်ပဲ ဇစ်ဇတ်လို ဟိုပြေး သည်ပြေး ဖြစ်နေပါက လုပ်ငန်းသည် ရေရှည် မတည်တန့်  နိုင်ချေ။ (ဒါတွေကို ဘဘ ပုဆိုးဝတ်များ သိဖို့ လိုပါသည်)။

စက်ရုံ ရေမနစ်အောင်၊ မီးမလောင်အောင် စနစ်ဖွဲ့ ရသည်။ စက်ရုံမီးလောင်၊ ရေမြုပ်ပါကလည်း လုပ်ငန်းရှင် အလုပ်သမား မနစ်နာအောင် အာမခံခြင်း ဖြစ်စဉ်တွေ သူ့ စနစ်နှင့် သူ လည်ပတ်ရသည်။ ပိုပိုပြီး တိုးတက်တဲ့ နိုင်ငံ ဖြစ်လာလေလေ စနစ် ဆိုတာ ပို အနု့ စိတ်လာ လေလေ ဖြစ်သည်။ စက်ရုံက ထုတ်တဲ့ ပေါင်မုန့်  တစ်ခုမှာ ဆံပင်ချည် တစ်လက်မ ပါလာလို့  ၀ယ်လက်က ကွန်ပလိမ့် တက်သော အခါ မည်သို့  ကိုင်တွယ်ရမည် က အစ စနစ်တွေ ရှိရလေသည်။

လုပ်ငန်းရှင်ကောင်သည် ပြင်သစ်ကောင် ဖြစ်လေရာ သောက်ကြောက မာလွန်းလှသည်။ အမေရိကန်မှာ ဆယ်စုနှစ် တစ်ခု ဖြတ်သန်းခဲ့သည် ပြင်သစ်ကောင် သည် ဘိုစကားကို အတော်ပင် မွတ် လှသော်လည်း ယဉ်ကျေးသော အသုံး အနှုန်းများကို မူ သင်လာခဲ့ပုံ မရချေ။ (သို့ မဟုတ်) လုပ်ငန်းခွင် အကြောင်း ပြောဆိုကြသည် ဖြစ်ရာ ယဉ်ကျေးဖို့  မလိုဟု ထည်မှတ်ထားတာ လည်း ဖြစ်နိုင်ပါသည်။ အနောက်တိုင်းသားများသည် အလုပ်လုပ်ရာတွင် ပြတ်သားကြသည် ဆိုလား ဘာလား ကြားဖူးထားလေသည်။

ပြင်သစ်သည် ကျနော်တို့  အဖွဲ့  ဖက်က ဘာလုပ်ပေးနိုင်မည်ကို မပြောခင်ကထဲက .. မင်း ငါ့ကုမ်ပဏီကို ဘာသိပြီးပြီလဲ၊ လေ့လာပြီးပြီလား၊ လက်တွေ့  မြင်ပြီးပြီလား စသည် စသည်များဖြင့် ကွက်ရှင်များ ရွှတ်လေသည်။ ပြီးနောက် သူလိုချင်တာက အကောင်းဆုံး ပဲ ဆိုတာ သိအောင် ပြောသည်။ ကဘာ (World) ပတ်ပြီး စားသောက်နေသော ဘိုကောင်သည် ထိုင်းနှင့် တွေ့ ကာမှ ဒက်ဒက် ကုတ်၏။ 

နင်က ဒါတွေ အားလုံးလိုချင်တယ်ဆို.. အေး ... ငါတို့ လုပ်ပေးနိုင်တယ်။ ဒါပေမယ့် နင်လိုချင်တာ ရဖို့  အတွက် နင့်မှာ ဒါတွေ ရှိရဲ့လား ပြန်နင်းသည့်အခါ ပြင်သစ်ကောင်သည် .. အဟမ်း အဟမ်း... ဖြင့် အရူးကွက်များ နင်းကာ ကျော်ချသော်လည်း.... ထိုင်းအမျိုးသမီး အတိုင်ပင်ခံ၏ ပေးအပ်သော အကြံဥာဏ်များ အတိုင်းသာ နင်းလျောက်ရလေသည်။

ကိုယ့်မြန်မာပြည်မှာ သူတို့ လာ ရင်းနှီးမြုပ်နှံရင်လည်း ဒီလို.. (ဒီထက် ဆိုးမည်) ကို မြင်ရသော် ကျနော် မှာ ရင်လေး လှသည်။ သူတို့ သည် မြန်မာပြည်မှာ ဘာမှ မပြည့်စုံ သည်ကို သိနေသည်နှင့် တရုတ်က လုပ်သည့် ကင်ဆာဖြစ်ပစ်စည်းများ လို ဖြစ်ကတတ် ဆန်း ထုတ်လိုက်သည့်နောက် ကျနုပ်တို့  ပြည်သား မအူ မလည်များသာ ကင်ဆာများ စားသောက် သုံးဆောင် ၀တ်ဆင်နေရသော် အဘယ်အံ့နည်း။ အတော်ပင် လူပါးဝ လှသော ထိုင်းနိုင်ငံမှာပင် သူတို့ လည်း ရရင် ရသလို လုပ်တတ်ပါသည်။ ထိုင်းသည် ဖော်လင်နာများအား လည်မျိုနင်းထားနိုင်သော နိုင်ငံ ဖြစ်သော်ငြား.. နိုင်ငံ၏ ထုတ်ကုန် စက်ရုံများ၏ ၉၀ ရာခိုင်နှုန်းနီးပါသည် ထိုင်းလူမျိုးများ ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း သူတို့ ၏ စီးပွားရေး ကျွမ်းကျင်သူ ဝေဖန်ထားသည်ကို ဖတ်ရပါသည်။


အနှီပုဂ်ဂိုလ် ကား ပန်းခြံထဲမှ စထရေး ကတ် ခေါ် အိမ်ခြေမဲ့ ကြောင် ဖြစ်ပါသည်။ ရောဂ လာလာ ကျင့်တတ်သော ပန်းခြံတွင် နေသည့် ကြောင်မို့ လား မပြောတတ်ပါချေ။ ဒင်းသည် အနှီပိုစေရှင်ဖြင့် အချိန် အတော်ကြာ နေပြီးမှ တစ်ဖက်သို့  ဘက်ပြောင်း ထိုင်သည်ကို တွေ့ ရပါသည်။ ထိုပန်းခြံကား ကျနော် မရောက်တာ ကြာခဲ့ပြီ ဖြစ်သော မြို့ထဲက ပန်းခြံ ဖြစ်ပါသည်။ မြို့ထဲ လာခိုက် ဟိုဟိုသည်သည် လျောက်ကြည့်ရင်း ခဏ ၀င်ကြည့်မိခြင်း ဖြစ်ပါသည်။ ကြောင်သည် ရွှေဝါရောက် ဖြစ်ပြီး လူအနည်းငယ် ယဉ်ပါသည်။ မြူကြည့်သော် တစ်ချက် မျက်လုံး ၀င့်ကြည့်သော်လည်း လူပါးဝနေပြီ ဖြစ်ပုံရသော ဒင်းသည် မည်သူ့ မှ ဂရု စိုက်တတ်ပုံ မရချေ။  ရောဂ ကျင့်နေရာမှ အသာ ထ ကာ ပန်းခြံထဲ လှည့်ပတ်လျောက်ရန် ထွက်သွားလေသည်။



ဘစ်စီ အ၀င်ဝက ခြင်းများ ထားရာ နေရာမှာ မြင်ရခြင်း ဖြစ်ပါသည်။ ကလေး အမေ ဖြစ်ဟန်တူသော ထိုင်းမမသည် အလှ အပ မပျက်ပဲ ကလေး ထိန်းကျောင်းရာမှာ ကျွမ်းကျင်လှသည်။ ထိုင်းမ အတော်များများသည် ဒီသို့ သာ ဖြစ်သည်။ သူ့ အတွက် တက်ပလက် တစ်လုံး နှင့် လက်ပွေ့ အိတ်ထဲမှာ အလှကုန်များစွာပါသည်။ ကလေးတွေ အတွက်မူ ကျောပိုးအိတ်လေး တစ်လုံးနှင့် သပ်သပ် ယူလာပုံရသည်။ အမေသည် ဈေးဝယ်ရန် အချိန် များသွားသော အခါ သို့ မဟုတ်၊ မထိန်းချင်သည့် အခါ မောထဲက ထရော်လီထဲ ကလေးကို ထည့်ကာ ပစ်ထားလိုက်သည်။ ကလေးသည် ဆော့ရ မောသည့် အခါ ခြင်းထဲတွင် အနှီသို့  အိပ်ပျော်လေသည်။ 

ဘာပဲ ပြောပြော သူ့ ဟာနှင့် သူတော် အတော်ကို အဆင်ပြေပါသည်။ ဘန်ကောက်က မော အတော်များများသည် ဈေးဝယ်သူ (၀ယ်ဝယ် မ၀ယ်ဝယ် ရောက်လာရင် ၀ယ်သူပဲ) များအား သိပ် ရင့်ရင့်သီးသီး မဆက်ဆံတတ်ကြသည်ကလည်း တစ်မျိုးတော့ ကောင်းပါသည်။ သို့ သော် မြို့ထဲက အတော်များများကိုတော့ ဒီလို သွား လုပ်လို့  မရပါ။ အမေများသည် အိမ်မှာ အလုပ်လည်း မရှိ၊ ကလေးကလည်း အိမ်မှာ ပူလို့  မနေချင်၊ အိမ်မှာလည်း ဆော့စရာ နေရာ ကျဉ်းသည့် အခါ မောတွေမှာ အဖိုး အဖွားတွေနဲ့  ကလေးတွေ ဒါမှ မဟုတ် အမေလှတ ပတ များနှင့် ကလေးတွေ ပြုံနေတတ်ပါသည်။ 

အိမ်မှာ လည်း မီတာ မတက်၊ ချက်ပြုတ် စရာလည်း မလို၊ အေးအေးလေးနဲ့  သက်တောင့် သက်သာ ရှိလေသော ကလေး ထိန်းကျောင်းမှု ဖြစ်ပါသည်။ မှတ်ချက်။ ............ ။ ကျနော်လည်း နေ့ လည်နေ့ ခင်း အိမ်မှာ ပူရင် အပြင်ကို အဲ့လိုပဲ သွားနေတတ်ပါသည်။ :D

Wednesday 13 November 2013

လွှတ်တော်အမတ်တွေရဲ့ ၀ီစီ လိုက်မှုတ်ခြင်းခံရတဲ့ ၀န်ကြီး

မနေ့ က ဘန်ကောက်မြို့ရဲ့ ဟိုတည်တစ်ခုမှာ နေ့ လည်စာ စားပြီး ထွက်လာတဲ့ အစိုးရ၀န်ကြီး တစ်ယောက်ခင်ဗျာ အတိုက်အခံပါတီရဲ့ လွှတ်တော် အမတ်တွေနဲ့  နောက်လိုက်တွေရဲ့ ၀ီစီနဲ့  လိုက်မှုတ်ခြင်းကို ခံရလို့  အသဲအသန် ထွက်ပြေးရပါတယ်။ ဘန်ကောက်ပိုစ့် သတင်းစာတွေမှာတော့ ဆန်ဒပြသူတွေရဲ့ ၀ီစီမှုတ်ခြင်းခံရတဲ့ ပညာရေး ၀န်ကြီးလို့  ရေးသားကြပေမယ့် ယူကျု့ဖိုင်မှာ ကြည့်ပြီး ထိုင်းတွေပြောပြမှ၊ ၀ီစီနဲ့  အပြေးအလွှား လိုက်မှုတ်ကြတဲ့ လူတွေဟာ သာမန် ပြည်သူတွေ တင်မဟုတ်ပဲ လွှတ်တော် အမတ်တွေ ဖြစ်ပါတယ်လို့  သိလိုက်ရပါတယ်။ 

ယူကျု့ဖိုင်ကို ကြည့်မိရင် အတော်လေးကို ပြုံးမိကြမှာ သေချာပါတယ်။ ဟိုတည်က ထွက်လာတဲ့ ၀န်ကြီး ကားထဲ ၀င်တဲ့ အချိန်အထိ ၀ီစီ လိုက်မှုတ်ကြသူတွေဟာ အစိုးရဌာနရဲ့ သတ်မှတ်ထားတဲ့ စမတ်ကျကျ ၀တ်ဆင်ထားသူ လွှတ်တော် အမတ် အမျိုးသမီးကြီးလည်း ပါပါတယ်ဗျ။ သူတို့ မှာ ၀န်ကြီးနောက် အပြေးလိုက်ပြီး တတွီတွီ နဲ့  ပြေးတွတ်ကြပါတယ်။ ၀န်ကြီးရဲ့ လုံခြုံရေးက ၀ီစီတွေတိတ်ပေးဖို့  ပြောတဲ့အခါ၊ ၀ီစီ သမားတွေထဲက တစ်ယောက်က ငါ့ဝီစီ ငါမှုတ်တာ အခွင့်မရှိဘူးလားဆိုပြီး ၀န်ကြီး ကားတံခါး အပြေးအလွှား ပိတ်တဲ့ အထိကို လိုက်မှုတ်ကြပါသဗျား။


ယူကျု့ဖိုင်မှာ အမျိုးသမီးတစ်ယောက် ဒေါက်ဒေါက်ဒေါက် ဒေါက်နဲ့  ပြေးချလာပြီး ၀ီစီ အပြေးတွတ်တာကို မြင်ရမှာပါ။

ဝီစီ လိုက်မှုတ်ရတဲ့ အဓိပါယ်ကတော့ ခြစားခြင်းကို တိုက်ထုတ်တာလို့  အကြမ်းဖျဉ်းပြောလို့ ရပါတယ်။ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းကတော့.. ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ကိုသက်ဆင်ကို ပြန်ခေါ်နိုင်ဖို့  ... လွှတ်တော်မှာ အဆိုတင်သွင်းလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို အတည်ပြည်ဖို့  အထိ ဖြစ်လာလို့ ပဲ ဖြစ်ပါတယ်။

 ၀ီစီနဲ့  ခေါင်းလောင်းတိုက်ပွဲ

ခုရက်ပိုင်း ဘန်ကောက်မြို့မှာ တိုက်ပွဲတွေ  အတော်ကို ပြင်းထန်နေပါတယ်။ တိုက်ပွဲဆင်နွှဲသူတွေရဲ့ ကိုင်ဆောင်တဲ့ လက်နက် တွေကတော့ ၀ီစီနဲ့  ခေါင်းလောင်းပဲ ဖြစ်ပါတယ်ဗျ။ ၀ီစီကတော့ ရှပ်အကျီင်္ အ၀ါရောင် ၀တ်ဆင်ကြသူ များ အဖွဲ့  ပဲ ဖြစ်ပြီး သူတို့ တွေဟာ ထိုင်းဘုရင် ကို ရိုသေလေးစား ကြသူများ ဖြစ်တယ်လို့  အကြမ်းဖျဉ်း ပြောလို့ ရပါတယ်။ ခေါင်းလောင်း လက်နက် ကို ကိုင်ဆောင် ကြသူတွေကတော့ အနီရောင် ရှပ် ၀တ်ဆင်တဲ့ လက်ရှိ အစိုးရရဲ့ အာဏာရ ပွေထိုင်း ပါတီဝင် တွေပဲ ဖြစ်ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း သူဌေးကြီး ကိုသက်ဆင်၂၀၀၆ ခုနှစ်မှာ တိုင်းပြည် ငွေ အလွဲသုံးစား လုပ်မှု၊ နိုင်ငံ သစ်စာဖောက်မှု ဒါတွေနဲ့  တိုင်းပြည်ပြင်ပ မှာ တိမ်းရှောင်နေရပြီးတဲ့နောက် ရှပ်နီ ရှပ်ဝါ ဆိုတာတွေ ပေါ်ပေါက်လာပါတယ်။ လက်ရှိ အစိုးရထဲက အာဏာရ ပါတီဟာ ကိုသက်ဆင်ရဲ့ ပါတီ ဖြစ်ပြီး လွှတ်တော်ထဲက အမတ်နေရာ အတော်များများမှာ နေရာယူထားကြပြီး လက်ရှိ ၀န်ကြီးချုပ်ဟာ ကိုသက်ဆင်ရဲ့ ညီမ အရင်း ဒေါ်ရင်လတ် ပဲ ဖြစ်ပါတယ်။

ရှပ်ဝါတွေ အများစုဟာ ဒီမိုကရက်တစ် ပါတီဝင်တွေ၊ ဘန်ကောက်သား ခေတ်ပညာ တတ်မြောက်သူများ နဲ့  နယ်က ပညာ တတ်တွေ ဖြစ်ကြပါတယ်။ သူတို့ တွေဟာ ၀န်ကြီးချုပ်ဟောင်း ကိုသက်ဆင် ကို ပြန်ခေါ်နိုင်အောင် ပြဌာန်းခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ အသက်မ၀င်လာရေး အတွက် တိုက်ပွဲဝင်ကြသူတွေ ဖြစ်ပါတယ်။

ဒီဥပဒေဟာ ကိုသက်ဆင်ရဲ့ ညီမ ဒေါ်ရင်လတ် ဦးဆောင်တဲ့ အနီရောင် ပွေ့ ထိုင်း ပါတီ အာဏာ ရလာပြီးတဲ့ နောက် ဆမွတ်ပရာကန် ခရိုင်က ပွေ့ ထိုင်းပါတီဝင် လွှတ်တော် အမတ်က ငြိမ်းချမ်းရေးကို ရှေးရှုဖို့  အတွက်ဆိုပြီး နိုင်ငံရေး ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်မြောက်စေဖို့  ဆိုပြီး ပြဌာန်းခဲ့ပေမယ့် အဓိက ကတော့ နိုင်ငံတော်ငွေ အလွဲသုံးစားမှုတွေကြောင့် ပြည်ပကို ရောက်နေတဲ့ ကိုသက်ဆင်ကို ပြန်ခေါ်ဖို့ ရာ ခြစားထားတဲ့ ဥပဒေ ဖြစ်တယ်လို့  ဆိုကြပါတယ်။ 

လွှတ်တော်ထဲမှာ ဒေါ်ရင်လတ်ရဲ့ အုပ်စုက နေရာ အတော်များများ ရရှိထားတဲ့ အတွက် ဒီဥပဒေဟာ လွှတ်တော်ထဲမှာ ဆွေးနွှေး သတ်ပုတ်ကြပြီးနောက် မဲခွဲ ဆုံးဖြတ်ဖို့  အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဒေါ်ရင်လတ်ကတော့ သူဟာ ဒီဥပဒေကို ဇွတ်အတင်း အတည်ပြုဖို့  သူလုပ်ပိုင်ခွင့် မရှိသလို လွှတ်တော် အမတ်တွေကို လည်း အတည်ပြု မဲပေးဖို့  အာဏာသုံးသွားမှာ မဟုတ်ဘူးလို့  မီဒီယာမှာ ပြောကြားပါတယ်။

ရှပ်နီတွေဟာ ကိုသက်ဆင်ရဲ့ ညီမ ဒေါ်ရင်လတ်ရဲ့ အနီရောင် ပွေ့ ထိုင်း ပါတီဝင်တွေ ဖြစ်ပြီးသူတို့ က ခေါင်းလောင်းကို ဆွဲကိုင်ပြီး ဒီဥပဒေကို ထောက်ကန်ပေးဖို့  တိုက်ပွဲဝင်ကြတာပါ။

လက်ရှိ ကာလမှာ ဒီဥပဒေဟာ ပြည်သူအများစု (ရှပ်ဝါ အုပ်စု) ရဲ့ ၀ီစီကြောင့် လွှတ်တော် အမတ်တွေ က ကန့် ကွက်မဲများသွားပြီး (ခဏတာ) ပယ်ချ ခံလိုက်ရပါတယ်။ ဒါ့ကြောင့် ကိုသက်ဆင်ကို ဆန့် ကျင်တဲ့ အုပ်စုရဲ့ (ယာယီ) အောင်ပွဲလို့  ဆိုရမှာပါ။  ဒါပေမယ့် ဒီလို ပယ်ချခြင်း ခံရပြီးနောက် ရက်ပေါင်း ၁၈၀ အတွင်း ပြန်လည် တင်နိုင်သေးတဲ့ အတွက် ပြန်လည် ခေါင်းထောင်ထ မလာနိုင်အောင် သူတို့  ဆက်လက် တိုက်ပွဲ ၀င်နေကြခြင်း ဖြစ်ပါတယ်။ 

ဒီလို ကန့် ကွက်ခြင်း ခံရတဲ့ နောက် ရှပ်နီ အုပ်စုက အစိုးရကို ကျားကန်ဖို့ ရာ (ဥပဒေကို တင်သွင်းတဲ့ အာဏာရပါတီကို ကျားကန်ဖို့ ရာ) တစ်စခန်း ထကြပြန်ပါတော့တယ်။ ပွေ့ ထိုင်း အနီေ ရာင်ပါတီ ၀င်တွေဟာ နယ်သားတွေ အများစု ဖြစ်တဲ့ အတွက် နယ်ကနေ ကားတွေ တစီ တတန်း ကြီးနဲ့  ဘန်ကောက်ကို ချီတက်လာကြတာကို ဒီရက်ပိုင်းထဲ  သတင်းတွေမှာ မြင်ရပါလိမ့်မယ်။

လောလောဆယ် ရှပ်ဝါ အုပ်စုရဲ့ ခြစားဥပဒေကို အသေသတ်နိုင်ဖို့  အတွက် ကိုသက်ဆင်ကို ကန့် ကွက်သူတွေ လုပ်ဆောင်ပေးဖို့ ရာ ထုတ်ပြန်ထားတဲ့ အချက် လေးချက် (Four Civil Disobedience)  ရှိပါတယ်။

(၁) ၀န်ကြီးချုပ် ဒေါ်ရင်လတ်နဲ့  အစိုးရ အဖွဲ့ ဝင် ၀န်ကြီးတွေကို တွေ့ တိုင်း ၀ီစီနဲ့  အပြေး လိုက်တွတ်ကြဖို့ ၊

(၂) လုပ်ငန်းရှင်တွေနဲ့  အစိုးရ၀န်ထမ်းတွေဟာ သတ်မှတ်ရက်အတွင်း အလုပ်မသွားကြပဲ ဆန်ဒပြမှုကို ပူးပေါင်းကြဖို့  (သို့ ) အနည်းဆုံး အလုပ်ကို နောက်ကျမှ သွားကြဖို့ ၊

(၃) ကျောင်းဆရာ/ ဆရာမတွေ၊ ကျောင်းသူကျောင်းသား (တက်ကသိုလ်) တွေဟာ ကျောင်း ၊ ယူနီဗာစတီတွေကို သတ်မှတ်ရက် ၃ ရက်အတွင်း မတက်ကြပဲ ဆန်ဒပြမှုကို ပူးပေါင်းကြဖို့  နဲ့ 

(၄) ကုမ်ပဏီတွေ အနေနဲ့  အခွန်ကို နောက်ကျမှ ပေးဆောင်ကြပြီး၊ ကုမ်ပဏီတွေမှာ နိုင်ငံတော် အလံကို လွှင့်တင်ပြီး ဆန်ဒ ပြကြဖို့ ပဲ ဖြစ်ပါတယ်။

မှတ်ချက် ။ ......... ။(ပတ်ဆင့်စကားလုံးတွေ ရိုက်မရလို့  ပြန့် ပြန့် ကြီးပဲ ရိုက်ထားပါတယ်)

Friday 25 October 2013

ကျုံ့နေတဲ့ နှာဖူးကြောကြီး

တခါတလေကျတော့လည်း လူလောကကြီးက စိတ်ကုန်ချင်စရာ အရမ်း တအား ပိုးစိုး ပက်စက် ကို ကောင်းလာပါသည်။ စိတ်ထဲက ညစ်ညူးနေတဲ့ အတွေးတွေ ထုတ်မရတဲ့ အခါ နှာဖူးကြောကြီးက အမြဲလိုလို တွန့်  နေပြီး ဦးခေါင်းသည် ၇ ရက် ၇ ည အရက်သောက်ထားတဲ့ ယစ်ထုတ်ကြီး မောနင်းပက် မချရသေးသလို ထုံထိုင်းပြီး ပူထူလို့ နေပါသည်။

ငါဘာလုပ်လုပ် မဖြစ်ဘူး ဆိုတာထက်၊ ငါဘာတွေလုပ်နေသလဲ ဆိုတာတောင် ပြန်မေးမရတဲ့ အဆင့်ရောက်လာတဲ့အခါ သန်းရွှေကိုလည်း မုန်းပါသည်၊ နေရွှေသွေးအောင်ဆိုတဲ့ လူ့ ကြက်ချေးကိုလည်း မုန်းပါသည်။ အောင်မြင် ကြော်ကြားနေတဲ့ ကျောင်းနေဖက်တွေကိုလည်း မုန်းပါသည်။ (လာကြွားတယ်လို့  ထင်မိလို့ ပါ)။ ဘယ်သူက ဘယ်နေရာမှာ လုပ်နေတာ တစ်နေ့  ဘယ်လောက်ရသည်.. ဘယ်သူစီးတဲ့ ကားက ဘာမော်ဒယ် ဈေးက ဘယ်လောက် စသည်ဖြင့် .. စသည်ဖြင့်။ 

ကျောင်းတက်နေကထဲက လက်တံရှည်ကြသော လူအများစုသည် ကျောင်းပြီးသော်လည်း လက်တံရှည်ကာ နေရာတကာ သူတို့ ချည်းပဲ ဖြစ်နေကြသည်ကို အံ့သြောဖွယ်ရာ တွေ့ ရှိရပါသည်။ လူကြီးသားသမီး ဟူသည် နှင့် လူချမ်းသာ သားသမီး ဆိုသည်များအား အံ့သြကုန်နိုင်ဖွယ်ရာ လူထူးဆန်းများ အဖြစ် ကကလ၏ သမိုင်းတွင် ထင်ချန်ထားမည် ဖြစ်ပါသည်။

အခု လူ့ သက်တမ်း တစ်ဝက် အထိ ငါဘာရပြီးပြီလဲ လို့  ကြည့်သော် ဘာမှ ကိုင်ပြစရာလည်း မရှိ ဆုပ်ပြစရာလည်း မရှိသေးချေ။ မြန်မာပြည်ကို အပြီးပြန်ပြီဟု ကြွေးကြော်ကာ ၀င်သွားလေသော မောင်ညိန်းနိုင်ကြီးကိုလည်း မုန်းတီး သတိရမိပါသည်။ တနေ့ က မောင်မျိုးနှင့် ပြောဖြစ်သော် ဒင်းလည်း မောင်ညိန်းနိုင်ကြီးအား သတိရနေပါသည်။ 

ကိုရင်အိ မိန်းမ မဒမ်ကိုးကို လှမ်းတို့ သော် သူလည်း မောင်ညိန်းနိုင်ကြီးအား ဦးစွာ နှုတ်ဖျားက တပါသည်။ ကျနော်သည် ဘလော့ အဟောင်းကို ဖျက်ပစ်ခြင်း မဟုတ်ပဲ သူ့ ဖာသာ ပျက်သွားခြင်းသာ ဖြစ်ပါသည်။ ဖေစ့်ဘုတ်ကို ပိတ်လိုက်သော်ငြားလည်း ဖေ့ဘုတ်က လူတွေကို (အချို့) လွမ်းနေတတ်ပါသည်။

တနေ့  တစ်နေ့  အလုပ်ကြော်ငြာဝက်ဘ်ဆိုဒ်တွေကို အကြိမ် အမြောက် အများ ၀င်ကြည့်သော ကျနုပ်၏ မျက်စိသည် ပန်ကာလေက တစ်စောင်း ၀င်ဝင် စောင့်သော ကြောင့် ညနေစောင်းသော် အာဠာဝက ဘီလူးမျက်လုံးကဲ့သို့  ရဲနေတတ်ပါသည်။ 

NGO များသည် အလုပ်ကြော်ငြာသာ ထည့်ကြသော်လည်း (အန်ဂျီအိုများ၏ သဘော သဘာဝ အရ.. အဟမ်း ထရန်စပဲရန်စီ Transparency  ဆိုလား ဘာစီဆိုလဲ ရှိရမည် ဆိုသော ပေါ်လစီ အရသာ ထည့်ကြခြင်း ဖြစ်အောင် သဘောပေါက်ပေါက် လာပါသည်)။

ဘစ်စီတွင် ဈေးရောင်းသော ကျနော့ သူငယ်ချင်း ကရင်လေးသည်၊ ဈေးလာဝယ်သော ထိုင်းမက ဖုန်းကျန်ခဲ့သည် ဆိုကာ ရဲခေါ်လာပြီး အဗျူ့ Abuse လုပ်ခံရသည့်နောက် သူသည် သူ့ စာရိတ်တ မည်မျှ ကောင်းကြောင်းပြဖို့ ရာ နောက်နေ့ တွေ အလုပ်ဆင်းနေရသော်လည်း ဈေးဆိုင်တန်းများ အလည် သူခိုး အထင်ခံရသည့် ရှက်စိတ်ကြောင့် ခဏခဏ ရင်ဖွင့်ပါသည်။ (အမှန်ဆိုလျှင်  public Area တွင် သူ့ ဖာသာ ကျန်ခဲ့ခြင်း ဖြစ်ပြီး ရဲသည်လည်း ဘာမှ မလုပ်နိုင်ချေ။ သို့ သော် ထိုင်းရဲသည် မြန်မာမှန်းသိသည်နှင့် အာမခံဆိုကာ ဘတ် ၂၀၀၀ ကို တောင်းလေ၏) ရွံရှာမိသည်မှာ ထိုင်းရဲနှင့် ကလိမ်ကကျစ် ထိုင်းများ ဖြစ်သော်လည်း ကိုယ့် အစိုးရ ဆိုတာကြီးကို ပိုမုန်းမိပါသည် ရွံရှာမိပါသည်။ 

ထိုင်းက ရွေ့ပြောင်း အလုပ်သမားများကို ပိတ်စပို့  မူရင်း ထုတ်ပေးမည် ဆိုသော် ပိုပြီး စက်ဆုတ် ရွံရှာမိပြန်ပါသည်။ လက်ရှိ အလုပ်သမား ဒစ်ဂျစ်တယ်လ် ပတ်စပို့  နှင့်ပင် အကာအကွယ် ပေးစွမ်းနိုင်ခြင်း မရှိသော မြန်မာပြည့် အလုပ်သမား ၀န်ကြီးဌာနသည် ကြံဖတ်ကို ဘူဒိုဇာနှင့် ထိုးပြီး လမ်းကြိတ်စက်နှင့် ကြိတ်ရန် ကြံစည်နေသော ဌာန သာ ဖြစ်ကြောင်း တံထွေးနှင့် ထွေးကာ လက်ညိုးငေါက်ငေါက်ထား ပြောချင်မိပါသည်။

နောက်ဆုံး အဆုံးသတ်လိုက်ရသော်........ လူတွေ လူလူချင်း ဘာ့ကြောင့် လိုအပ်ကြသလဲ ဆိုတာ သဘော ပေါက်လာပါသည်။ ကျနော်လည်း ရင်ဖွင့်ဖို့  လူလိုပါသည်။ ဖွင့်လိုက်ပါပြီ။ နဲနဲတော့ ပေါ့ပါးသွားပါသည်။


Sunday 13 October 2013

ငါးလွှာမှာရပ်တဲ့ ဓါတ်လှေခါး

ကျနော်နေတဲ့ ကွန်ဒိုမှာ အထပ် ၈ လွှာရှိသည်၊ ကွန်ဒို ဥပဒေ အရ ၈ လွှာထက် ပိုဆောက်ပါက အလို အလျောက် မီးငြိမ်းသတ်စနစ်၊ အရေးပေါ် စနစ်တွေ ဆင်ရပြုရမှာ စိုးသည့် အတွက် သမာန်ကာလျှံကာ ဆောက်ထားသော သာမန် လူတန်းစား နေထိုင်သည့် ကွန်ဒို အစု လေးသာ ဖြစ်သည်။ ကွန်ဒို အလုံးပေါင်း ၁၀ လုံးကျော် ရှိသည့်အနက် အချို့အလုံးတွေမှာ လူသိပ်မနေကြ၊ အကြောင်းကတော့ ပိုင်ရှင်တွေက ၀ယ်ထားပြီး ငှားလည်း မငှား လူလည်း မနေပဲ ပစ်ထားကြတာ ဒါမှ မဟုတ် ကုန်ပစ်စည်းလှောင်ပြီး လူမနေကြတာ တွေကြောင့် တစ်လွှာစီမှာ အခန်းပေါင်း ၄၀ နီးပါး ရှိသည့်အနက် ၄ - ၅ ခန်းသာ လူနေသည့် အလွှာများလည်း ရှိလေသည်။

ဒါတောင် ခုနောက်ပိုင်း နှစ်တွေမှာ လူအတော်များလာသည်။ လူတွေ လူတွေ နည်းတာမဟုတ်၊ ရွှေတွေလည်း လာနေကြသည်။ အခန်းက ဖန်နစ်ချာ အပြည့်အစုံ ထည့်မယ် ဆိုရင် မိသားစု ၃ ယောက်စာလောက်တော့ ကာမိသည်။ ဘာမှ မထည့်ပဲ ထားမည် ဆိုလျှင်တော့ အလုပ်သမားတွေချည်း ကျောတခင်းစာ ၄ - ၅ ယောက်တော့ အိပ်ရနေရ နိုင်သည်။ 

ကွန်ဒို အလုံးတိုင်းမှာ ဓါတ်လှေခါး ၂ စင်းစီ ရှိသည်။ ကျနော် နေတာ ၁ နှစ်ကျော်ခဲ့ပြီ၊ ပတ်ဝန်းကျင်နဲ့ ကင်းကင်းနေချင်တာကြောင့် ကိုယ့်အလွှာမှာပင် ဘယ်အခန်း လူရှိသည်၊ မရှိသည် သိပ်မကြည့်မိပါ။ အားလုံးကလည်း မနက်လင်းသည်နှင့် ကွန်ဒိုပေါ်က ဆင်းပြီး အလုပ်ရှိရာ ၊ ကျောင်းရှိရာကို သွားကြသူများသည့် အတွက် မနက် ၉ နာရီ ဆိုလျှင် အားလုံး မရှိကြတော့။ အဲ့သည် အချိန်လောက်ကျမှ ကျနော်က အခန်းက ထွက် မနက်စာ စား၊ နေ့ ခင်းစာဝယ်၊ ဈေးထွက် လုပ်စရာ ရှိတာ လုပ်လေတော့ အားလုံးနဲ့  ကင်းလွတ်နေမည်မှာ အမှန်။

ကျနော်နေတာက ၆ လွှာမှာ၊ ဓါတ်လှေခါး သုံးပြီး မဆင်းမတက်လို့  မရ၊ အတော်လေးမောသည်။ မနက် ဆင်းပြီဆိုလျှင် ဓါတ်လှေခါးထဲမှာ ကိုယ်တစ်ယောက်ထဲ၊ တခါတရံတော့ လူအချို့ အပေါ်ထပ် အောက်ထပ်တွေမှာ ၀င်လာတတ်သည်တော့ ရှိသည်။ အဲ့သည်မှာ သတိထားမိသည်က --- ၅ လွှာနှင့် ဘယ်ဖက်ခြမ်းက ဓါတ်လှေခါး။

ကျနော် စရောက်ပြီး ၃ လ လောက်နေတော့ စပြီး သတိထားမိသည်။ အိပ်ယာထလို့  အောက်ဆင်းမယ် ပြင်တိုင်း လူမရှုပ်သည့် အချိန်ဖြစ်လေတော့ ဓါတ်လှေခါးကို စောင့်နေစရာမလို။ အဲ့သည်မှာ ကျနော် ဆင်းမယ် ပြင်တိုင်း ဘယ်ဖက်ခြမ်း ဓါတ်လှေခါးသည် ၅ လွှာမှာ အမြဲ ရှိနေတတ်သည်။ အမြဲလိုလို နီးပါး မြင်တွေ့ နေရပေမယ့် ---- အော် ၅လွှာမှာလည်း နောက်ကျမှ အိမ်ပြန်လာတတ်တဲ့ လူများ ရှိနေနိုင်တာပဲလေ ဆိုပြီး ဒီလိုပဲ မေ့မေ့ပျောက်ပျောက်ပါ။

တချို့ ရက်တွေမှာ ကျနော်လည်း အပြင်ကို စောစောထွက်ရတာမို့  လူတွေ အများကြီးနဲ့  ဆင်းလိုက် တက်လိုက် ဆိုောတ့ ဓါတ်လှေခါးက တစ်နေရာရာမှာ ရပ်ပီး နားနေဖို့  မရှိတာနှင့် ကိုယ့်စိတ်ထဲက ၅ လွှာနဲ့  ဓါတ်လှေခါး လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သည်။ 

ဒီလိုနဲ့  ၆ လ ကျော်ကြာခဲ့သည်။ မနက် ၉ နာရီနောက်ပိုင်း လူရှင်းချိန် အောက်ဆင်းပီ ဆိုလျှင် ဘယ်ဖက် ဓါတ်လှေခါးသည် ၅ လွှာမှာ အမြဲတွေ့ ရလျှက်။ စိတ်ထဲမှာလည်း မထူးဆန်းမိတော့ပါ။ ဒါပေမယ့်တစ်ရက်---- ကျနော် မနက်စာ ဆင်းစားပြီး ပြန် အတက် ဓါတ်လှေခါးမှာ ကိုယ်တစ်ယောက်ထဲ -၅- လွှာရောက်တော့ ဓါတ်လှေခါးက ရပ်သွားပြီး တံခါးပွင့်လာသည်။ ဘယ်သူမှ ဘယ်သူများ အပေါ်ကို ဆက်တက်ဖို့  ရှိလဲ မသိတာလေ လို့  စိတ်ထဲ တွေးပြီး ခလုတ်မနှိပ်ပဲ ခဏ စောင့်ကြည့်သည်၊ ဘယ်သူမှ မရှိ နောက် တံခါး ပိတ်ပြီး ဆက်တက်လာသည်။

စိတ်ထဲမှာတော့ -- အော်.. တစ်ယောက်ယောက် ငါးလွှာမှာ ဓါတ်လှေခါး စောင့်ရင်း စိတ်မရှည်တာနဲ့  လှေခါးက နေ ဆင်းသွားပုံ ရသည်လို့  တွေးမိလိုက်သည်။ တခါတရံ ကလေးတွေ ဟိုး ၈ ထပ်ကနေ လှေခါး တစ်လျောက် ဆင်းလာပြီး ဓါတ်လှေခါး အဆင်း အတက် ခလုတ်တွေကို အထပ်တိုင်း ဆော့ပြီး နှိပ်သွားတတ်ကြတာ ရှိတတ်သည်။ ထိုအခါ ဓါတ်လှေခါးသည် ဘယ်သူမှ စောင့်နေသူ မရှိပဲ အထပ်တိုင်း ရ ပ်လိုက် တံခါးဖွင့်လိုက် ပိတ်လိုက် နှင့် ရှိနေတတ်တာပဲ မဟုတ်လား။

အဲ့သည် တစ်ပတ်လုံးလုံး ဘယ်မှ မထွက်ဖြစ်သည်နှင့် နေ့ တိုင်း အခန်းက ထွက်သည်နှင့် ဓါတ်လှေခါး ဘယ်ဖက် ခြမ်းသည် အမြဲလိုလို ၅ လွှာမှာ ရှိနေပြီး ပြန်အတက်ကျ အမြဲ တံခါး ပွင့်ပွင့် လာသည်ကို ကြုံရသည်။ ဒီလိုနဲ့ ပဲ တစ်ပတ် ကုန်ဆုံးလို့  စနေ တနင်္ဂနွေ ဖြတ်ကျော်ပြီး တနင်္လာ ပြန်ရောက်လာသည်။ ကျနော့်နေတဲ့ ကွန်ဒို နဲ့  နောက်ကွန်ဒို ၂ လုံးပေါင်းမှ လုံခြုံရေး အစောင့် ၁ ယောက်သာ ရှိသည်။ ထိုလုံခြုံရေး အစောင့်သည် မနက် ၁၀ နာရီ ကျော်သည်နှင့် ကွန်ဒို အထပ်တိုင်းကို လှည့်ပတ် လျောက်ကြည့်တတ်သည်။ သူတို့  ဆီက လုံခြုံရေးကလည်း ကွန်ဘတ်ဘု့  စစ်ဖိနပ် စီးကြတာပဲ ဖြစ်သဖြင့် သူလမ်းလျောက်လာတိုင်း ဘုတ် ဘတ် ဘုတ် ဘတ် စသည့် စစ်ဖိနပ်သံ အမြဲကြားရသည်။

တနင်္လာမနက်က လုံခြုံရေး အစောင့်ထဲက အသားဖြူဖြူ လူလတ်ပိုင်း တစ်ယောက်က ကျနော်နဲ့  ဆုံတိုင်း ပါးစပ်က တပြင်ပြင် ဖြစ်တာကြောင့် အဲ့သည်နေ့  ဆုံဖြစ်တုန်း ကျနော် ထိုင်းလို မိတ်ဆက်ကြည့်သည်။ သူက မြန်မာစကားကို မွန်သံ ၀ဲဝဲ နှင့် ပြန်ပြော၏ ၊ ကောင်းလေစွ။ သူသည် ထိုင်းယိုင် (ထိုင်းကြီး) ဖြစ်ပြီး ထိုင်းကို အသက် ၁၀ နှစ် မပြည့်ခင် ကထဲက ရောက်သည့်နောက် မြန်မာစကားထက် ထိုင်းစကားကို ပိုကျွမ်းကျင်သည်။ အဲ့ဒါနဲ့ ပဲ... ကြုံတုန်း ကြုံခိုက် ဆိုပြီး ကျနော့်တို့  ကွန်ဒို က ဓါတ်လှေခါး ငါးလွှာမှာ အမြဲရပ်ကြောင်း၊ လူနေများလို့ လား ဘာလား ဆိုပြီး စပ်စုကြည့်သည်၊

ငါးလွှာမှာ လက်ရှိ လူနေတာ ၄ ခန်းသာ ရှိသည်။ ၀ိုင်ပုလင်း၊ မြေပဲ၊ စသည့် ကုန်လာလှောင်ထားတာက ၈ ခန်းလောက်ရှိသည် တဲ့။ အတက် အဆင်းများတတ်သလား ဆိုတော့ ကုန်လှောင်ခန်းများက တစ်ပတ် ၂ ခါ ပစ်စည်း အသွင်း အထုတ်လုပ်သည်။ လူနေခန်း လေးခန်းက ကုန်ထေ့ (ဘန်ကောက်) မှာ အနေနဲပြီး နယ်မှာ အလုပ်သွားလုပ်နေသည်က များသည်တဲ့.........။ ဂိန်ပီ.............။

ဒါတောင် ငါးလွှာမှာ အမြဲရပ်တယ်နော်လို့  .... ဆက်အစ်ကြည့်တော့ ကိုရွှေမွန်ထိုင်းယိုင်က --- ဒါသာမန်ပဲ ဖြစ်ကြောင်း ဒီကွန်ဒို အစု စတည်ဆောက် တာ ၁၀ ကျော် ကာလမှာ ခုချိန်ထိ ပုံမှန်ဖြစ်ကြောင်း ပြောလေသတတ်။ သူ့ အပြောအရ ငါးလွှာသည် ရာဇ၀င် ရှိ၏။ ကွန်ဒို စတည်ဆောက်သည့် လွန်ခဲ့သည် ၁၀ နှစ်ကျော်တုန်းက ဒီနေရာသည် ခြုံဖုတ်မြက်ပင်များ ကြီးစိုးရာ ဘန်ကောက် မြို့စွန်ကြီး ဖြစ်ပြီး ဆေးသမား၊ သူခိုး၊ ဓါးပြများသာ လာတတ် ပုန်းခိုတတ်သော နေရာကြီး လို ဖြစ်နေကြောင်း၊ ခုလို စည်စည်ကားကား ဖြစ်လာသည်မှာ ၄ နှစ်လောက်သာ ရှိသေးကြောင်း သိရ၏။

ကွန်ဒို စဆောက်ပြီး ပထမ နှစ်မှာ လူကုန်ထံ များ၏ သားသမီးများ အုပ်စုလိုက် ဆေးလာချရင်း ဆေးလွန်ခါ သေဖူးသည်၊ လာရောက် ငှားနေသော စုံတွဲ တစ်တွဲမှ စကားများပြီး ရန်ဖြစ်ရင်း လက်လွန်ခါ သေဖူးသည်။ ဆွဲကြိုးချတာ လည်း ရှိသည်ဟု ဆိုသည်။ ထို နှစ်များမှ စပြီး ဒီကွန်ဒို က ဓါတ်လှေခါးသည် အမြဲလိုလို အလို အလျောက် ၅ လွှာပေါ် ရောက်နေတတ်သည်ဟု ဆိုသည်။ သက်သေ မပြနိုင်သည့် အချက်ကတော့ ဓါတ်လှေခါးထဲမှာ ကင်မရာ မရှိခြင်းပင်။

ပိုဆိုးသည်က သောကြာနှင့် စနေ ည သန်းခေါင်များ ---- လူကုန်ထံ သူငှေးသား သမီးများက သောကြာ၊ စနေ ည တွေမှာ နိုက်ကလပ်သွား အချိန်လွန် အမူးလွန်သည်နှင့် အိမ်မပြန်ပဲ အပိုဝယ်ထားသည့် ဒီကွန်ဒို မှာ လာသောင်းကျန်းကြသည်။ လက်ရှိကာလ တွင်တော့ မည်သူမှ လာကဲ လာနေမည့်သူ မရှိပါ သို့ သော်--- ဟိုးအရင်ကတော့ ဒီနေရာဟာ မကောင်းတဲ့ ချောင်ကလောင် ကြီးလို ဖြစ်နေပါလိမ့်မည်။

ကျနော့သူငယ်ချင်းက ဒီမှာ နေတာ ၈ နှစ်ကျော်ပြီ၊ သူကိုလည်း စကားစပ်မေးကြည့်သည်။ သူလည်း အတော်လေး ကြုံရကြောင်း ညအပြန် နောက်ကျ ရင် ဓါတ်လှေခါး ငါးလွှာကို ဖြတ်တိုင်း အမြဲ ကြက်သီး ထမိကြောင်း ဆို၏။ နှစ်ကူး ကာလ သင်္ကြန်ရက်များတွင်လည်း ဗုဓဘာသာ အယူ အဆ အတိုင်း ထိုင်း ဘုန်းကြီးများ ရွတ်ဖတ် ကြသော်လည်း အမြဲလိုလိုတော့ ဓါတ်လှေခါးက ၅ လွှာကို ပုံမှန် သွားနေတတ် သည် ဟူသတတ်။ ဒီအရာတစ်ခုမှ လွဲလို့  ဘာကို မှ ဒုက်ခ မပေးတတ်တာကြောင့်ပဲ.. ဘယ်သူမှ သိပ် အရေးထားပုံ မရတာ ဖြစ်ပါလိမ့်မည်။

ကျန်ခဲ့တဲ့ သောကြာနေ့  ညကတော့ ကျနော်လည်း ၁၁ နာရီမှ အိမ်ပြန်ရောက်သည်နောက် ဓါတ်လှေခါး ၅ လွှာမှာ ရပ်တာကို ခပ်တည်တည်ပဲ  ဘာဝင်လာမလဲ ကြည့်နေခဲ့လိုက်ပါသည်။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် ဓါတ်လှေခါးကတော့ အမြဲလိုလို မဟုတ်ပေမယ့် ၅ လွှာမှာ ရပ်မပျက် ပွင့်မပျက်ပါပဲ။