Sunday 23 May 2010

ကိုဂျီးရဲ့ ခေါင်းစဉ်မရှိ

ဟေ့မင်းတို့လွမ်းရင်ဘာလုပ်ကြသလဲ.ရင်ဘတ်ကိုဖွင့် အသံကုန်လွင့်ပြီးအလွမ်းသီချင်းတွေဆိုကြသလား။အရက်ပြင်းတကျိုက် ဆေးလိပ်တရှိုက်နဲ့မေ့လျော့ ခြင်းမြစ်ပြင်ထဲဒိုက်ဗင်ထိုးကြသလား။လျှပ်စီးလက် မိုးခြိမ်းတဲ့ မိုးရေထဲရင်ကော့ခေါင်းမော့ပြီးလျှောက်သွားဖူးသလား..။တခါတရံလို့ မပြောတော့ပါဘူး..ငါ့အတွက်ဘဝဟာခါးသီးတဲ့အလွမ်းတွေကြားအကျဉ်းချပိတ်လှောင်ခံနေရတုန်းပဲ...။အလွမ်းတွေကိုဖောက်ထုတ်ပစ်ဖို့သီချင်းတစ်ပုဒ် လိုအပ်မယ်..အရက်တစ်ခွက်လိုအပ်မယ်..ဂစ်တာတစ်လက် လိုအပ်မယ်..ကလျာနမိတ္တတစ်ကောင် လိုအပ်မယ်..ကလောင်တစ်ချောင်းလိုအပ်မယ်..တရားတစ်ပုဒ်လိုအပ်မယ်.......................လိုအပ်မယ်....................လိုအပ်မယ်..အိုး..ပြောချင်ရာပြောကြ..သတိမေ့ဖို့လိုတယ်လို့လည်းပါတယ်.။ငါ့အတွက်တော့ သတိမမေ့ချင်ဘူးရင်ဘတ်ကဒဏ်ရာကိုပျောက်ချင်တယ်တစ်နှစ်ပြီးတစ်နှစ်တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင်၃၀ ကျော်အထိလှမ်းဖူးတဲ့ ခြေလှမ်းမိုင်တိုင်တွေမှာရူးမိုက်တတ်ခဲ့ဖူးတယ်....ဆိုးသွမ်းတတ်ခဲ့ဖူးတယ်...အာရုံတွေမှာယစ်မူးခဲ့ဖူးတယ်..မိုက်ရိုင်းတတ်ခဲ့ဖူးတယ်...။သတိမေ့တတ်ရင်တော့ထပ်ပြီးဒဏ်ရာရမှပဲသင်္ခန်းစာကိုမကျေညက်ရင်ဖြင့်ထပ်ပြီးကြုံရဦးမှာပဲ..ဆုံးရှုံးတာကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး။သိမှုထက် မသိမှုကပိုများတဲ့ ဘဝမှာသိထားမှ....နားလည်ထားမှ..ခွင့်လွတ်တတ်မှ..တော်ခါကျမှာလေ။ငါလည်းရင်ဘတ်နဲ့ဆိုတော့ လွမ်းတတ်တာပဲ..ငိုစရာမျက်ရည်အပြည့်ပဲ..အလွမ်းအဆွေးဒေါသ မောဟ မာနတွေနဲ့ငါကိုယ်တိုင်လည်း လျှောက်နေဆဲ..။...အော်..အပြင်မှာမိုးတွေသည်းနေတုန်းငါ့ အိမ်ထဲမှာတော့ တိတ်ဆိတ်နေတယ်။23/05/2010မှော်ဘီ အထက ၁ကျောင်းရှေ့လက်ဖက်ရည်ဆိုင်တွင်

Saturday 15 May 2010

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ကျွန်တော်တို့ အမေ



သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ကျွန်တော်တို့ အမေ

အမေဟာ ၁၉၃၅ ခုနှစ်ဖွား ရှေးအဖွားကြီးပါ။ တိုင်းရင်းသူလဲဖြစ်တာကြောင့် စကားအပြောအဆိုနဲပြီး ရိုးအသူလဲ ဖြစ်ပါတယ်။ အမေတို့  ခေတ်ကာလ အနေအထားအရ ဘာသာတရားရဲ့ အုပ်စည်းမှု ကောင်းတာကြောင့် သူများကို လိမ်ဖို့  နေနေသာသာ ကိုယ်အလိမ်မခံရအောင် မနည်းရှောင်ရှား ရတတ်တဲ့ လူစားမျိုးတွေပါ။ သူမမှာ ကျွန်တော်အပါအ၀င် သားသမီးပေါင်း ၈ ယောက်ရှိပါတယ်။ ၁ ယောက်ကတော့ ကလေး ဘ၀မှာပဲ ဆုံးပါးခဲ့လို့  ၇ ယောက်လို့  ပြောရင်လဲရပါတယ်။ ဘုရားရှင်ရဲ့ ဂိုက်လိုင်း (Guide Line) ဖြစ်တဲ့ ငါးပါးသီလ (Five Principles) ကို အတတ်နိုင်ဆုံး စောင့်ထိန်းတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ သားသမီးတွေကိုလဲ ဒီလိုပဲ သွန်သင်ခဲ့သူ ဖြစ်ပါတယ်။

အမေတို့  ခေတ်က လူ့  အသုံးအဆောင် ပစ္စည်းအလွန် ရှားပါးတဲ့ခေတ်ပါ။ (အဟဲ ကျွန်တော်တို့  ခေတ်မှာလဲ မပေါပါဘူး) ဈေးကွက်ထဲမှာ ရှားပါးတာကို ပြောချင်တာပါ။ သူတို့  ခေတ်က ကြွတ်ကြွတ်အိတ်တို့  ဘာတို့ဆိုတာ တော်တော့်ကို ရှားပါတယ်။ တစ်ခါဈေးဝယ်လို့  ကြွတ်ကြွတ်အိတ်များပါလာလို့  ကတော့ ဆေးကြောပြီး သိမ်းလိုက်ပြီးသားပဲမှတ်။ သတင်းစာ စက္ကူ ဆိုလည်း သုံးတတ်သမှ အလေအလွင့်ကို မရှိစေရဘူး။ အဖေဖတ်ပြီးသား သတင်းစာတွေဟာ ရွှေတိဂုံဘုရား လဲ ရောက်ရဲ့။ ပဲခူးဘုရား လဲ ရောက်ရဲ့။ တိရစ္ဆာန်ဥယျာဉ် ဆိုလဲ ပါလာတာပဲ။ အဲ့ဒီခေတ်က မြက်ဖျာတို့  ဘာတို့  ဆိုတာ ရှားတော့ ခင်းဖို့  ပြုဖို့  ဆို ဒင်းတို့  ပဲ အားကိုးရတာလား။ စာပေကို မရိုသေဘူးလို့  တော့ မဝေဖန်လိုက်ပါနဲ့ ။ သတင်းစာပေါ်က အကြောင်းအရာစုံ ဖခင်ကြီးဖတ်ပြီး သူ့  ဘော်ဒါတွေနဲ့  ဝေဖန်ရေး လေကန်ရေးတွေ လုပ်ပြီးမှ ဒီလို သုံးတာပါ။

အိမ်မှာက အိမ်ဆိုင်လေးလဲ ရှိလေတော့ သတင်းစာ ဖြတ်ပိုင်းလေးတွေက ငရုပ်မှုန့်  တို့  သကြားတို့  အတွက်လဲ ကတော့လေးတွေ ဖြစ်ပြန်ရော။ အသုံးမတဲ့ တဲ့ နေရာကိုမရှိတာ။ ဟော ရောင်စုံ ကြွတ်ကြွတ်အိတ် ကလေးတွေ ခေတ်ရောက်လာပြန်တော့ရော သတင်းစာ ကိုမသုံးဘူး များထင်နေကြလား။ ဆက်သုံးတာပဲ (ဟဲ ဟဲ ထရိတ်ဒေးရှင်းနဲလ် Traditional ဆိုတာဒါလားပဲ)။ အဓိက ပြောချင်တာက ကမ္ဘာတခုလုံး ကို ဒုက္ခပေးမဲ့ ကြွတ်ကြွတ်အိတ် ပြသနာ ကိုစဉ်းစားမိလို့  ပါပဲ။ မြေဆီလွှာတွေ ခန်းခြောက် ပတ်ဝန်းကျင် ညစ်ညမ်း သားဌက်တွေ ရေသတ္တ၀ါတွေသေ လူတွေ မွေးတဲ့မျောက် အဲ လူတွေဖန်တီးခဲ့ တဲ့ ဒီ ကြိတ်ကြိတ်အွတ် တွေဟာ ပြသနာ အတုံးအခဲ တွေပါပဲ။ ဒီလိုကိစ္စတွေမှာ တို့  ရဲ့ မာတာမိခင်ကြီးတို့  ဘယ်လိုရင်ဆိုင်သလဲ ပြောပြမလို့  ။ ဟင်းဟင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့  ၊ ကုလ တို့ လောက်တော့ ပျင်းတောင်ပျင်းသေး။ ဒင်းတို့  က ခုမှ လစာလေး ရလို့  သာ သဘာဝပတ်ဝန်းကျင် ကို ဖျတ်ဖျတ်လူး ထိန်းမယ် သိမ်းမယ်နဲ့  ဖြစ်နေကြတာ မြန်မာပြည် က ရှေးအဖွားကြီးတွေ လုပ်ပုံ ကိုင်ပုံသာ ခုနေ အွန်လမ်း (Online) ကို တင်လိုက်လို့  ကတော့ နိုဗယ်ဆု (Novel Prize) ဆိုတာ ရန်အောင် အကယ်ဒမီ ယူသလို ၅ ထပ်ကွမ်း တို့  ၆ ထပ်ကွမ်းတို့  ဖြစ်နေမယ်။ ကဲ ဆက်လိုက်ဦးမယ်။

ကြွတ်ကြွတ်အိတ်(ကြိတ်ကြိတ်အွတ်) နဲ့  အမေ။..........ဈေးကပြန်လာတဲ့ ဘယ်သူဖြစ်ဖြစ် ပစ္စည်းတွေ ချပြီးတာနဲ့  ကြွတ်ကြွတ်အိတ်တွေ ထဲက ဘာညာသာရကာ အစုံဟာ အမေ့ ရဲ့ ဗူး တွေ ပလုံးတွေထဲ ကို ဗီဇာတုံး ထုစရာ မလိုပါဘူး အမေ့လက်ချက်နဲ့  သူ့  နေရာနဲ့  သူ စနစ်တကျ ရောက်ပြီး သားပဲ။ ဗူးတွေမှာလဲ ဟောလစ်၊ မိုင်လို၊ အိုဗာတင်း ဖန်ပုလင်း တွေက အစ လက်တိုဂျင် နိုမှုန့်  သံဗူး အလယ် ဘားပလက်အားဆေး ကော်ဗူး အဆုံး ဘယ်ပစ္စည်းမှ ၁၀ နှစ်လောက် မသုံးလိုက်ရပဲ အိမ်ထဲ က မထွက်ရ၊ မာရှယ်လောပဲ။ ဟင်း ဟင်း ဘယ်ရမလဲ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံမှာ နေနေတာပဲဟာကို။ ပြတ်ပြတ်သားသားပဲ။ မလုပ်ရင်အရှင်း လုပ်ရင်လဲ ဖောရှောပဲ (စစ်တပ် စကားပုံလေ မယုံပုံပြင်သာမှတ်)။ ပြောရဦးမယ်၊ အဖေကလဲ စစ်တပ်က အငြိမ်းစားပဲ။ ခုခေတ် နအဖ ဗိုလ်ချုပ်တွေ တိုက်ခဲ့ ခိုက်ခဲ့ ပါတယ် ဆိုတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်ပဲ။ ပြောလိုက်ရင်တော့ မိုင်းတုံ မိုင်းယန်း မဲသဝေါ မဲလှ မာနယ်ပလော မော်ဖိုးကေ ပုံပါကျင် ကြက်အူတောင် အထင်ကရ တိုက်ပွဲ မှန်သမျှ ဒင်းတို့  အသေခံ တိုက်ခဲ့ တာလိုလို ဘာလိုလိုနဲ့  တကယ်တမ်းမေးကြည့် သူများတွေ အုန်းဒိုင်း ချနေတုန်း ထမင်းပဲ ချက်သလိုလို ရေပဲခပ် သလိုလိုနဲ့  အရှုးကွက်နင်းပြီး မသေပဲကျန်တဲ့ ကောင်တွေ ဟင်း ခုတော့ ကြီးပွါးနေလိုက်ကြတာ။ တော်ပါပြီ ဒင်းတို့  အကြောင်းပြောရင် နိုဗယ်ဆု (Novel Prize) နဲ့  တို့ အမေ အကြောင်း ရောက်မှာဟုတ်ဘူး။

အဲ ဈေးက၀ယ်လာသမျှ ဗူးတွေထဲ ရောက်ပြီးရင် ကြွတ်ကြွတ်အိတ်တွေ အလှည့်ပဲ။ သန့်  သန့်  လေးတွေဆို ဒီတိုင်းခေါက်၊ ငါး ဘာညာထည့်လာတဲ့ အိတ်ဆို ရေဆေး နေလှန်း ပြီးမှ သေသေချာချာ ခေါက်တာ။ မီးပူတောင် လျှပ်စစ်မီးက ဘထွေးတော်တရုတ်နဲ့  ပထွေးတော်ကုလားပြည် ကို ပေးထားလို့ ။ မဟုတ်လို့  ကတော့ မီးပူတောင် ထိုးဖို့  အစီအစဉ် ရှိလားမှတ်ရတယ်။ ငယ်ငယ်တုန်းကတော့ န၀တ ဆိုတာ တရုတ်အထီး နဲ့  ကုလားမနဲ့  ယူ မွေးလာတဲ့ ကပြားက ဒေါ်စိန်အေး နဲ့  ကြိုက် အောက်တန်းစား နဲ့  ညား ပြီးမှမွေးလာတာလို့  ဘယ်သိမှာလဲနော။ ကြီးလာမှသာ အော် အဲ့ဒီ ဇာတ်ပျက်လေး က မြန်မာ ပြည်သူ/သားတွေ သွားကြားထိုးတံ မရှိမှာဆိုးလို့  ကျွန်းပင်ကြီးတွေ ခုတ်ခုတ်ပြီး တရုတ်ပြည်က သွားကြားထိုးတံ မှာပေးရှာတာပါလား လို့ သိရတာ။ စေတနာနဲ့ နော် ဟီးဟီး။

ကဲ ဆက်ကြဦးစို့ ။ အဲ့လို အိတ်လေးတွေကို ခေါက် တနေရာ မှာ ထား။ ဈေးသွားမယ် ဆို ခေါက်ပြီးသားလေး တွေထဲက သင့်တော်ရာတွေ ရွေးယူသွား။ ဈေးရောက်ရင် ဘယ်ဈေးသည်မှ အိတ်ပေးစရာမလိုအောင် ကို အဆင်ပြေတာ။ ဒါတောင် နို့  မှုန့်  အိတ်တို့  ဘာတို့ ဆိုတာ မယူလို့ ကို မရလို့ ။ ဈေးသည်မှန်သမျှ ကလဲ အမေဈေးဝယ်ရင် အဆစ်ပေးတဲ့သူနဲ့  အပိုယူသွားပါဦး ဆိုတာကတမျိုး။ ကိုယ်အိတ်လေးတွေနဲ့  ကိုယ်ဝယ်တာကိုး။ အဲ့ဒီ ခေတ်က ကြွတ်ကြွတ်အိတ် ဈေး မပေါသေးတာရော အမေက ရိုးတာ ခင်စရာ ကောင်းတာရောနဲ့  ဈေးသည် ဈေးဝယ် ဟာမိုနီ ကိုကျလို့ ။ ဈေးတစ်ပတ်လဲ ပြည့် အမေ့ရဲ့ ကြွတ်ကြွတ်အိတ် လေးတွေလဲ ပစ္စည်းတွေ ပြည့်ပေါ့ဗျား။ ကဲ ဘယ်လောက် စနစ်တကျ ရှိတဲ့ ရီဆိုင်ကယ် စစ်စတန် (Recycle System) လဲ။

ဒါတင်ပဲလား ဆိုရင်တော့ ဆားနဲ့  ပါ ဖျား လို့  မရသေးဘူး။ အိမ်ပြန်ရောက်တာနဲ့  အရင် လိုပဲ ခေါက်သင့်တာ ခေါက် ဆေးသင့်တာဆေး ဒါဘယ် ယူ့ စ် (Double Use) ထရာဘယ် ယူ့ စ် (Triple Use) တို့  ဆိုတာ ရီဆိုင်ကယ်ရဲ့ အစဆိုရင် တို့  အမေက ဖောင်ဒါပဲ(Founder)။ နောက်ထပ် ရလာတဲ့ နို့  မှုန့်  အိတ်အခွံ တို့  ဘာတို့  ကတော့ အမေ့ရဲ့ ဘုရားသွား ကျောင်းတက် လှူဖို့  တန်း ဖို့  ငွေစက္ကူ အသစ်လေးတွေ နေစရာပေါ့ဗျာ။

အဲ သူ့  သားသမီးတွေ ခရီးသွားမလား၊ အ၀တ်အစား အကြော်အလှော် ထည့်မလား သုံးလိုက်စမ်း အိတ်လေးတွေ။ အ၀တ်တွေ အတွက်က ဘယ်အိတ် ငပိကြော် ဘာညာ သာရကာ အတွက်က ဘယ်အိတ် ကုတ်ဒ် (Code) လုပ်ပြီးသား အဆင်ကို ပြေလို့  ။ မိုးရာသီ အတွက် ကျောင်းသားများ စာအုပ် ရေမစို စေရန် အိတ်၊ ဘုရားသွား ကျောင်းတက် ငွေအသစ်လေးတွေ အတွက် အိတ်၊ ဒယ်ဒီကြီး ပင်စင်သွားထုတ် ရင်ယူဖို့  အိတ်၊ ကျောင်းဆရာမ သမီးကြီး အတွက် အဖြေလွှာများ ထည့်ယူလာရန် အိတ် ကဲ သုံးမရတဲ့ နေရာရှာကြည့် လို့  ကိုမရတာ။

ဟောင်းနွမ်းပြီး သုံးမရတဲ့ အိတ်ဆိုရင်ရော၊ ပစ်လိုက်ပြီထင်ပါနဲ့  ။ အိမ်ထဲကလူတွေ အတွက်အသုံး မတည့်ရင် ခြံထဲက အပင်တွေ ရှိသေးတယ်လေ။ ငရုပ်ပင် စိုက်ဖို့  မြေဆွေး ထည့်ရန်အိတ်၊ သင်္ဘောပင်ပျိုးဖို့  အိတ်၊ ရွက်လှပင် ဘုန်းကြီးကျောင်း ကိုလှူဖို့  ပျိုးထားတဲ့ အိတ်၊ သရက်ပင် ပျိုးတဲ့ အိတ် ကဲ ပြောပြရင် ကုန်ဘူးနော။ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) ဆိုတာ ဘယ်ကစတယ် ထင်တုန်း။ အမေ့ရဲ့ မိုဘိုင်း ငရုပ်ပင်၊ မိုဘိုင်း ချဉ်ပေါင်ပင်၊ မိုဘိုင်း ကြက်သွန်မြိတ်ပင် ဆိုတာက ဘယ်နိုင်ငံ တကာ ကစာတမ်းတွေ ဖတ်ပြီး အားကျလို့  လုပ်တာမဟုတ်ပါ။ ခိုးချင်းခိုး သူတို့  ပဲ အမေ့ဆီက ပုံတူ လာကူးသွားတာ ပဲဖြစ်မှာ။ နောက် မိုဘိုင်း ရွက်လှပင်၊ မိုဘိုင်း ဇော်စိမ်းပင်၊ မိုဘိုင်း လေးကျွန်းကြာခိုင် တို့  နဲ့  မိုဘိုင်း ဘုရားပန်းခင်း တောင်ရှိသေး။ ဒါတွေ အကုန် ကြွတ်ကြွတ် အိတ် ရီဆိုင်ကယ် တွေချည်း။ မြေအိုး နဲ့  စိုက်တာ ကတော့ သည်ဂရိတ် (The Great) ဂမုန်းပင် တွေပါ။ ဒါတွေကတော့ မြန်မာတွေရဲ့ အသည်းစွဲ တွေမို့  ရီဆိုင်ကယ် စစ်စတန် (Recycle System) နဲ့  လွတ်တာ။

ကြွတ်ကြွတ်အိတ်တွေ မြေကြီးထဲရောက်လို့  စိတ်ပူပါသလား။ မပူပါနဲ့  ။ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) က ဒါဘယ် (Double) ထရာဘယ် (Triple) တွေများလာတော့ ကြွတ်ကြွတ်အိတ်လဲ ဘယ်ခံနိုင်မှာတုန်း။ သူလဲ အဆိုတော် ကော်ဘရာ (Cobra) လို ဆွေးမြေ့ အသည်းပေါ့ကွယ်။ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) သုံးကြိမ် မြောက်လောက်မှာ ဒင်းတို့  ဆွေး ရင်ဆွေး မဆွေးလို့  ကတော့ ကတ်ကြေးစာမိတာပဲ။ ကဲ ယုံကြမလား ၁၉ ရာစုက အဖွားကြီးမှာ ၂၁ ရာစု (Recycle Forum) ရဲ့ စနစ်တကျ ရီဆိုင်ကယ်လုပ်ခြင်း ဆိုတာ သဘာဝပေး အသိနဲ့  ရှိနှင့်ပြီးသားနော်။ ခုခေတ် ရွှေရန်ကုန်သူတွေ သိကြရဲ့လား၊ သုံးမရတဲ့ ကြွတ်ကြွတ်အိတ် ကိုဘယ်လိုပစ်ရမယ် ဆိုတာ။ သဘာဝ ပတ်ဝန်းကျင် ကိုထိခိုက်လို့  မီးမရှို့  ဘူးနော်။ မီးမရှို့  တဲ့ နောက်ထပ် အကြောင်းကလဲ အမှိုက်ထဲက ပိုးမွှားတွေ သေမှာစိုးလို့  ဗျို့  ။ ကဲ ဒါလဲ ဂေဟ စနစ်ကို ထိန်းသိမ်းရာ မရောက်ဘူးလား။

ကဲ ကြွတ်ကြွတ်အိတ် ပြီးတော့ ပလတ်စတစ်ဗူး ပေါ့ဗျာ။ သူတို့  လဲ ကုလားဆီ ရောက်ရင်ရောက် မရောက်ရင်တော့ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) ထဲ ရောက်တာပဲ။ ကွမ်းသီးပင်ပေါက် ပျိုးမလား၊ စွယ်တော်ပင်ပေါက် ပျိုးမလား၊ ဗာဒံပင်ပေါက် ပျိုးမလား ဒါတွေ တွက်လဲ လာထားပဲ။ မိုဘိုင်း ငရုပ်ပင်ဆိုတာလဲ သူနဲ့  ရတာပဲ။

ရှမ်းပြည်က သူ့  သမီး ကျောင်းဆရာမတွေ ပြန်လာလို့  စတော်ဗယ်ရီ သီး ခြင်းကလေး တွေ ပါလာလို့  ကတော့ အကြိုက်ပေါ့။ စားပြီးနောက်နေ့  အဲဒီ ခြင်းမှာ မြေဆွေး နဲနဲ နဲ့  အပင်တစ်ပင် ပျိုးပြီးသား။ ကမ္ဘာ့  ကိုဒုက္ခ ပေးတဲ့ ပလတ်စတစ် မပြောနဲ့  ၀ါးနဲ့  လုပ်တဲ့ စတော်ဗယ်ရီ ခြင်းတောင် ရီဆိုင်ကယ်လုပ်တာ။ အခုပေါ်ပင် လုပ်နေကြတဲ့ ပလတ်စတစ် ပပျောက်ရေးဆိုတာ ရန်ကုန်သူမတွေ လူအထင်ကြီးအောင် ပလတ်စတစ် တိုက်ဖျက်ရေး လွယ်အိတ်ကြီးလွယ် ကားယား ကားယား လျောက်ပဲများ နေကြတာကို လူတွေက အဟုတ်မှတ် ကြတာ။

တစ်ရက်လောက်တော့ အိုဘားမား ဖြစ်ဖြစ် ကုလ အတွင်းရေးမှူးချုပ် ဆီဖြစ်ဖြစ် စာတင်ဖို့  စိတ်ကူးထားတယ်။ ဗွီဒီယို မှတ်တမ်း တွေ ပါပို့  ချင်တာ။ ၁၉ ရာစု ကအမေအို ကြီးတစ်ယောက်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုပြီး။ ကျွန်တော် ထင်ပါတယ်။ သူတို့  တွေ မျက်ပြူးဆံပြာ နဲ့  ရောက်လာကြဦးမှာ။ တို့  အမေကို ဟိုမေး ဒီမေး ဟိုဗျူး ဒီဗျူး လုပ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မှာ ဒေါ်လှနဲ့  ကို ခန့်  နောက်ပြီး ကမ္ဘာကြီးအတွက် တာဝန်ထမ်းခိုင်း နေမှခက်ရော။ ဒါဆို အမေ ဘုန်းကြီးကျောင်း သွားဖို့  အာ့း တော့မယ်မထင်ဘူး။

ကဲ ဘယ် ကုလ ကမှ လစာ မပေးပေမဲ့၊ ဘယ်အဖွဲ့  အစည်းကမှ မတိုက်တွန်း ပေမဲ့၊ ဘယ်ေ..ာက်စစ်အစိုးရကမှ (ဟာ သူ့  အကြောင်းပြောနေရင် ကိုပါေ..ာက် စိတ်ပျက်တယ်)၊ ဘယ် ကြံ့ဖွတ် ကမှ မခြိမ်းခြောက်ပေမဲ့။ ၁၉ ရာစု အမေကြီး ကတော့ သဘာဝ ပတ်ဝန်းကျင် ကို သူတတ်စွမ်းသရွေ့  ကယ်တင်နေပါတယ်။ ဒီစာ လေးကို ဖတ်မိကြသူအပေါင်း ရောင်းရင်းတို့  လဲ ကိုယ်တတ်စွမ်းသရွေ့  ကမ္ဘာကြီးကို ကယ်တင်ဖို့  တိုက်တွန်းလိုက် ရပါတယ်ဗျာ။