Showing posts with label မိသားစုအကြောင်း. Show all posts
Showing posts with label မိသားစုအကြောင်း. Show all posts

Saturday, 19 June 2010

ကျနော်တို့  အဖေ


ကျနော်တို့  အဖေ


အဖေဟာ ၁၉၃၅ ခုနှစ်ဖွား တိုင်းရင်းသား စစ်သားဟောင်းတစ်ယောက်ပါ။ ရုပ်ရည်ရူပကာ ကတော့ ခန့်  ခန့်  ထည်ထည်နဲ့  တည်ငြိမ်တဲ့ အထဲမှာပါပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်ဟိန်းနဲ့  နဲနဲ ဆင်ပါတယ်။ ဦးကျော်ဟိန်းလို ပုံပျက်ပန်းပျက် ၀တဲ့အထဲမှာလဲ မပါပါဘူး။ မျက်နှာကျ တူတာကို ပြောချင်တာပါ။ ကျနော်လိုက်လို့  မမှီနိုင်တာတွေ ကလဲ အဲဒီ အရည်အချင်းတွေပါ။ ဟဲ ဟဲ ကိုယ်ဘာသာ ညံ့တယ်လို့  ၀န်ခံလိုက်ပါ့ဗျား။ သူတို့  ခေတ်က တပ်မတော်မှာ လူအင်အား လိုအပ်နေတဲ့ အချိန်ပါ။ နိုင်ငံတော်ကို ချစ်လို့ ၊ တိုင်းပြည်ကို တကယ် ကာကွယ် ချင်ကြတဲ့ သူတွေသာ စစ်တပ်ထဲ ၀င်ကြတာပါ။ ခုတော့ ကျနော် မမွေးခင်လောက်မှာ အဖေဟာ စစ်တပ်ထဲက ထွက်လိုက်ပြီးပါပြီ။

တခါတလေ သူငယ်ငယ်က အတွေ့  အကြုံတွေ ပြောပြတတ်ပါတယ်။ ရန်သူ့  မိုင်းကို ရှင်းဖို့  ရာ ၀ါးပင်ကို ခုတ်ပြီး အရင်းပိုင်းက ကိုင်ကာ၊ သွားမဲ့ လမ်းကို ထိုးသွားကြရတယ် လို့  ပြောပါတယ်။ ၀ါးပင် အဖျားတွေ ခတ်လိုက်လို့  ရန်သူ့  မိုင်းတွေကွဲတဲ့ အခါ လူတွေနဲ့  အလှမ်း နဲနဲဝေးလို့  ဒဏ်ရာရသူ နည်းစေတယ်လို့  လဲပြောပါတယ်။ ခုခေတ်လို မိုင်းရှာကိရိယာ ဆိုတာ ဘာမှန်းမသိပါဘူးတဲ့။ ပြီးတော့ သူတို့  တုန်းက သေနတ်ဆိုတာ စစ်သည်က ကိုယ်ပိုင်လိုပဲ အိမ်မှာ (တပ်ထဲကအိမ်) သာထားကြပါတယ်တဲ့။ ခုခေတ်လို စစ်သည်တွေ လက်နက်တွေ ခိုးပြီး တောခိုမှာ ကြောက်လို့  သေနတ်တွေကို လက်နက်တိုက်ထဲမှာ သံကြိုးနဲ့  တွဲ သော့ အထပ်ထပ်ခတ် ထားရတာမဟုတ်ပါဘူး။

သေနတ်ကို ကိုယ်တိုင်ပစ်ရမယ့် စစ်သည်ဟာ ကိုယ့်စိတ်ကြိုက် ထိန်းသိမ်း၊ ပြုပြင်၊ တိုက်ချွတ် ကြရပါတယ်။ ဒါမှလဲ သေနတ်နဲ့  လူဟာ တသားထဲ ကျပြီး ပစ်မယ်ဆိုတဲ့ အချိန်မှာ အဆင်သင့် ရှိနေမှာလို့  ပြောတတ်ပါတယ်။ ဒါပေမဲ့ မှတ်မှတ်ရရ သူဘယ်သူပုန်ကို ဘယ်လို ပစ်သတ်လိုက်ပါတယ် လို့  ဂုဏ်ယူပြီး ပြောတတ်သူ မဟုတ်ပါ။ ခုလက်ရှိ စစ်ဗိုလ်ဖြစ်သွားတဲ့ သူငယ်ချင်းတွေ ပြောလေ့ရှိသလို ဘယ်တုန်းက သူပုန်လို့  ထင်တဲ့သူကို တပ်ရင်းမှူးက ခိုင်းလို့  ဘယ်လို ပစ်သတ်လိုက်တာ တို့ ၊ ခိုင်းတာ မလုပ်တဲ့ ပေါ်တာ (porter) တွေကို ဘယ်လို ပစ်သတ်ရ လိုက်ရတာတို့  လို တခါမှ မကြားဘူးပါ။ ဒါမျိုးတွေကို သူငယ်ချင်းစစ်ဗိုလ်တွေ မြိန်ရေ ရှက်ရည် ပြောတာ ကြုံခဲ့ ရဘူးပါတယ်။ အဖေကတော့ တိုင်းရင်းသားချင်း သတ်ရတာကို နှစ်မြို့ဟန် မတူပါဘူး။

အဖေနဲ့  ပတ်သတ်လို့  အမှတ်ရစရာတွေ အများကြီးပါ။ အဲ့ဒီထဲမှာမှ ကျနော် မှတ်မိတာလေးတွေ ပြောပြချင်ပါတယ်။ အဖေဟာ စစ်သားဟောင်းကြီးဖြစ်လို့  တော်တော်ကို အတွေ့  အကြုံများပါတယ်။ တောထဲမှာ ကိုယ်ဘာသာ ရှင်သန် ဖို့  ကြိုးစားခဲ့ ရလို့  စစ်တပ်က အငြိမ်းစားယူတဲ့ အချိန်မှာ အားလုံးတတ်နေတယ်လို့  ထင်ရအောင်ကို ပညာ ပြည့်စုံပါတယ်။ သစ်၊၀ါးတွေနဲ့  အိမ်ကို ကိုယ်ဘာသာ ဆောက်တတ်ပါတယ်။ အသက်ကြီးလို့  သူကိုယ်တိုင် မလုပ်နိုင်ပေမဲ့ ဌားလုပ်တဲ့ လက်သမား မှန်သမျှ အဖေ့ ကော်မန်း (command) ကို မငြင်းနိုင်ပါဘူး။

ကျနော် သိတတ်စလောက်မှာ အဖေနဲ့  အမေ စိတ်ဆိုးပြီး အဖေဆင်းသွားဖူးပါတယ်။ တစ်လလောက်နေတော့ ကျနော် တို့  အဖေ့ဆီ လိုက်သွားကြည့်တဲ့အခါ တောင်ပေါ်မှာ ၀ါးအိမ်လေး သပ်သပ်ရပ်ရပ်နဲ့  စိုက်ခင်းလေးနဲ့  စိုပြေနေတဲ့ အဖေ့ရဲ့ နေရာသစ်ကို တွေ့  ရပါတယ်။ စိုက်ပျိုးရေးမှာလဲ ဘယ်အပင်ကို ဘယ်လိုစိုက်ရမယ် ဆိုတာက အစ ကျွမ်းကျင်ပါတယ်။ ကျနော်တို့  ရောက်သွားတော့ မှတ်မှတ်ရရ အဖေ သူ့  အိမ်လေးမှာ မရှိပါဘူး။ အနီးပါးက စိုက်ခင်းမှာ အလုပ်ရှုပ်နေပုံရပါတယ်။ ဘယ်သူနဲ့  အဖေဆီသွားကြသလဲတော့ ကျနော်ငယ်လွန်းလို့  မမှတ်မိပါ။

အဖေရှိတဲ့ နားကိုသွားတော့ စိုက်ခင်းလေးက စမ်းချောင်းလေးနားမှာပါ။ စိုက်ခင်းမှာလဲ (ကျနော် မှတ်မိသလောက်) မုန်လာပင်၊ ချဉ်ပေါင်ပင်၊ နောက် ပြောင်းဖူးပင်တွေနဲ့  တခြား ကျနော် မသိတဲ့ အပင်တွေ စိုက်ထားပါတယ်။ နောက်တစ်ခု ပိုမှတ်မိတာက စမ်းချောင်းလေးနားမှာ ယုန်ကလေး တွေဖြတ်ပြေးသွားတာပါပဲ။ အဲ့ဒီနေက အဖေဆီမှာ ထမင်းစားပါတယ်။ ထမင်းချက်တာ မြေအိုးကလေး နဲ့  လို့  ထင်ပါတယ်။ ဘာတွေစားလဲ တော့ မသိတော့ပါဘူး။ ယောင်္ကျားကြီးတစ်ယောက်ထဲ နေပေမဲ့ မီးဖိုချောင် ပစ္စည်းကအစ၊ ရှိတဲ့ ပစ္စည်းလေးတွေ ဟာ သူဟာနဲ့  သူ နေရာကျနေတာ ကိုတော့ ကောင်းကောင်း မှတ်မိပါတယ်။ ဒါက ကျနော့ (memory) ထဲက တစ်ခုပါ။

နောက်တစ်ခု ကျနော်မှတ်မိတာလေး တစ်ခုက အဖေ တိုက်ကြီး ဂျိုးဖြူမှာ သွားနေတုန်းကပါ။ ဂျိုးဖြူ က တိုင်းဗဟိုလေ့ကျင့်ရေး တပ်ဟာ အဖေ စစ်တပ်ကနောက်ဆုံး ထွက်လာတဲ့နေရာပါ။ အသိအကျွမ်း များတာရယ်၊ ကိုယ်နေခဲ့တဲ့ တပ်နယ်မြေဖြစ်တာကြောင့် အဖေအဲ့ဒီမှာ သစ်စက်နဲ့  စီးပွားရေး လုပ်ပါတယ်။ ကျနော် ၂ တန်းမှာ အရေးအခင်းဖြစ်လို့  ကျောင်းတွေ ပိတ်ထားတုန်း အဖေဆီ သွားလည်တာပေါ့။ ပျော်တာမှ အရမ်းပဲ။ အဲ့ဒီမှာ ၁၀ ရက်လောက်နေခဲ့တယ်လို့  ထင်တယ်။

ဒီနေရာမှာ အဖေနဲ့  ပတ်သတ်လို့  အဖေ့ရဲ့စိတ်နေ သဘောထားလေး နဲနဲပြောပါရစေ။ အဖေက စကားပြောရင် မဖွဲ့  နွဲ့  တတ်သလို တုံးတိ လဲ မဆန်ပါဘူး။ တဘက်သား ကို နားလည်အောင် ရှင်းပြတတ်ပါတယ်။ စိတ်တို ရင်တော့ ပြတ်ပြတ်ပြောပါတယ်။ တစ်ခု ပြောစရာရှိတာက သူများတကာကို လုံးဝ အားနာ၊ သနားတတ်ခြင်းပါပဲ။ လူလည်လူပါး သူငယ်ချင်းတွေက အကူအညီ လိုတိုင်း လာလာငိုပြကြတာ မှတ်မိသေးတယ်။ နောက်ပြီး တော်တော်ကို ရိုးအ ပါတယ်။ ရိုးတယ်လို့  ပြောရင်ပိုကောင်းမလားပဲ။ “အ” တော့မ “အ” ပါ။ လူများတကာကို အသုံးချလိုမှု၊ ရယူလိုမှု တို့  နဲ့  ဘယ်သော အခါမှ မပေါင်းတတ်ပါဘူး။ အသုံးချတယ် ဆိုတာလဲ ဘယ်လိုမှန်းသိမှာ မဟုတ်လောက်ပါဘူး၊ ရိုးချက်က အဲ့လို။

အဖေ သစ်စက်လုပ်တော့ ငွေတော်တော် ပေါပါတယ်။ ဒါပေမဲ့ ဘယ်သောခါမှ စုဆောင်းမိတယ် မရှိပါဘူး။ သဘောကောင်းတာရယ်၊ သနားတတ်တာရယ်နဲ့  ပဲ ငွေတွေ ကလျောကနဲ လျောကနဲ ကုန်တာပါပဲ။ အဖေတို့  အလုပ်က ပင်ပန်းတော့ ညဖက်ရောက်ရင် သူ့  ဘော်ဘော်တွေနဲ့  ၀ိုင်းတတ်ကြပါတယ်။ တစ်ရက် ၀ိုင်းတဲ့နေ့ ကတော့ မှတ်မှတ်ရရ အဖေက သူ့  မွေးနေလို့  ဆိုပါတယ်။ ကျနော်လဲ ဘယ်ရမလဲ ၀ိုင်းဘေးကနေ အမြည်းဝင်တွယ်တာပေါ့။

အိမ်ပြန်ရောက်လို့  အမတွေကို မေးကြည့်တော့မှ အဖေ ကျနော့ကို ဘတ်ကီးရိုက်မှန်း သိတာ ဟားဟား။ အဖေ့မွေးနေ့  မဟုတ်ဘူးလေ၊ သားရှေ့မှာ ဒီအတိုင်းသောက်လို့  မသင့်တော်လို့  မွေးနေ့  လို့  ကျနော့ကို ဘတ်တာ။ ဟီးဟီး အမတွေ ပြောမှ သိတာ။ ဒါတောင် ဘာကြောင့် ဘတ်မှန်း ကြီးလာမှ စဉ်းစားမိတာလေ။ ဟုတ်တော့ဟုတ်တာပဲ သားသမီးရှေ့မှာ အရက်သောက်တာ ပလိန်းကြီး သောက်လို့  မှ မသင့်တော်ပဲ ဟုတ်တယ်ဟုတ်။

ကျနော်ကတော့ အဖေ့ဆီ နေရတာ အကြိုက်ပဲ၊ ငွေကြိုက်သလောက်ယူ ဈေးဆိုင်တန်းမှာ မုန့်  စားလိုက်၊ ကြံရည် ဖျော်ရည် သောက်လိုက်နဲ့  ဟုတ်နေတာပဲ။ ကလေးဆိုတော့လဲ ပျော်တာပေါ့။ အဖေက သစ်စက် လုပ်တော့လဲ အပင်တွေ စိုက်တဲ့ အကျင့်ကောင်းလေးက ပျောက်မသွားပါ။ တနိုင် သီးပင်၊ စားပင်ကတော့ စိုက်တာပဲ။ အဖေတို့  ခေတ်လောက်ကလူတွေက ဒီလိုမှ အလုပ်မလုပ်ရရင် နေနိုင်ကြသလိုပါပဲ။

ဒယ်ဒီဖားသားနဲ့  မာမီမားသားတို့  ဖူးစာဆုံတာလေးကလဲ ၀တ္တုထဲကလို ကဗျာဆန်ဆန်လေးပါ။ ကျန်းမာရေး မကောင်းတဲ့ အဖွားကို ကျနော့်အမေက ရန်ကုန်မှာ ဆေးကုဖို့  သင်္ဘောနဲ့  အလာ၊ သင်္ဘောပေါ်အတက်မှာ အမေ့ရဲ့ လည်မှာစည်းထားတဲ့ ပုဝါလေးဟာ လေမှာ လွှင့်ပါသွားပြီး စစ်သားကြီး အဖေ့ ခြေထောက်နားမှာ သွားကျသတဲ့။ ကဲ ဘယ်လောက်ကဗျာ ဆန်လိုက်သလဲ။ အဲ့လို သိပ်ချစ်ကြလို့  ပဲထင်ပါရဲ့ အမေနဲ့  အဖေ သိပ်မတဲ့ကြဘူး။ မှတ်မိသလောက်တော့ အဖေကပဲ စိတ်ကောက်ပြီး အိမ်ပေါ်က ဆင်းဆင်းသွားတာများသလို ပါပဲ။ ဟီးဟီး ခုမှပြောရဲတာ။ ငယ်ငယ်ကတော့ ကြောက်မှကြောက်၊ စစ်သား လက်သီး တစ်ချက်မြည်း အီးအီး ထွက်လတံ့ပဲလေ။ လက်သီးတစ်လုံးတစ်လုံးက မျက်နှာနဲ့  ဆိုက်ချင်းအတူတူပဲ။ တကယ်တော့လဲ မလုပ်တတ်ပါဘူး။ ကျနော် အရိုက်ခံရတာဆိုလို့  သိပ်မရှိသလောက်ပဲ၊ ကျနော်ကလူလည်ဗျ၊ ဖားတတ်တယ်။ အရိုက်မခံရခင်ကထဲက အရူးကွက်နဲ့  ပတ်ပြေးတတ်ပါသဗျ။

ကျနော် ခုနှစ်တန်း၊ ရှစ်တန်းလောက် အရောက်မှာ ကျနော်တို့  အိမ်နဲ့  သိပ်မဝေးတဲ့ ငါးကန်တွေမှာ အဖေက ကြီးကြပ်တဲ့ အလုပ်လုပ်ပါတယ်။ ဒီအလုပ်ကလဲ သူနဲ့  ကိုက်တာက ငါးကန်တွေနားမှာ သူ့  ၀ါသနာ အတိုင်း ကိုယ်နေဖို့  အိမ်လေး ကိုယ့် ဘာသာ ဆောက်နေလို့  ရတာရယ် တပည့်တပန်းတွေ ရှိတာရယ်၊ နောက်ပြီး အပင်တွေ စိုက်လို့  ရတာရယ်ပေါ့။

ဒီနေရာမှာ အဖေ ဆောက်တဲ့ အိမ်သေးသေးလေးတွေ အကြောင်းနဲနဲ ပြောပြချင်ပါတယ်။ အိမ်လေးတွေကို မျှောတိုင်တွေနဲ့  ဖရိန် (Frame) တည်ပါတယ်။ ၀ါးကို ကိုယ့်ဘာသာ ခုတ်၊ ကိုယ့်ဘာသာခွဲပြီး ထရံရက်၊ နောက် မျက်နှာစာမှာ ၀ါးနဲ့  ပဲ မှန်ကူကွက်တွေ လုပ်တာပါ။ တော်တော်ကို သပ်သပ်ရပ်ရပ်နဲ့  ခိုင်ခံ့မှု ရှိပါတယ်။ လေ၀င်လေထွက်လဲ ကောင်းပါတယ်။ အိမ်သေးသေးလေးထဲမှာ ဘုရားစင်၊ အိပ်ခန်း၊ မီးဖို နေရာ တွေဟာနဲ့  သူဟာနဲ့  သူ နေရာတကျ ပါဝင်ပါတယ်။ အမိုးကလဲ သက်ကယ်အမိုးပါ။ ဓနိပျစ် တွေဝယ်စရာမလိုပါ။ ကြမ်းပြင်ကတော့ ၀ါးတစ်မျိုး (၀ါးပိုးဝါးလို့  ထင်ပါတယ်) ကို ပြန့်  ပြူးနေအောင် ခွဲခြမ်းပြီး ခင်းပါတယ်။ ချောမွေ့  နေအောင်ပြုပြင်ထားပါတယ်။

ကျနော် ကျောင်းပိတ်ရင် အဖေ့ဆီသွားပါတယ်။ ကျနော်သဘောကျတာက လေကောင်းလေသန့်  တွေ အားပါးတရကို ရှုရှိုက်ရတာ၊ လူသံသူသံ တိတ်ဆိတ်တာ တွေကြောင့် စာကောင်းကောင်း ကျက်လို့  ရတာတွေပါ။ နောက်တစ်ခုကတော့ ဟီး.. ဟီး ကျနော့ အကြိုက် အစားအသောက်ပေါ့။ ငါးကန်ဆိုတော့ ငါးက အကြိုက်စားပဲ၊ ငါးသေးသေးဆိုတာက အပြင်းပြေ စားဖို့  ကျော်ထားတာ။ နောက် အသီးအရွက်တွေ ကြိုက်တာ ခူးပြီး ကြော်ချင်သလို ကြော်စားတာတွေလဲပါတယ်လေ။ ဒန့်  သလွန် အရွက် ကတော့ ကျနော့် ဖေးဘရိတ် (Favorite) ပဲလေ။

အဖေကတော့ ကျနော်ဘာလုပ်လုပ် သိပ်အပြစ်ပြောမနေတတ်ဘူး။ အဲ့တော့ ကျနော်က အကြိုက်ပဲ။ ကျနော်ကြော်တဲ့ ဒန့်  သလွန် ရွက်ကြော်ခါးခါးလဲ အဖေပြုံးပြုံး ပြုံးပြုံး နဲ့  စားတာပါပဲ။ ကျနော်သွားရင် အဖေ့အတွက် အမေထဲ့ပေးလိုက်တဲ့ အဖေကြိုက်တဲ့ အမေ့လက်ရာ ရခိုင်ငြုပ်သီးထောင်း၊ တစ်ခါတစ်လေ အညာထောင်း၊ နောက်၊ တစ်ပတ်စာ ဟင်းချက်စရာ ဆန်၊ဆီ၊ဆားတွေ ယူသွားရတယ်။ စာအုပ်တွေတော့ ယူသွားတာပဲ သိပ်တော့လဲ မကျက်ဖြစ်ပါဘူး။ ၀ါးတီးကိုပဲ အားပြုနေတာကိုး။ အဖေဖတ်ဖို့  စာအုပ်တွေလဲပါတာပေါ့။

ရုပ်ရှင်တွေထဲကလို သားသမီးတွေကိုဘယ်လောက် စိတ်ဆိုးဆိုး မြေးကျတော့ မနေနိုင်ဘူးဆိုတာမျိုး လဲ ကြုံခဲ့ ရသဗျ။ အမကြီး အိမ်ထောင်ပြုတာကို အဖေကသဘောမတူလို့  ယူပြီးကထဲက စကား မပြောတာ ကျနော့်တူလေး မွေးပြီး (၄) လ လောက်ထိပဲ။ တရက် ကျနော်ကျောင်းက ပြန်လာပြီး တူလေးနားမှာ ထိုင်ကြည့်နေတယ်။ အဲ့ဒီမှာ ကျနော့ ဒယ်ဒီပါပါက အပြင်ကပြန်လာပြီး ဘာမပြော ညာမပြော သူ့  မြေးတော်ကို ကောက်မြူပါလေရောဗျာ။ “ဟား.. ဟား.. ဟေ့ကောင်လေး ဖိုးရှုပ်လေး” ဆိုလား ဘာလားပဲ။ အားလုံးကလဲ ကြောင်ပြီးကြည့်နေကြတာ။ နောက်မှ သဘောပေါက်ကုန်ကြပြီး အရှိုရှို ရှောင်ထွက်သွားကြတာ။ လူကြီးရှက်မှာဆိုးလို့  လေ။

၁၉၉၈ ကျနော် ၁၀ တန်းတက်နေတုန်း မှာ ဒယ်ဒီ လူ့  ဘောင်ကို စိတ်ကုန်လို့  သာသနာ့ဘောင် ၀င်သွားလေရဲ့။ ကျနော် ၁၀ တန်းအောင်လို့  ကျောင်းဝင်ခွင့်တွေဖြေတိုင်း “မင်းအဖေက ဘုန်းကြီး တောင်ဝတ်သွားရတယ်ဆိုတော့ မင်းတို့  တွေ တော်တော် ဆိုးမှာပဲ” လို့  ဟာသနှောပြီး အမြဲ အပြောခံရတတ်ပါတယ်။

သားသမီးတိုင်း ကိုယ့်မိဘနဲ့  ပတ်သတ်လို့  မှတ်မိနေကြတဲ့ အကြောင်းအရာလေးတွေ ရှိကြမှာပါ။ ကျနော် ဒီအကြောင်းတွေ ရေးရတာက ကိုယ့်ရဲ့ မှတ်ဥာဏ်လေးတွေ မလျော့နဲ သွားခင် အမှတ်တရ ဖြစ်စေချင်တာရယ်၊ ဖတ်မိကြသူတိုင်း ကိုယ့်ခံစားချက်လေးတွေကို ကလောင်သွားထက်တင်ပြီး သူများကို မျှဝေ ပေးစေလိုတာ တွေကြောင့်ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်ထဲက သာသနာ့ဘောင် ၀င်သွားတဲ့ ကျနော့် အဖေဟာ ခုထိလဲ ဘုရားရှင်ရဲ့ သားတော်အဖြစ်ပဲ သာသနာ့ဝန်ကို ဆက်လက် ထမ်းဆောင်နေပါတယ်။ ခု ၂၀၁၀ ကမ္ဘာ့ဖလား ကာလမှာတော့ ဘုန်းဘုန်းလဲ ၀ါသနာလေးကို မစွန့်  နိုင်သေးတာကြောင့်ရယ်၊ သူ့  ကျောင်းသားတွေ အပန်းပြေ ကြရ စေအောင်ကြောင့်ရယ် တောင်အာဖရိက နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို သူ့  သား/သမီး များလှူဒါန်းတဲ့ ၂၄ လက်မတီဗွီ နဲ့  အားပေးလျက်ရှိနေပါတယ်ဗျိုး။


ဖတ်မိသမျှ၊ သင့်ဒုက္ခ၊
ပြေပျောက်ပါစေ၊ တောင်းဆုချွေသား။
မှတ်မိသမျှ၊ သင့်မှတ်ဥာဏ်လည်း၊
ပေထက်ကလောင်၊ ရွှေရွက်ညောင်ကဲ့၊
အင်တာစာမျက်၊ ဂူဂဲလ်ထက်မှာ၊
တင်ကာမျှဝေ၊ နိုင်ပါစေကြောင်း၊ ဆုချွေတောင်းမိပါ၏။


Saturday, 15 May 2010

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ကျွန်တော်တို့ အမေ



သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ကျွန်တော်တို့ အမေ

အမေဟာ ၁၉၃၅ ခုနှစ်ဖွား ရှေးအဖွားကြီးပါ။ တိုင်းရင်းသူလဲဖြစ်တာကြောင့် စကားအပြောအဆိုနဲပြီး ရိုးအသူလဲ ဖြစ်ပါတယ်။ အမေတို့  ခေတ်ကာလ အနေအထားအရ ဘာသာတရားရဲ့ အုပ်စည်းမှု ကောင်းတာကြောင့် သူများကို လိမ်ဖို့  နေနေသာသာ ကိုယ်အလိမ်မခံရအောင် မနည်းရှောင်ရှား ရတတ်တဲ့ လူစားမျိုးတွေပါ။ သူမမှာ ကျွန်တော်အပါအ၀င် သားသမီးပေါင်း ၈ ယောက်ရှိပါတယ်။ ၁ ယောက်ကတော့ ကလေး ဘ၀မှာပဲ ဆုံးပါးခဲ့လို့  ၇ ယောက်လို့  ပြောရင်လဲရပါတယ်။ ဘုရားရှင်ရဲ့ ဂိုက်လိုင်း (Guide Line) ဖြစ်တဲ့ ငါးပါးသီလ (Five Principles) ကို အတတ်နိုင်ဆုံး စောင့်ထိန်းတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ သားသမီးတွေကိုလဲ ဒီလိုပဲ သွန်သင်ခဲ့သူ ဖြစ်ပါတယ်။

အမေတို့  ခေတ်က လူ့  အသုံးအဆောင် ပစ္စည်းအလွန် ရှားပါးတဲ့ခေတ်ပါ။ (အဟဲ ကျွန်တော်တို့  ခေတ်မှာလဲ မပေါပါဘူး) ဈေးကွက်ထဲမှာ ရှားပါးတာကို ပြောချင်တာပါ။ သူတို့  ခေတ်က ကြွတ်ကြွတ်အိတ်တို့  ဘာတို့ဆိုတာ တော်တော့်ကို ရှားပါတယ်။ တစ်ခါဈေးဝယ်လို့  ကြွတ်ကြွတ်အိတ်များပါလာလို့  ကတော့ ဆေးကြောပြီး သိမ်းလိုက်ပြီးသားပဲမှတ်။ သတင်းစာ စက္ကူ ဆိုလည်း သုံးတတ်သမှ အလေအလွင့်ကို မရှိစေရဘူး။ အဖေဖတ်ပြီးသား သတင်းစာတွေဟာ ရွှေတိဂုံဘုရား လဲ ရောက်ရဲ့။ ပဲခူးဘုရား လဲ ရောက်ရဲ့။ တိရစ္ဆာန်ဥယျာဉ် ဆိုလဲ ပါလာတာပဲ။ အဲ့ဒီခေတ်က မြက်ဖျာတို့  ဘာတို့  ဆိုတာ ရှားတော့ ခင်းဖို့  ပြုဖို့  ဆို ဒင်းတို့  ပဲ အားကိုးရတာလား။ စာပေကို မရိုသေဘူးလို့  တော့ မဝေဖန်လိုက်ပါနဲ့ ။ သတင်းစာပေါ်က အကြောင်းအရာစုံ ဖခင်ကြီးဖတ်ပြီး သူ့  ဘော်ဒါတွေနဲ့  ဝေဖန်ရေး လေကန်ရေးတွေ လုပ်ပြီးမှ ဒီလို သုံးတာပါ။

အိမ်မှာက အိမ်ဆိုင်လေးလဲ ရှိလေတော့ သတင်းစာ ဖြတ်ပိုင်းလေးတွေက ငရုပ်မှုန့်  တို့  သကြားတို့  အတွက်လဲ ကတော့လေးတွေ ဖြစ်ပြန်ရော။ အသုံးမတဲ့ တဲ့ နေရာကိုမရှိတာ။ ဟော ရောင်စုံ ကြွတ်ကြွတ်အိတ် ကလေးတွေ ခေတ်ရောက်လာပြန်တော့ရော သတင်းစာ ကိုမသုံးဘူး များထင်နေကြလား။ ဆက်သုံးတာပဲ (ဟဲ ဟဲ ထရိတ်ဒေးရှင်းနဲလ် Traditional ဆိုတာဒါလားပဲ)။ အဓိက ပြောချင်တာက ကမ္ဘာတခုလုံး ကို ဒုက္ခပေးမဲ့ ကြွတ်ကြွတ်အိတ် ပြသနာ ကိုစဉ်းစားမိလို့  ပါပဲ။ မြေဆီလွှာတွေ ခန်းခြောက် ပတ်ဝန်းကျင် ညစ်ညမ်း သားဌက်တွေ ရေသတ္တ၀ါတွေသေ လူတွေ မွေးတဲ့မျောက် အဲ လူတွေဖန်တီးခဲ့ တဲ့ ဒီ ကြိတ်ကြိတ်အွတ် တွေဟာ ပြသနာ အတုံးအခဲ တွေပါပဲ။ ဒီလိုကိစ္စတွေမှာ တို့  ရဲ့ မာတာမိခင်ကြီးတို့  ဘယ်လိုရင်ဆိုင်သလဲ ပြောပြမလို့  ။ ဟင်းဟင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့  ၊ ကုလ တို့ လောက်တော့ ပျင်းတောင်ပျင်းသေး။ ဒင်းတို့  က ခုမှ လစာလေး ရလို့  သာ သဘာဝပတ်ဝန်းကျင် ကို ဖျတ်ဖျတ်လူး ထိန်းမယ် သိမ်းမယ်နဲ့  ဖြစ်နေကြတာ မြန်မာပြည် က ရှေးအဖွားကြီးတွေ လုပ်ပုံ ကိုင်ပုံသာ ခုနေ အွန်လမ်း (Online) ကို တင်လိုက်လို့  ကတော့ နိုဗယ်ဆု (Novel Prize) ဆိုတာ ရန်အောင် အကယ်ဒမီ ယူသလို ၅ ထပ်ကွမ်း တို့  ၆ ထပ်ကွမ်းတို့  ဖြစ်နေမယ်။ ကဲ ဆက်လိုက်ဦးမယ်။

ကြွတ်ကြွတ်အိတ်(ကြိတ်ကြိတ်အွတ်) နဲ့  အမေ။..........ဈေးကပြန်လာတဲ့ ဘယ်သူဖြစ်ဖြစ် ပစ္စည်းတွေ ချပြီးတာနဲ့  ကြွတ်ကြွတ်အိတ်တွေ ထဲက ဘာညာသာရကာ အစုံဟာ အမေ့ ရဲ့ ဗူး တွေ ပလုံးတွေထဲ ကို ဗီဇာတုံး ထုစရာ မလိုပါဘူး အမေ့လက်ချက်နဲ့  သူ့  နေရာနဲ့  သူ စနစ်တကျ ရောက်ပြီး သားပဲ။ ဗူးတွေမှာလဲ ဟောလစ်၊ မိုင်လို၊ အိုဗာတင်း ဖန်ပုလင်း တွေက အစ လက်တိုဂျင် နိုမှုန့်  သံဗူး အလယ် ဘားပလက်အားဆေး ကော်ဗူး အဆုံး ဘယ်ပစ္စည်းမှ ၁၀ နှစ်လောက် မသုံးလိုက်ရပဲ အိမ်ထဲ က မထွက်ရ၊ မာရှယ်လောပဲ။ ဟင်း ဟင်း ဘယ်ရမလဲ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံမှာ နေနေတာပဲဟာကို။ ပြတ်ပြတ်သားသားပဲ။ မလုပ်ရင်အရှင်း လုပ်ရင်လဲ ဖောရှောပဲ (စစ်တပ် စကားပုံလေ မယုံပုံပြင်သာမှတ်)။ ပြောရဦးမယ်၊ အဖေကလဲ စစ်တပ်က အငြိမ်းစားပဲ။ ခုခေတ် နအဖ ဗိုလ်ချုပ်တွေ တိုက်ခဲ့ ခိုက်ခဲ့ ပါတယ် ဆိုတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်ပဲ။ ပြောလိုက်ရင်တော့ မိုင်းတုံ မိုင်းယန်း မဲသဝေါ မဲလှ မာနယ်ပလော မော်ဖိုးကေ ပုံပါကျင် ကြက်အူတောင် အထင်ကရ တိုက်ပွဲ မှန်သမျှ ဒင်းတို့  အသေခံ တိုက်ခဲ့ တာလိုလို ဘာလိုလိုနဲ့  တကယ်တမ်းမေးကြည့် သူများတွေ အုန်းဒိုင်း ချနေတုန်း ထမင်းပဲ ချက်သလိုလို ရေပဲခပ် သလိုလိုနဲ့  အရှုးကွက်နင်းပြီး မသေပဲကျန်တဲ့ ကောင်တွေ ဟင်း ခုတော့ ကြီးပွါးနေလိုက်ကြတာ။ တော်ပါပြီ ဒင်းတို့  အကြောင်းပြောရင် နိုဗယ်ဆု (Novel Prize) နဲ့  တို့ အမေ အကြောင်း ရောက်မှာဟုတ်ဘူး။

အဲ ဈေးက၀ယ်လာသမျှ ဗူးတွေထဲ ရောက်ပြီးရင် ကြွတ်ကြွတ်အိတ်တွေ အလှည့်ပဲ။ သန့်  သန့်  လေးတွေဆို ဒီတိုင်းခေါက်၊ ငါး ဘာညာထည့်လာတဲ့ အိတ်ဆို ရေဆေး နေလှန်း ပြီးမှ သေသေချာချာ ခေါက်တာ။ မီးပူတောင် လျှပ်စစ်မီးက ဘထွေးတော်တရုတ်နဲ့  ပထွေးတော်ကုလားပြည် ကို ပေးထားလို့ ။ မဟုတ်လို့  ကတော့ မီးပူတောင် ထိုးဖို့  အစီအစဉ် ရှိလားမှတ်ရတယ်။ ငယ်ငယ်တုန်းကတော့ န၀တ ဆိုတာ တရုတ်အထီး နဲ့  ကုလားမနဲ့  ယူ မွေးလာတဲ့ ကပြားက ဒေါ်စိန်အေး နဲ့  ကြိုက် အောက်တန်းစား နဲ့  ညား ပြီးမှမွေးလာတာလို့  ဘယ်သိမှာလဲနော။ ကြီးလာမှသာ အော် အဲ့ဒီ ဇာတ်ပျက်လေး က မြန်မာ ပြည်သူ/သားတွေ သွားကြားထိုးတံ မရှိမှာဆိုးလို့  ကျွန်းပင်ကြီးတွေ ခုတ်ခုတ်ပြီး တရုတ်ပြည်က သွားကြားထိုးတံ မှာပေးရှာတာပါလား လို့ သိရတာ။ စေတနာနဲ့ နော် ဟီးဟီး။

ကဲ ဆက်ကြဦးစို့ ။ အဲ့လို အိတ်လေးတွေကို ခေါက် တနေရာ မှာ ထား။ ဈေးသွားမယ် ဆို ခေါက်ပြီးသားလေး တွေထဲက သင့်တော်ရာတွေ ရွေးယူသွား။ ဈေးရောက်ရင် ဘယ်ဈေးသည်မှ အိတ်ပေးစရာမလိုအောင် ကို အဆင်ပြေတာ။ ဒါတောင် နို့  မှုန့်  အိတ်တို့  ဘာတို့ ဆိုတာ မယူလို့ ကို မရလို့ ။ ဈေးသည်မှန်သမျှ ကလဲ အမေဈေးဝယ်ရင် အဆစ်ပေးတဲ့သူနဲ့  အပိုယူသွားပါဦး ဆိုတာကတမျိုး။ ကိုယ်အိတ်လေးတွေနဲ့  ကိုယ်ဝယ်တာကိုး။ အဲ့ဒီ ခေတ်က ကြွတ်ကြွတ်အိတ် ဈေး မပေါသေးတာရော အမေက ရိုးတာ ခင်စရာ ကောင်းတာရောနဲ့  ဈေးသည် ဈေးဝယ် ဟာမိုနီ ကိုကျလို့ ။ ဈေးတစ်ပတ်လဲ ပြည့် အမေ့ရဲ့ ကြွတ်ကြွတ်အိတ် လေးတွေလဲ ပစ္စည်းတွေ ပြည့်ပေါ့ဗျား။ ကဲ ဘယ်လောက် စနစ်တကျ ရှိတဲ့ ရီဆိုင်ကယ် စစ်စတန် (Recycle System) လဲ။

ဒါတင်ပဲလား ဆိုရင်တော့ ဆားနဲ့  ပါ ဖျား လို့  မရသေးဘူး။ အိမ်ပြန်ရောက်တာနဲ့  အရင် လိုပဲ ခေါက်သင့်တာ ခေါက် ဆေးသင့်တာဆေး ဒါဘယ် ယူ့ စ် (Double Use) ထရာဘယ် ယူ့ စ် (Triple Use) တို့  ဆိုတာ ရီဆိုင်ကယ်ရဲ့ အစဆိုရင် တို့  အမေက ဖောင်ဒါပဲ(Founder)။ နောက်ထပ် ရလာတဲ့ နို့  မှုန့်  အိတ်အခွံ တို့  ဘာတို့  ကတော့ အမေ့ရဲ့ ဘုရားသွား ကျောင်းတက် လှူဖို့  တန်း ဖို့  ငွေစက္ကူ အသစ်လေးတွေ နေစရာပေါ့ဗျာ။

အဲ သူ့  သားသမီးတွေ ခရီးသွားမလား၊ အ၀တ်အစား အကြော်အလှော် ထည့်မလား သုံးလိုက်စမ်း အိတ်လေးတွေ။ အ၀တ်တွေ အတွက်က ဘယ်အိတ် ငပိကြော် ဘာညာ သာရကာ အတွက်က ဘယ်အိတ် ကုတ်ဒ် (Code) လုပ်ပြီးသား အဆင်ကို ပြေလို့  ။ မိုးရာသီ အတွက် ကျောင်းသားများ စာအုပ် ရေမစို စေရန် အိတ်၊ ဘုရားသွား ကျောင်းတက် ငွေအသစ်လေးတွေ အတွက် အိတ်၊ ဒယ်ဒီကြီး ပင်စင်သွားထုတ် ရင်ယူဖို့  အိတ်၊ ကျောင်းဆရာမ သမီးကြီး အတွက် အဖြေလွှာများ ထည့်ယူလာရန် အိတ် ကဲ သုံးမရတဲ့ နေရာရှာကြည့် လို့  ကိုမရတာ။

ဟောင်းနွမ်းပြီး သုံးမရတဲ့ အိတ်ဆိုရင်ရော၊ ပစ်လိုက်ပြီထင်ပါနဲ့  ။ အိမ်ထဲကလူတွေ အတွက်အသုံး မတည့်ရင် ခြံထဲက အပင်တွေ ရှိသေးတယ်လေ။ ငရုပ်ပင် စိုက်ဖို့  မြေဆွေး ထည့်ရန်အိတ်၊ သင်္ဘောပင်ပျိုးဖို့  အိတ်၊ ရွက်လှပင် ဘုန်းကြီးကျောင်း ကိုလှူဖို့  ပျိုးထားတဲ့ အိတ်၊ သရက်ပင် ပျိုးတဲ့ အိတ် ကဲ ပြောပြရင် ကုန်ဘူးနော။ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) ဆိုတာ ဘယ်ကစတယ် ထင်တုန်း။ အမေ့ရဲ့ မိုဘိုင်း ငရုပ်ပင်၊ မိုဘိုင်း ချဉ်ပေါင်ပင်၊ မိုဘိုင်း ကြက်သွန်မြိတ်ပင် ဆိုတာက ဘယ်နိုင်ငံ တကာ ကစာတမ်းတွေ ဖတ်ပြီး အားကျလို့  လုပ်တာမဟုတ်ပါ။ ခိုးချင်းခိုး သူတို့  ပဲ အမေ့ဆီက ပုံတူ လာကူးသွားတာ ပဲဖြစ်မှာ။ နောက် မိုဘိုင်း ရွက်လှပင်၊ မိုဘိုင်း ဇော်စိမ်းပင်၊ မိုဘိုင်း လေးကျွန်းကြာခိုင် တို့  နဲ့  မိုဘိုင်း ဘုရားပန်းခင်း တောင်ရှိသေး။ ဒါတွေ အကုန် ကြွတ်ကြွတ် အိတ် ရီဆိုင်ကယ် တွေချည်း။ မြေအိုး နဲ့  စိုက်တာ ကတော့ သည်ဂရိတ် (The Great) ဂမုန်းပင် တွေပါ။ ဒါတွေကတော့ မြန်မာတွေရဲ့ အသည်းစွဲ တွေမို့  ရီဆိုင်ကယ် စစ်စတန် (Recycle System) နဲ့  လွတ်တာ။

ကြွတ်ကြွတ်အိတ်တွေ မြေကြီးထဲရောက်လို့  စိတ်ပူပါသလား။ မပူပါနဲ့  ။ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) က ဒါဘယ် (Double) ထရာဘယ် (Triple) တွေများလာတော့ ကြွတ်ကြွတ်အိတ်လဲ ဘယ်ခံနိုင်မှာတုန်း။ သူလဲ အဆိုတော် ကော်ဘရာ (Cobra) လို ဆွေးမြေ့ အသည်းပေါ့ကွယ်။ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) သုံးကြိမ် မြောက်လောက်မှာ ဒင်းတို့  ဆွေး ရင်ဆွေး မဆွေးလို့  ကတော့ ကတ်ကြေးစာမိတာပဲ။ ကဲ ယုံကြမလား ၁၉ ရာစုက အဖွားကြီးမှာ ၂၁ ရာစု (Recycle Forum) ရဲ့ စနစ်တကျ ရီဆိုင်ကယ်လုပ်ခြင်း ဆိုတာ သဘာဝပေး အသိနဲ့  ရှိနှင့်ပြီးသားနော်။ ခုခေတ် ရွှေရန်ကုန်သူတွေ သိကြရဲ့လား၊ သုံးမရတဲ့ ကြွတ်ကြွတ်အိတ် ကိုဘယ်လိုပစ်ရမယ် ဆိုတာ။ သဘာဝ ပတ်ဝန်းကျင် ကိုထိခိုက်လို့  မီးမရှို့  ဘူးနော်။ မီးမရှို့  တဲ့ နောက်ထပ် အကြောင်းကလဲ အမှိုက်ထဲက ပိုးမွှားတွေ သေမှာစိုးလို့  ဗျို့  ။ ကဲ ဒါလဲ ဂေဟ စနစ်ကို ထိန်းသိမ်းရာ မရောက်ဘူးလား။

ကဲ ကြွတ်ကြွတ်အိတ် ပြီးတော့ ပလတ်စတစ်ဗူး ပေါ့ဗျာ။ သူတို့  လဲ ကုလားဆီ ရောက်ရင်ရောက် မရောက်ရင်တော့ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) ထဲ ရောက်တာပဲ။ ကွမ်းသီးပင်ပေါက် ပျိုးမလား၊ စွယ်တော်ပင်ပေါက် ပျိုးမလား၊ ဗာဒံပင်ပေါက် ပျိုးမလား ဒါတွေ တွက်လဲ လာထားပဲ။ မိုဘိုင်း ငရုပ်ပင်ဆိုတာလဲ သူနဲ့  ရတာပဲ။

ရှမ်းပြည်က သူ့  သမီး ကျောင်းဆရာမတွေ ပြန်လာလို့  စတော်ဗယ်ရီ သီး ခြင်းကလေး တွေ ပါလာလို့  ကတော့ အကြိုက်ပေါ့။ စားပြီးနောက်နေ့  အဲဒီ ခြင်းမှာ မြေဆွေး နဲနဲ နဲ့  အပင်တစ်ပင် ပျိုးပြီးသား။ ကမ္ဘာ့  ကိုဒုက္ခ ပေးတဲ့ ပလတ်စတစ် မပြောနဲ့  ၀ါးနဲ့  လုပ်တဲ့ စတော်ဗယ်ရီ ခြင်းတောင် ရီဆိုင်ကယ်လုပ်တာ။ အခုပေါ်ပင် လုပ်နေကြတဲ့ ပလတ်စတစ် ပပျောက်ရေးဆိုတာ ရန်ကုန်သူမတွေ လူအထင်ကြီးအောင် ပလတ်စတစ် တိုက်ဖျက်ရေး လွယ်အိတ်ကြီးလွယ် ကားယား ကားယား လျောက်ပဲများ နေကြတာကို လူတွေက အဟုတ်မှတ် ကြတာ။

တစ်ရက်လောက်တော့ အိုဘားမား ဖြစ်ဖြစ် ကုလ အတွင်းရေးမှူးချုပ် ဆီဖြစ်ဖြစ် စာတင်ဖို့  စိတ်ကူးထားတယ်။ ဗွီဒီယို မှတ်တမ်း တွေ ပါပို့  ချင်တာ။ ၁၉ ရာစု ကအမေအို ကြီးတစ်ယောက်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုပြီး။ ကျွန်တော် ထင်ပါတယ်။ သူတို့  တွေ မျက်ပြူးဆံပြာ နဲ့  ရောက်လာကြဦးမှာ။ တို့  အမေကို ဟိုမေး ဒီမေး ဟိုဗျူး ဒီဗျူး လုပ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မှာ ဒေါ်လှနဲ့  ကို ခန့်  နောက်ပြီး ကမ္ဘာကြီးအတွက် တာဝန်ထမ်းခိုင်း နေမှခက်ရော။ ဒါဆို အမေ ဘုန်းကြီးကျောင်း သွားဖို့  အာ့း တော့မယ်မထင်ဘူး။

ကဲ ဘယ် ကုလ ကမှ လစာ မပေးပေမဲ့၊ ဘယ်အဖွဲ့  အစည်းကမှ မတိုက်တွန်း ပေမဲ့၊ ဘယ်ေ..ာက်စစ်အစိုးရကမှ (ဟာ သူ့  အကြောင်းပြောနေရင် ကိုပါေ..ာက် စိတ်ပျက်တယ်)၊ ဘယ် ကြံ့ဖွတ် ကမှ မခြိမ်းခြောက်ပေမဲ့။ ၁၉ ရာစု အမေကြီး ကတော့ သဘာဝ ပတ်ဝန်းကျင် ကို သူတတ်စွမ်းသရွေ့  ကယ်တင်နေပါတယ်။ ဒီစာ လေးကို ဖတ်မိကြသူအပေါင်း ရောင်းရင်းတို့  လဲ ကိုယ်တတ်စွမ်းသရွေ့  ကမ္ဘာကြီးကို ကယ်တင်ဖို့  တိုက်တွန်းလိုက် ရပါတယ်ဗျာ။

Saturday, 24 April 2010

About my little sister


ဂျစ်တူးမ .. အလှကြီးမဟုတ် သိုသော် စေ့စေ့ကြည့်လျှင် ကြည့်ကောင်းသည်။ မျက်ခုံးများက မျော့မဲမဲကြီး ၂ကောင် တင်ထားသည့် အလား။ အကောင်းဆုံးက သူမရဲ့  ထူထဲဖြောင့် စင်းသည့် ဆံပင်ရှည်ရှည်များ။ ဆံလုံးကြီးပြီး ဆံသား ကောင်းလွန်းသည်။ သူမ၏ ဆံပင်ဖြောင့်များကို မနာလိုစွာ နင့်ဆံပင်တွေက ဝက်မွှေးနဲ့  တူတယ်လို့  ပြောခဲ့ဘူးသည်။ သူမ ဆေးကျောင်းတက်သည့် ဒုတိယနှစ်တွင် ခါးကျော်ကျော် ရှည်သည့် ဆံပင်များကို စိတ်မရှည်စွာ ဖြတ်သည်။ “ ငါ့ခေါင်းမှာ သန်းတွေ လင်ယူ သားမွေး၊ လုပ်နေလို့  ဟေ့’’ ဆိုပြီး ဂွကျကျ ပြောသည်။ သန်းလာတွယ်သည်လို့  မပြော။ သူမဆံပင်များက လဲ သန်လွန်အားကြီးသည် ၊ အရှည်မြန်သည်။

စာတွေများလွန်းသဖြင့် အိမ်ပြန်လာတိုင်း စကား ကြာကြာဝိုင်းမဖွဲ့  နိုင်။ သူမစကားပြောလျှင် သွယ်ဝိုက်ဖွဲ့  နွဲ့  ပြီးမပြောတတ်၊ တဲ့တိုးပြောလွန်းသည်။ အဖြောင့်အတိုင်း ပြောလို့  တခါတခါ နားထဲမှာ တော်တော် ဂွ ကျသည်။ မိန်းခလေးတွေ ထဲမှာ အငယ်ဆုံး၊ အိမ်မှာက စီနီယာတွေ ဆူရင်လဲ ခံရတုန်း။ တခါမှ ပြေပြေ ပစ်ပစ် အလှမပြင်တတ်။ ခြေချောင်း လက်ချောင်းလေးတွေ က သေးသေးသွယ်သွယ် နှင့် စိတ်ဓါတ်ကတော့ အရမ်းကြံ့ခိုင်သည်။ ငယ်ငယ်ကတည်း က သူမ အချိန်ဇယားနှင့်သူမ အလုပ်လုပ်တတ်သည်။ ကလေးဘဝ ကတည်းက စာရွက်ကလေး တစ်ခုပေါ်မှာ ယနေ့  လုပ်မည့် အစီအစဉ်များကို ချရေးထားပြီး၊ တကယ်လဲ လက်တွေ့  လုပ်သည်။ ဆုပေးပွဲ မတက်ရသည့် နှစ်မရှိ၊ ပထမ အမြဲရသည်။ မှတ်မိသမျှ တော့ သူမ ဆုမယူရသည့် နှစ်ရယ်လို့  မရှိ။

ကျမ အိမ်ကို holiday အပြန် သူ နေ့  သည့် ဆေးကျောင်း အစိုးရ ဆောင၊် မြောက်ဥက္ကလာသို့  သွားကြည့်သည်။ သူမ ကုတင် အနီး ဘာအဆောင်အယာင်မှ မရှိ ၊ စာအုပ်၊ မုဒုံစောင်၊ခြင်ထောင်၊ အနီးနားမှာ အဆောင်သူတွေ ထုံးစံအတိုင်း ထမင်းပေါင်းအိုး လေးတစ်လုံး ဟင်းချက်စရာ အနည်းငယ်။ စာမှ တပါးဘာမှ ဂရုစိုက်ပုံမရ။ စိတ်ဓါတ်ကို အကြမ်းခံအောင် လေ့ကျင့်ထားပုံရသည်။ တခြားတဘက်မှာတော့ သူမအခန်းဖေါ် ရဲ့  ကုတင် ၊ ဝက်ဝံရုပ်ကြီးများ၊ ခေတ်မှီသော အသုံးအဆောင် များ ၊ နှိုးစက်နာရီ၊ အများကြီး ပြည့်နှက်လျှက်၊ တော်ရုံတန်ယုံ လူသာဆို ၊ ဒီလို နေရာမျိုးမှာ ပညာတခုထဲ မျက်နှာကို ကြည့်ပြီး နေရတာ တော်တော်ခက်မည်။

သူမှ စာတော်တော် ကြိုးစားခဲ့ပုံပေါ်သည်။ အထူးကု တက်ခွင့်ရခဲ့သည်။ နောက် လက်ထောက် ကထိက အဖြစ် နယ်မှ ဆေးတက္ကသိုလ် တခုမှာ တာဝန်ကျသည်။ ငယ်ငယ်က သူမ စက်ဘီး ဖြောင့်အောင် မစီးတတ်ခဲ့။ နယ်မှာ သွားရေးလာရေး ခက်သဖြင့် ဆိုင်ကယ်၊ စက်ဘီးကိုသာ အားကိုးရသဖြင့်၊ အိမ်ပြန် ရောက်တော့၊ မောင်ငယ်နှင့် တူလေးကို စက်ဘီးစီး သင်ခိုင်းသည်။ သူမ အိမ်မှာ ရှိချိန်ဆိုလျှင် တအိမ်သားလုံး ကျန်းမာရေး အတွက် စိတ်ချရသည်။ ဒူးနာတတ်သည့် ဖခင်၊ လေအောင့်တတ်သည့် မိခင်၊ ရင်ကြပ်တတ်သည့် မောင်လေး၊ အစားပုတ်သည့် သူမ ရဲ့  တူ ဝတုတ်လေး တို့  အတွက် FOC ကျန်းမာရေး စောင့်ရှောက်မှု က သူမဆီမှ အပြည့်အဝ ရမည်မို့  စိတ်အေးရသည်။

ကျမတို့  ငယ်ငယ် က ဖျားနာ၊ နေမကောင်းလျှင် အမေက ဆေးကြိတ် တိုက်ပါသည်။ ဆေးကိုကြိတ်၊ ရေ(သို့ ) ဘားပလက် အားဆေးနှင့် ဖျော်ကာ တိုက်ပါသည်။ ခုတော့ အမေ ကိုယ်တိုင် အသက်အရွယ် ရလာပြီး သူမ က သောက်ခိုင်းသော ဆေးကို သောက်ရတော့မည်။ ပုံလုံတလှည့် ငါးဖျံတလှည့် ပေါ့ (ဆိုင်လားမဆိုင်လားမသိ)။ အမေ ဒေါ်ရေခဲတုံး တစ်ယော်ကတော့ ငယ်ငယ်က ဆေးခါးကြီးတွေ တိုက်သမျှ ခုတော့ သူ့  အလှည့်။ (ဆောဒီးပါ မွေးသမိခင်) ဒီကလေးမ ဆေးကုတာ ကျမ မခံဘူးသေး။

ကလေးဘဝက သူမနှင့် အတူ ခုန်ပေါက် ပြေးလွှားကစားရင်း သူမရဲ့  နဖူးမှာ ကျမကြောင့် ဒဏ်ရာ အမာရွတ်စွဲ သည့်  အထိ ဖြစ်ခဲ့သည်။ ဧကဝတ် ပုားလို့  နဖူးက ဒဏ်ရာကို ကြည့်တိုင်း ငါ့ကို နင် သတိရ နေမယ် မဟုတ်လား လို့  နောက်မိသည်။ ဟာသပြောလျင် သိပ်မပေါက်၊ ၂ခါလောက်ပြောမှ နည်းနည်း နားလည်သည်။ စကားပြောလျှင်လဲ တခါမှ ဖွဲ့  ဖွဲ့  နွဲ့  နွဲ့  မပြောတတ်။ တခါတခါ သူ့  လေသံမှာ တောမှ (ဂျီးဒေါ်ကြီး) များလေသံအတိုင်း။

ငယ်ငယ်က သူမကြိုက်တဲ့ ရုပ်ရှင်မင်းသား နာမည်က “ရဲမင်းပိုင်” တဲ့ (ကျမတော့မကြည့်ဘူးပါ)။ ကြိုက်ရသည့် အကြောင်းရင်းက သိုင်းချကောင်းလို့  ပါတဲ့။ ဘုရားတွေမှာလဲ အရမ်းအလှူလုပ်လို့  ပါတဲ့။ နေကြာစေ့ ထုတ်ထဲမှ သူကြိုက်သည့် မင်းသားပုံကို ကြည့်ပြီး ကျမက ကဲ့ရဲ့  တော့ သူက ‘‘ဒီမင်းသားက စိတ်ကောင်းရှိလို့ အလှူလုပ်သည် သူမကတော့ ကြိုက်သည်တဲ့’’ ။

သူမ မဟာသိပ္ပံ ဆက်တက် နေတုန်းက သင်္ကန်းကျွန်း ဆေးရုံမှာ တာဝန်ကျသည်။ ဒီတခါတော့ သူ့  မ ကြိုက်သည့်  ရုပ်ရှင်မင်းသား ‘‘ ရဲမင်းပိုင်” လဲ ရုပ်ရှင်ရိုက်သည် မကြားတော့ ။ ညီအမ နှစ်ယောက် ဆုံမိတော့ ဘယ်မင်းသားကြိုက်လဲ မေးမိတော့ “ကျော်သူ” တဲ့ ။ ရုပ်ရှင်လဲ သိပ် မရိုက်တော့သော၊ တီဗွီမှာလဲ သိပ်မမြင်ရတော့ သော မင်းသားကျော်သူ ဆိုတော့ အံသြပြီးမေးမိသည်။ “ရဲမင်းပိုင်” လိုဘဲ သိုင်း တတ်လို့  လား ဆိုတော့ ဆေးရုံမှလူနာ တို့  စားရန် ထမင်းဟင်း အလှူရှင်မရှိသည့် ရက်တိုင်း “ကျော်သူ” တာဝန်ယူထားလို့  တဲ့။

ဒီမင်းသား တော်တော် စိတ်ကောင်းရှိသည်။ လူမှုရေး တော်တော်လုပ် သည်တဲ့ လေးစားလို့  ဒီမင်းသားကို ကြိုက်ပါသတဲ့။ တူတော်မောင် နှစ်ကောင်တော့ သူတို့  အဒေါ်ပြန်လာမည် ဆိုတော့ ပျော်နေကြမည်။ ဆယ်နှစ်သား တူတော်မောင်က နယ်မှာ ရှိနေသည့် သူမကို ဖုန်းမကြာမကြာ ဆက်ပြီး ရီပို့ တင်တတ်သည်တဲ့။ သူတို့  တွေက သွေးသောက်တူဝရီးဖွဲ့  ထားပုံရသည်။ ကဲဒီလောက်နဲ့  ဘဲနားဦးမည်။ ဂျစ်တူးမ တော့ မျက်ခုံး လှုပ် နေတော့မည်။


Wednesday, 13 May 2009

ပုဂံသူ အဘွားအကြောင်း


သူမ နာမည် မနန်းဦး၊ အညာဒေသ မြင်းကဘာရပ်၊ ပုဂံညောင်ဦး ဇာတိဖြစ်သည်။ မိခင်မှာ သူမကိုဖွားမြင် စဉ်ကွယ်လွန်သွားပြီး။ မွေးစား မိဘများနှင့် ကြီးပြင်းခဲ့သည်။ မိဘအရင်းများ၏ အမည်မှာ ဦးရွှေကိုး နှင့် မယ်မျိုးစစ် တို့  ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်တွင် ရန်ကုန်မြို့  ကုန်ဈေးတန်း ရှိ သူမ၏ မအေတူ ဖအေကွဲ အမကြီးဖြစ်သူ ဒေါ်ကျော့ နှင့် အတူနေထိုင်ခဲ့သည်။ စစ်ဖြစ်စဉ် ကာလ ဖြစ်သဖြင့် အတန်းပညာ ၄တန်းအထိသာ သင်ယူနိုင်ခဲ့သည်။ မနန်းဦး သည် ဆံပင်ရှည်၊ မဟာနဖူးနှင့် အသားရောင် ညိုဝါညက်ကြောင့် မိန်းမချော တစ်ဦးဖြစ်သည်။ ကိုလိုနီ ခေတ်ကာလတွင် နယ်မှ ကျောင်း လာတက်သော BA ကျောင်းသား ကိုစောသာ နှင့် မေတ္တာရှိပြီး ယောင်နောက်ဆံထုံးပါ နယ်တွင်နေထိုင်ခဲ့သည်။

ခင်ပွန်းသည် ကိုစောသာ သည် မနန်းဦးထက် ၈နှစ်ကြီးပြီး မနန်းဦး အပေါ် အလိုလိုက်သည်။ ကိုစောသာ သည် တက္ကသိုလ်ဘွဲ့  ရ ပညာတတ် ဖြစ်သည့် အညီ အင်္ဂလိပ် စာအရေးအသား နှင့် အပြောအဆို ကောင်းသည်။ အင်္ဂလိပ်ရုံးတွင် လက်ရေးတို စာရေးအဖြစ် အမှု ထမ်းသည်။ စကားပြောလျှင် တပြုံးပြုံးနှင့် ချစ်ခင် ခွင့်လွတ် တတ်သော ခင်ပွန်းသည် ကို ရရှိသဖြင့် မိဘမဲ့  မနန်းဦး တစ်ယောက် ဘ၀ ငြိမ်းချမ်းပြီဟု မဆိုသာ။ ဂျပန် ဝင်သောအခါ ကိုစောသာ တို့  ယောင်္ကျား တစ်စု မှာ သားမယား ကို ခွဲကာ တောထဲဝင်ပြီး ပုန်းအောင်း ကြရသည်။

တောထဲ မကြာခဏ တိမ်းရှောင် ရသော ကိုစောသာမှာ တဖြေးဖြေး ဖဲ ရိုက်တတ်လာသည်။ အညာသူ ဒေါ်နန်းဦး မှာ တခါတလေ စိတ်ဆိုးလျှင် " ကိုစောသာ၊ တော် ဖဲရိုက်ဖို့  သွားမလို့  လား၊ မွဲပါစေ၊ ပြာပါစေ၊ သပိတ်ခါ၊ အိပ်ခါ လာပါစေ" လို့  ဆို တတ်သည်။ ဒါကို ကိုစောသာ ၏ ဆွေမျိုး များကြားလျှင် လင်ကို ကျိန်တဲ့  အမျိုးဆို ပြီး ပြောတတ် ကြသည်။ ဒေါသ အလျှောက် သာပြောခဲ့သည် ခင်ပွန်းသည် သေဆုံးပြီး မိမိ လည်း ဇယာ ထောင်း လာသောအခါ ငါ့လင်ဟာ သူတော်ကောင်းကြီး ဆို ပြီး မကြာခဏ ပြောတတ်သည်။

ခင်ပွန်းသည် ကိုစောသာ သည် အစား အသောက်ကောင်း နှစ်သက်သည်။ တနေ့  တွင် အစားအသောက်စုံပြီး သွေးတက်ကာ ဆုံးပါး ကွယ်လွန် သွားတော့သည်။ ခိုကိုးရာမဲ့  မနန်းဦး လည်း အိမ်ထောင် စီးပွားရေး ရပ်တည်ရန် အိမ်ဆိုင် ငယ်ကလေးဖွင့် ကာ စီးပွား ရှာရသည်။ သားသမီး ၅ဦး ကို ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် ကျွေးမွေးသည်။ သားကြီးမှာ အသက် ၁၆နှစ်တွင် ဒေသခံ မိန်းကလေးနှင့် အိမ်ထောင်ရက်သား ကျသည်။ ဒုတိယမြောက် သမီး မအေးလူ ကို ၁၀အောင်သည့် အထိ ကျောင်းထားပြီး သူမ ခင်ပွန်းကဲ့  သို့  ရန်ကုန်သို့  တက်ခါ ပညာသင် ပေးချင်သည်။ တတိယမြောက် သားဖြစ်သူ မောင်စောထွန်းမှာ အလွန် စာတော်သည် ပညာရည်ချွန်ဆု ရကာ ဆရာဝန်ပညာ သင်ကြားရန် စောင့်နေရင် အပျင်းဖျားလေသည်။

ထိုခေတ်ကာလက ကျောက်ရောဂါမှာ ကြောက်မက်ဖွယ် အလွန်ကောင်းသည်။ သားအလတ် ကျောက်ရောဂါ ဖြင့် အပျင်းဖျားနေစဉ် ပဉ္စမသမီးထွေး မှာ ကြောက်ရောဂါ အသည်းအသန်ဖြစ်ပြီး ဆုံးသွားရှာသည်။ သားမောင်စောထွန်းမှာ နေမကောင်းလျှက်နှင့် မာမာ ညီမလေး ဘယ်မှာလဲ။ မေးသဖြင့် လွဲ လှီဖြေရရှာသည်။ မုဆိုးမ ဒေါ်နန်းဦး သည် ဆေးဝါးရှားပါးသော ခေတ်ကာလတွင် သားနှင့်သမီး တို့  ၏ဝေဒနာကို လက်ပိုက်ကြည့်ရင်း ရင်ထုမနာဖြစ်ကာ မောင်စောထွန်း ဆုံးပါးပြီး နောက် စိတ်ဝေဒနာ ပြင်းစွာ ခံစားရရှာသည်။ အိမ်ထောင့် အမှောင်ကျသော နေရာလေးတွင် အကြာကြီးထိုင်ကာ နေမိသည်။ စကားပြန်မပြောနိုင် ။

တခါကလည်း ရေတွင်းထဲသို့  ခုန်ချသဖြင့် ဦးစောသာ အမျိုးများ နှင့် အိမ်နီးပါးချင်း များ မှာ ဆယ်ယူခဲ့  ရသည်။ သမီး မအေးလူ နှင့် သားငယ် မောင်သာကျော် တို့  မှာ မိခင်ကြီးကို ကြည့်ကာ ရင်နင့်ရှာသည်။ ရန်ကုန်မှ အမကြီးဖြစ်သူ ဒေါ်ကျော့ မှဆေးဝါး ကုသ ရန်နှင့် အတူနေရန် ခေါ် သောအခါ သမီးဖြစ်သူနှင့် သင်္ဘောစီးပြီး ရန်ကုန်သို့  ထွက်ခွာခဲ့သည်။

ရန်ကုန်တွင် ဆေးဝါးကုသမှု ခံယူပြီးနောက် သမီးဖြစ်သူ အား တပ်မတော်သား တစ်ဦးနှင့် အိမ်ထောင်ချ ကာ သမီးနှင့် သမက် နေထိုင်ရာ တွင် အတူ လိုက်ပါနေထိုင်သည်။ လောကဒဏ်၏ ဖိနှိပ်မှု သည် ဒေါ်နန်းဦးအပေါ် မတရား၊ သားအကြီးဆုံး မှာ လူဝင်မှု ကြီးကြပ်ရေး အရာရှိဖြစ်ပြီး မိခင်ကို လစဉ် ထောက်ပံ့ရှာသည်။ သားအငယ် မောင် သာကျော်မှာ ဖခင် ခေါင်းချရာ ပြည်နယ်ရှိ သမိုင်းဝင် မြို့ ဟောင်းမှ ဘ၀တူ ကျောင်းဆရာမ တစ်ဦှးနှင့် အိမ်ထောင်ကျပြီး ကျောင်းအုပ် ဆရာကြီး ရာထူး ရလာသောအခါ နှစ်စဉ် ၁၀တန်းဖြေလွှာပို့  တိုင်း မိခင်ထံ အလည် အပတ်လာသည်။ မိခင်အား အဝေးမှ ထောက်ပံ့သည်။ ဒေါ်နန်းဦးသည် သမီးဖြစ်သူ ဒေါ်အေးလူ၏ သားသမီးများကို ကူညီ စောင့်ရှောက်သည်။ ဘုရားဇာတ်တော် များ၊ ၅၅၀ ဇာတ်နိပါတ်တော်များ၊ ပုံပြင်များကို မြေးငယ်၊မြေးမငယ်များ နားလည်စေရန် ည အိပ်ရာဝင်တိုင်း ရှင်းပြသည်။ ခေါင်းချသည့် အထိ သမီးဖြစ်သူ၏ မိသားစုနှင့် အေးအတူပူအမျှ နေသွားခဲ့ သည်။