Sunday 11 January 2015

အမှောင်ထုထဲက အလင်းစက်များ 14.11.2010 တွင် share သည်

ဟုတ်ကဲ့ ဘောလုံးပွဲစတယ်ဆိုတာနဲ့ Firefox က Google ကို စ ပေးတယ် ခင်ဗျ.... Google က Facebook ကို ထပ်ပေးပါတယ်။ ဟုတ်ကဲ့ တက်တယ်ခင်ဗျကျတယ် ခင်ဗျ ပြန်တက်တယ်။ ပြန်ပြုတ်ကျတယ်။ ရတနာပုံက မခံပါဘူးခင်ဗျာပြန်ဖြတ်ချတယ်ခင်ဗျ။ ဒါပေမယ့် ADSL က နာမည် အပျက်မခံဘူးခင်ဗျ။ အခုအချိန်မှာဆိုရင် ပုဂံက စိတ်ညစ်လို့ မှိုင်နေတယ်ခင်ဗျ။ ဟော.. ပြောရင်နဲ့  တက်လာပြန်ပါပြီခင်ဗျ။ရတနာပုံက ရာဇဝင်အရိုင်းမခံပါဘူးခင်ဗျာ.. ပြန်ဖြတ်ချပါတယ်။.. အခုဆိုရင် Connection ကြီးဟာ ပြောနေရင်းနဲ့ ပြတ်ကျသွားပါပြီခင်ဗျား.... ရတနာပုံဘက် ပါသွားပြန်ပြီခင်ဗျ Facebook တက်တယ်။ User တွေက ဝိုင်းအားပေးတယ်ခင်ဗျရတနာပုံက ပြန်ဖြတ်ချတယ်။ Google တက်လာပြန်ပြီ... ဒိုင်လူကြီး ပုဂံက Network busy ပြပါတယ်ခင်ဗျ။ အသုံးကြမ်းလို့ ပါတဲ့... Gmail လေး က တက်ဖို့ ချောင်းနေတယ်ခင်ဗျ... Loading လေး ဆွဲပြေးသွားပြီ...... ပြည့်ခါနီးပါပြီခင်ဗျ... ဟုတ်ကဲ့ အပြည့်ရောက်ခါနီးမှာပဲ Connection က ပြန်ဖြတ်ချလို့  တစ် နေပါတယ်ခင်ဗျ။ အားပေးနေတဲ့ User တွေဟာဆိုရင် အခုဆိုရင် သုံးရတာ ဆန့် တငံ့ငံ့ ဖြစ်နေပါတယ်။ ရတနာပုံရဲ့  အစွမ်းတွေပေါ့ခင်ဗျ... ပွဲကို ကြည့်ရတာ ရင်တဖိုဖိုနဲ့  ဘယ်တော့ ပြန်ကောင်းမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူးခင်ဗျ... ဟုတ်ကဲ့ပြောရင်းနဲ့  Facebook လေး Signin ဝင်သွားပြီခင်ဗျ... Home Page လေး တက်နေရင်းတန်းလန်း တစ်ဝက်ပဲပေါ်သေးတယ် ငြိမ်သွားပါပြီခင်ဗျ... အောက်ကို ကြည့်လိုက်တော့ Done ပါတဲ့... ဒါနဲ့  User ကအငြိမ်မနေပဲ Refresh ပြန်လုပ်တယ်ခင်ဗျ... Network Timeout ပါတဲ့ဒိုင်လူကြီး ပုဂံက အလစ်ကို မပေးပါဘူးခင်ဗျ... ဟုတ်ကဲ့ User ကိုတိုးတိုး တိုးတိုးနဲ့  သွားပြောနေပါတယ်ခင်ဗျ... ဘာပြောတာပါလိမ့်...? ဟုတ်ကဲ့ User က ဒီဘက်ကိုပြန်ပြောတယ်ခင်ဗျ... ဒိုင်လူကြီးက ပြောပါတယ်တဲ့ "အဲလောက်နဲ့ တက်တက်မလာနဲ့ " လို့ ပြောပါတယ်တဲ့။ ဟုတ်ကဲ့ အခုဆိုရင် User တွေနဲ့ ရတနာပုံနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ်ခင်ဗျ... User တွေကလဲ တင်းတယ်ခင်ဗျ... ရတနာပုံကို အသေရရ အရှင်ရရ ပါတဲ့... ရတနာပုံက Complain တက်တယ်ခင်ဗျ. FTTH တွေတပ်နေလို့ ပါတဲ့ဟုတ်ကဲ့ User က မယုံပါဘူးခင်ဗျာ.. ဟုတ်ကဲ့ အခုဆိုရင် ပွဲစနေတာ ၅ ရက်လောက်ရှိပါပြီခင်ဗျ... ပွဲဟာဆိုရင် ပြီးဖို့  နိုဝင်ဘာ ၇ ရက်နေ့ အထိ စောင့်ရမယ်သဘောရှိတယ်ခင်ဗျ... ဟုတ်ကဲ့ ကျွန်တော်ကြေငြာနေစဉ်အတွင်းမှာပဲ ကွင်းဘေးဒိုင် EPC က မီးဖြတ်ချလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးး 

Author : အမှောင်ထုထဲက အလင်းစက်များ 28th Jan 2011 တွင် ရေးပြီး email ဖြင့် share သည်

ဒီကလေးဘာတွေဖတ်နေပါလိမ့်… သူစဉ်းစားသည်၊ အဲ့ဒါမှခက်ရော… သူဘာကိုမှစဉ်းစားလို့ မရ.. “အားပါးပါး… ” ….. “ငါစဉ်းစားတွေးခေါ်တာတွေ မလုပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီပဲ” … “အိုး… ငါ့ခေါင်းထဲက ဦးနှောက်ကိုလေးသည်ဆိုပြီး ထုတ်ထားခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပဲ” .. “ဗုဒ္ဓေါ…. ငါဘာတွေဖြစ်နေခဲ့ပါလိမ့်” လို့  ပထမဦးဆုံးအကြိမ် ဘုရားကိုတမိသည်။ “ဦးနှောက်ခေါင်းထဲတွင် ထည့်ထားခြင်းက ဦးခေါင်းကိုလေးလံစေသည်” ဒါဟာသူဆောင်ပုဒ်ပဲမဟုတ်လား။ သူ့  ဆောင်ပုဒ်ကို လိုက်နာကြောင်းပြသည့် အနေဖြင့် သူ့ နောက်လိုက်တွေ၊ ၀န်ကြီးတွေ အကုန်လုံး ဦးနှောက်ထုတ်ရောင်းခြင်းကို လုပ်လိုက်ကြသည်မှာ အုန်းအုန်းကြွက်ကြွက်။ တွေ့ ကရာ အကုန်စားသည့် ပေါက်ဖော်ကြီးတို့  တိုင်းပြည်ကတောင် ဦးနှောက်တွေ စားမကုန်ဖြစ်ကုန်လို့  ဦးနှောက် တင်ပို့ ခြင်းကို တားမြစ်လိုက်ရတာပြန်သတိရသည်။ သူ့ ဆောင်ပုဒ်မှန်ကန်ကြောင်း သူသက်သေပြနိုင်ခဲ့သည်။ ဦးနှောက်ထုတ်ထားသူမှန်သမျှ ကြီးကြီးတက်ချမ်းသာ ကုန်ကြသည်၊ ရတနာစိန်ကျောက်တွေ ပေါများလိုက်သည်မှာ ဇယ်တောက်တမ်း ကစားနိုင်သည်အထိပင်။ ဦးနှောက်ထုတ်ထားသူပင်မဆိုထားနှင့် ဦးနှောက်ထုတ်ခြင်းကို အားပေးထောက်ခံသူများပင် ခမ်းနားလှသော နေအိမ်၊ အဆောင်အယောင်၊ စီးတော်ယာဉ် များစွာ ပိုင်ဆိုင်နိုင်ကြလေသည်။ ဦးနှောက်ထုတ်ခြင်းကို လက်မခံကြသူများမှာ အောက်ခြေအလုပ်များလုပ်ကိုင်နေကြပြီး မွဲလိုက်တေလိုက်တာမှ ဖွတ်ကပင် အဘ ခေါ်ယူရသည်ထိ။ ဒီလောက်မွဲတေနေကြတာတောင် ဦးနှောက်ထုတ်ဖို့  ငြင်းဆန်နေကြတုန်း။ ဆိုးလိုက်သည့်လူတွေ။ ဒီလူတွေအစား သူရင်မောသည်။ တစ်နေ့ တစ်နေ့  ခေါင်းလေးလေးကြီးတွေ နှင့် အလုပ်လုပ်နေကြတာ ပင်ပန်းလိုက်တာ။ မျက်စိပါထုတ်ထားဖို့  သူ့ မှာ အစီအစဉ်ရှိသည်။ မျက်စိ့ မရှိတော့ လင်းမှာ မှောင်မှာ တွေးပူနေစရာမလို။ သူ့ စေတနာကို နားမလည်သော နားလည်ရခက်သည့် လူတွေကို သူအံ့အောမိတာအမှန်။ စာဖတ်နေတဲ့ကလေးကို သူတစ်ချက်ကြည့်ပြီး သူဆက်လျောက်လာခဲ့သည်။ ဘာလိုလိုနဲ့  မှောင်စပျိုးလာလေပြီ။ သူ့ အတွက်နားခိုရာနေရာတစ်ခု ရှိမှဖြစ်မည်။ အိမ်ကိုလဲ သူမပြန်တတ်တော့။ ဘယ်လိုပြန်ရမလဲ သူမသိ။ ဦးနှောက်မရှိခြင်းအား ပထမဆုံးအကြိမ် အပြစ်တင်မိသည်။ ရွာလူကြီးအိမ်ဟု ယူဆရသော ပျဉ်ထောင်အိမ်ခပ်ကြီးကြီး တစ်ခုကို သူရောက်လာသည်။ ဒီညအိပ်ဖို့ အတွက် နေစရာလိုမည်မဟုတ်လား။ ခြံဝင်းထဲသို့ ဝင်လိုက်ချိန်တွင် မှိန်ပြပြအလင်းရောင်အောက်မှာ … လူတွေ လူတွေ နဲတာမဟုတ်.. ကလေးတွေကော .. ခွေးတွေ ကြောင်တွေကအစ၊ ကျွဲနွား တိရစ္ဆာန် အဆုံး အကုန်ရောက်လို့ နေသည်။ လမ်းမှာ သူမြင်ခဲ့တဲ့ ကလေး၊ လူကြီးတွေပါ တွေ့ ရသည်။ တစ်ယောက်တစ်ပေါက် ပြောဆိုလျက်ဆူညံနေသည်။ ရွာလူကြီးဖြစ်ဟန်တူသူက “ကဲကဲ… မဆူညံကြနဲ့ တော့ဗျာ… ခေါင်းအေးအေးထားပြီးဝိုင်းစဉ်းစားကြတာပေါ့. … အားလုံးရဲ့ အရေးပဲမဟုတ်လား” အဘွားအို တစ်ဦးက “အိုး… သူကြီးရယ် နေ့ စဉ် စဉ်းစားလာကြတာ ခုဆို ၂ နှစ်ကျော်လို့  ၃ နှစ်ထဲ ၀င်လာပါပကောလား”.. မိန်းမကြီးတစ်ဦး.. “ဟုတ်ပါ့ရှင်… ခုထိ တစ်ညမှ လွတ်အောင်ပြေးနိုင်တယ် မရှိသေးဘူး” … “ဒီဝဋ်ကြွေးက လွတ်ချင်လှပါပြီရှင်”… တိရစ္ဆာန်များက ထောက်ခံသည့်သဘောကိုအသံဖြင့်ပြကြသည် “ကတော်… ကတော်… ၀ုတ်… ညောင်… ညွံ့ ၊ ဘွတ်အဲ”… နှပ်ချေးတွဲလောင်းနဲ့ ကလေးတစ်ယောက်က “ကဲကဲ… တဂျီးတို့  စဉ်းစားမှာဖြင့် မြန်မြန်စဉ်းစားကြ ဒီည ဘယ်ကိုပြေးရမှာတုန်း…” လူငယ်တစ်ယောက်…. “ညတိုင်းဘယ်ပြေးပြေး လွတ်တယ်ကိုမရှိဘူး… မနက်ကျ အလောင်းဖြစ်တာပဲ မဟုတ်လား….. ပြေးတာတော့ ပြေးနေရဦးမှာပဲ” သူကြီး “အင်းပါလေ… ကျုပ်လဲ မသိတော့လောက်အောင်ပါပဲ… ကျုပ်တို့  ဒီလိုဖြစ်နေတာကို အသိအမှတ်ပြုပြီး ကုသိုလ်ကောင်းမှု ပြုပေးမည့်သူမရှိလေတော့ ခုလို ညတိုင်းပြေးနေရဦးမှာပဲဗျာ….. ” အားငယ်စွားဆိုလေသည်။ “ဘုရား.. ဘုရား … ငါတော့ သရဲရွာကိုရောက်နေတာပဲ…” မင်းကြီးကြောက်စိတ်ဝင်သွားမိသေးသည်။ နောက်မှ “အော်… ငါလဲ ၀ိဥာဉ်ပေပဲ.. ဘာလန့် စရာရှိတုန်း… ဒီညတည်းခိုဖိုတော့ ပြောဦးဆိုဦးမှ” မင်းကြီး “ဗျိုးသူကြီး… ကျုပ်ဧည့်သည်ပါဗျ.. အိမ်လဲ မပြန်တတ်တော့လို့  တည်းခို လို့ ရနိုင်မလား” …. “ဟင်” အားလုံးဆီက အာမေဒိဋ်သံ ထွက်လာကြလေသည်။ ရွာလူကြီး “ဟင်… ခင်ဗျားဘာလို့  ဒီနေရာကိုရောက်လာရတာတုန်း… ကျုပ်တို့ က မုန်တိုင်းမိပြီး သေပြီးသားတွေ… ကုသိုလ်ပြုပေးမည့်သူမရှိလို့  အဖန်ဖန်ပြန်သေနေရတာ…. မကြာခင်မုန်းတိုင်းဝင်လာတော့မှာ ခင်ဗျား အတွက်မပြောနဲ့  ကျုပ်တို့ တောင် အိပ်စရာ၊ နေစရာရှိတာမဟုတ်ဘူး”

“ ဖူးစာရှင်ကိုရွေးတော့မည် ” from အမှောင်ထုထဲက အလင်းစက်များ

“ ဖူးစာရှင်ကိုရွေးတော့မည် ” ဦးဆင်ပေါက်သည် ဆူဆူညံညံအသံများကြောင့် အိပ်ရာမှ လန့် နိုးလာခဲ့ရသည်။ အသံချဲ့ စက်နှင့်အော်နေသော အသံများဖြစ်၏။ “ ဒီဓါတ်မှန်ကားတွေဟာ တော်တော်တရားလွန်တယ် ”ဟု မကျေမနပ်ရေရွတ်သည်။ ထို့ နောက် သူ့ တို့ လိုလူကုံထံတွေသာအသုံးပြုနိုင်ေ သာ မှို့ စစ်စစ် ဖြင့်ပြုလုပ်ထားသည့် ခေါင်းအုံးကို နားရွက်ပေါ်မှာ ဖိလိုက်ပြီး ပြန်အိပ်ဖို့ ကြိုးစားသည်။ သို့ ရာတွင် အိပ်လို့ မရတော့ ။ ထို့ကြောင့် အိပ်ရာမှထလိုက်ရပြီး ရေချိုးခန်း...သို့ ဝင်ခဲ့သည်။ နယ်လှည့်ဓါတ်မှန်ကားများသည် သူတို့ အရပ်ဒေသသို့ တစ်လနှစ်ခေါက်လောက်တော့ လာတတ်သည်။ ကြီးမားရှည်လျားသော မှန်လုံကားကြီးဖြစ်၏။ အစိမ်းရင့်ရောင်မှန်များ တပ်ဆင်ထားသည်။ ရောဂါရှာဖွေရေး ကိရိယာ အပြည့်အစုံနှင့် ဓါတ်ခွဲခန်းလည်းပါဝင်သည်။ သူတို့ ဆီမှာတော့ ဓါတ်မှန်ကား ဟူသာ အလွယ်တကူခေါ်ကြသည်။ ဒီကားတွေရောက်လာပြီဆိုလျှင် အသံချဲ့ စက်ဖြင့်အော်ဟစ်ကြော်ငြာတတ်သည်။ အမှန်အားဖြင့်တော့သူတို့ နေရာမှာ ဆိတ်ငြိမ်ရပ်ကွပ်ဖြစ်၏။ ဆူဆူညံညံမလုပ်ရ။ သန့် ရှင်းလက်ဆတ်သော လေကောင်းလေသန့် ကိုထိခိုက်စေနိုင်သည်။ ဒီဇယ်ကား ၊ ဓါတ်ဆီကားမ၀င်ရ။ လောင်စာဆဲဓါတ်အိုး၊ နေရောင်ခြည်စွမ်းအင်စသည် တို့ အသုံးပြုသော ယာဉ်များသာ ၀င်ခွင့်ပြုသည်။ ဓါတ်မှန်ကားတွေကတော့ လျှပ်စစ်ကားဖြစ်တာက တစ်ကြောင်း၊ ကျန်းမာရေး အထောက်အကူပြုသည်ဆိုသော အကြောင်းပြချက်ကြောင့်တစ်ကြောင်း ၀င်ခွင့်ရခြင်းဖြစ်သည်။ ရှားရှားပါးပါး အသံချဲ့ စက်အသုံးပြုခွင့်ရသော လုပ်ငန်းလည်းဖြစ်၏။ မျက်နှာသစ်နေစဉ်မှာလည်း သူတို့ အသံကို ကြားနေရသည်။ “ ဟုတ်ကဲ့ခင်ဗျာ၊ အာရောဂျံ ပရမံ လာဘံဆိုတဲ့ ရှေးကဆိုရိုးစကားအတိုင်း ကျန်းမာရေးဟာ လာဘ်ကြီးတစ်ပါးပါပဲ။ လူဟာ အပြင်ပန်းက ကောင်းနေတယ်ထင်ရပေမယ့် ခန္ဓာကိုယ်တွင်းမှာ အလစ်တိုက်ခိုက်ဖို့ ပုန်းအောင်းနေတဲ့ ရောဂါတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူကြပါနဲ့ ။ စောစောသိရင် ကုသလို့ ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ က နောက်ဆုံးပေါ်စက်အသစ်ကြီးများနဲ့ စုံစမ်းဖော်ထုတ်ပေးပါမယ်။ ဆီး ၊ ၀မ်း ၊ သွေး ၊ သလိပ်အဖြေကို စက္ကန့် ပိုင်းအတွင်း တိကျစွာ သိနိုင်ပါတယ်။ ဒစ်ဂျစ်တယ် ဓါတ်မှန်များလည်း ရိုက်ကူးပေးပါတယ်။ ဟော ..ငြီးစီစီဖြစ်နေသလား၊ အီးစီဂျီ ဆွဲကြည့်လိုက်ပါ။ ကင်ဆာလို့မသကာင်္ရင်လည်း စကင်နာလေးရိုက်ကြည့်လိုက်ပေါ့ခင်ဗျာ” ဟု ကာရံတွေ နဘေတွေနဲ့ ပြောနေသေးသည်။ ညတုန်းက “ ဟိုကိစ္စ” ကိုစဉ်းစားရင်း တော်တော်နှင့်အိပ်မပျော်ခဲ့။ ခုလည်းမနက်အစောကြီးမှာ ဓါတ်မှန်ကားကြောင့် လန့် နိုးလာခဲ့ရ၏။ အိပ်ရေးမ၀သဖြင့် လူက မလန်ဆန်း မျက်လုံးတွေတောင် ဝေချင်နေသည်။ သို့ ရာတွင် စားပွဲပေါ်မှာ ပြင်ဆင်ထားသော နံနက်စာကိုမြင်လိုက်သောအခါမှာတော့ ဗိုက်ထဲက ဆာလာသည်။ အုန်းသီးဖတ် နုနုလေးတွေဖြူးထားသော ကောက်ညှင်းငချိတ်ပေါင်း၊ စားတော်ပဲပြုတ်ဆီဆမ်း၊ မတ်ပဲဘယာကြော် ၊ ငါးရံ့ခြောက်ဖုတ်၊ ကြာရိုးဟင်းခါး၊ ရွှေငှက်ပျော်သီး၊ ဆိတ်နို့ ။ ကြယ်ငါးပွင့်ဟိုတယ်ကြီးတွေမှာမှ ရနိုင်သော နံနက်စာမျိုးဖြစ်၏။ ဒါတောင် ကြာရိုးဟင်းခါးလိုမျိုးက ကြိုတင်အော်ဒါမှာထားရမည်။ ခုချိန်မှာ သူတို့ လိုငွေကြေးအလွန်ကြွယ်ဝချမ်းသာသူတို့ သာ ဒီလိုအစားအစာမျိုးကို သုံးဆောင်နိုင်သည်။ သနပ်ခါးပန်းနံ့ သင်းထားသော လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့ သောက်လိုက်ပြီးသောအခါ ခေါင်းထဲက ကြည်လင်လန်းဆန်းလာသည်။ ငါးရံ့ခြောက်ဖုတ် တစ်ဖက်ကို ယူပြီးမြုံ့ လိုက်သည်။ နှမ်းဦးဆီဆမ်းထားသဖြင့် မွှေးပြီးချိုမြနေသည်။ ဒီငါးရံ့ခြောက်မှာ နှယ်နှယ်ရရမဟုတ်။ အင်းထဲမျာ အလိုအလျောက်ရှားရှားပါးပါး ပေါက်ဖွားနေသော ငါးရံ့ကို သဘာဝနေရောင်ခြည်ဖြင့် အခြောက်လှန်းထားတာ။ သူတို့ နှင့်စီးပွားဖက်ဖြစ်သော “ ပျဉ်ပုံကြီး ထရေးဒင်းကုမ္ပဏီ ” မှ အမြတ်တနိုးထားပြီး လက်ဆောင်ပေးခဲ့ခြင်းဖြစ်၏။ စားကောင်းသောက်ဖွယ်တွေကို အရသာခံ စားနေရင်းက သမီးအလတ်မကို သွားသတိရလိုက်မိ၏။ ဒီကောင်မက အစားကောင်းကြိုက်တတ်သည်။ သို့ ရာတွင် အခုချိန်လောက်ဆို အလတ်မသည် မြို့ ပေါ်ရှိ မွန်းကျပ်နေသော တိုက်ခန်းကျဉ်းကလေးထဲမှာ ဂျနက်တစ်ပေါင်မုန့် ၊ ဓာတုဗေဒထောပတ်နှင့်အသားတုတို့ ကို ကြိတ်မှိတ်မျိုချနေရရှာပေလိမ့်မည်။ သိပ်မိုက်တဲ့ ကလေးမပဲဟု စိတ်မကောင်းစွာတွေးရင်းသက်ပြင်းတစ်ချက်ချမိသည်။ မြေနေရာတွေ ရှားပါးလာသည်။ မြေဈေးတွေက ခေါင်ခိုက်နေသည်။ အလွန်အမင်း ချမ်းသာကြွယ်ဝသူတွေသာ ခြံနှင့်ဝင်းနှင့်နေနိုင်သည်။ အထူးသဖြင့် ကျေးလက်ဒေသရှိရွာတွေမှာ နေခွင့်ရဖို့ ဆိုတာ သာမန်လူများအတွက် အိပ်မက်တောင်မမက်နိုင်။ လူလတ်တန်းစားများ၊ ၀န်ထမ်းများ ၊ အခြေခံလူတန်းစားများသည် မြို့ ပေါ်ရှိ အထပ်ပေါင်းများစွာမြင့်သော တိုက်ခန်းများမှာ နေကြသည်။ လက်လုပ်လုပ်စား ဆင်း၇ဲသားတွေကတော့ မြေအောက်ထပ်အခန်းများမှာ နေကြရ၏။ မြေနေရာအခက်အခဲကြောင့် မြို့ ပေါ်မှာ အဆောက်အဆုံဆောက်လျှင် အနည်းဆုံးအထပ်ငါးဆယ်ရှိရသည်။ တိုက်ကြီးတွေက မိုးထိုးနေသဖြင့် လမ်းပေါ်မှာ သွားလာနေသော သူတို့ မှာ မွန်းတည့်ချိန်ဝန်းကျင်လောက်မှသာ နေရောင်ကို မြင်ရသည်။ လူတွေနေဖို့ မြေကွက်လပ်မကျန်အောင် ဆောက်လုပ်ထားရသောကြောင့် သစ်ပင်တွေအတွက်တောင် နေရာမရှိတော့။ လူတွေကပြွတ်သိပ်ကျပ်တည်းနေသည်။ အသက်ရှူထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေတွေကို စုပ်ယူပြီး အောက်ဆီဂျင်နှင့်ဖလှယ်ပေးမည့် သစ်ပင်တွေက မရှိတော့။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်နှုန်း အလွန်မြင့်မားလာသည်။ ထို့ ကြောင့် အောက်ဆီဂျင်ထုတ်လွှတ်ပေးသော စက်တွေကို နေရာအနှံ့ အပြားမှာ တပ်ဆင်ထားရသည်။ ဒါတောင် လုံလောက်မှုမရှိ။ လူတို့ သည် ထိုစက်တွေအနားရောက်မှ အသက်ဝအောင် အလုအယက်ရှူနေကြရသည်။ မြေအောက်ထပ်တွေမှာ နေကြရသော ဆင်းရဲသားတွေဆိုလျှင် အောက်ဆီဂျင်ချို့ တဲ့သော ရောဂါကြောင့် အသားအရေပြာနှမ်းနှမ်း ဖြစ်နေကြရှာသည်။ တတ်နိုင်သူတွေကတော့ ကိုယ်ပိုင် အောက်ဆီဂျင်ဘူးများ ဆောင်ထားကြသည်။ အားလပ်ရက်တွေကျမှ မြို့ ပြင်ထွက်ပြီး လေကို တ၀ကြီး ရှူကြရ၏။ ငွေကြေးကြွယ်ဝသူတွေကတော့ မြို့နှင့်ဝေးရာမျာ သွားနေကြသည်။ မြို့ ကြီးနှင့်ဝေးလေ မြေဈေးကကြီးလေပင်ဖြစ်၏။ ဦးဆင်ပေါက်တို့ နေသော ရွာသည် မြို့ နှင့် ကီလိုမီတာ ငါးဆယ်လောက်ဝေးသည်။ ဒီလိုနေရာမျိုးမှာ နေခွင့်ရဖို့ မလွယ်။ ငွေရှိရုံနှင့် လည်း မရ။ ဂုဏ်သရေရှိ လူကြီးလူကောင်း ဖြစ်ဖို့ လည်း လိုသေးသည်။ ဒီရွာမှာ အိမ်တိုင်းလိုလိုခြံနှင့်ဝင်းနှင့်ဖြစ်၏။ သစ်ပင်တွေ က အုံ့ အုံ့ ဆိုင်းဆိုင်း ကြည်လင်သော ကောင်းကင်ပြာကိုမြင်နိုင်သည်။ နေရောင်ခြည်ကို ကောင်းစွာရသည်။ လေထုက အနံ့ အသက် ကင်းစင်ပြီး သန့် ရှင်း လတ်ဆတ်နေသည်။ ဒီထဲကမှ ဦးဆင်ပေါက်တို့ အိမ်သည် ထိပ်တန်းအဆင့်ထဲမှာ ပါသည်။ သဘာဝ ကျွန်းတိုင်လုံးကြီးများနှင့် ဆောက်လုပ်ထားခြင်းဖြစ်၏။ အကာက ပေပျဉ်ကြီးတွေ အမိုးကလည်း ပျဉ်အုပ်ကြွပ်တွေကိုသာ အသုံးပြုထားသည်။ ရေနံဝနေအောင် သုတ်ထားသဖြင့် မည်းနက်ညိုမှိုင်းနေသည်။ တကယ့်သဘာဝပစ္စည်းတွေချည်း အသုံးပြုထားခြင်းဖြစ်၏။ ကျွန်းတိုင်လုံးတစ်လုံး၏ တန်ဖိုးကပဲ ကာလပေါက်ဈေး “ဂလိုဘယ်ငွေ” တစ်သောင်းလောက်တန်သည်။ တော်ရုံလူမဆိုထားနဲ့ သူတို့ လူကုံထံအချင်းချင်းတောင် အားကျမက်မောရသောအိမ်ကြီး ဖြစ်၏။ နိုင်ငံခြားကလာသော ကမ္ဘာလှည့်ခရီးသည်တွေလည်း သူတို့ အိမ်ကို တကူးတက လာကြည့်ပြီး လေ့လာကြသည်။ ကျွန်းတိုင်လုံးကြီးများကို တအံ့တသြ ပွတ်သပ်ကြည့်ကြပြီးနောက် “ ဒါက အိမ်မဟုတ်ဘူး။ နန်းတော်ကြီးပဲ” ဟုဆိုကြသည်။ ရုပ်မြင်သံကြားမှ နေရှင်နယ် ဂျော်ဂရပ်ဖစ်ချန်နယ်ကတောင် ဒီအိမ်ကြီးအကြောင်း ထုတ်လွှင့်ပြသခဲ့သေးသည်။ံခုလိုချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်နေခြင်းကပင် ဦးဆင်ပေါက်တို့ အတွက် စိုးရိမ်ပူပန်စရာကိစ္စတွေ ပေါ်ပေါက်လာခြင်း ဖြစ်၏။ သူခိုး ဓါးပြရန်ကို ကြောက်ရခြင်းမဟုတ်။ အခိုးခံရတာ အတိုက်ခံရတာက တခါပါသွားပြီးလျှင် ပြီးပြီ။ ခုဟာကတော့ တသက်လုံး ဆုံးရှူံးရမည့် အန္တရာယ် ဖြစ်၏။ တခြားမဟုတ်၊ သားသမီးများ၏ အိမ်ထောင်ရေးကိစ္စပင် ဖြစ်လေ၏။ သူ့ မှာ သားသမီး သုံးယောက်ရှိ၏။ သားကြီးကတော့ သိတတ်လိမ္မာသည်ဟု ဆိုရမည်။ စာလည်းတော်သည်။ ဆယ်တန်းကို ဂုဏ်ထူးဆယ်ဘာသာဖြင့် အောင်သည်။ ( စုစုပေါင်း ဆယ့်နှစ်ဘာသာ ရှိ၏ ) အမှတ်တွေကလည်း အလွန်ကောင်းသည်။ ထို့ ကြောင့် စိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးတက္ကသိုလ် အဏ္ဏ၀ါ တက္ကသိုလ်စသော ထိပ်တန်းအဆင့် တက္ကသိုလ်ကြီးတွေ တက်ခွင့်ရဖို့ အဆင့်မီသည်။ အမှတ်နည်းနည်းလေးဖြင့် အောင်ရုံလောက်သာ အောင်တဲ့လူတွေကတော့ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်စသော သာမန်အဆင့်တက္ကသိုလ်တွေကိုသာ တက်ခွင့်ရကြသည်။ ( ထိုတက္ကသိုလ်များမှ သိပ်အသုံးမ၀င်တော့သော ဘာသာရပ်များဖြစ်သဖြင့် ကောလိပ်အဆင့်သို့ လျှော့ချလိမ့်မည်ဟု သတင်းကြားရသည် ) သားကြီးက မိဘလုပ်ငန်းနှင့်သက်ဆိုင်သော အဏ္ဏ၀ါတက္ကသိုလ်တက်သည်။ မစ္ဆဗေဒအထူးပြုဘာသာရပ်ဖြင့် မဟာသိပံ္ပဘွဲ့ ကို ရရှိခဲ့သည်။ ထို့ နောက် မိဘလက်ငုတ်ဖြစ်သော ငါးဖမ်းလုပ်ငန်းကို ၀င်လုပ်သည်။ သူ၏ကြိုးစားမှုကြောင့် လုပ်ငန်းမှာ ဆထက် ထမ်းပိုးအောင်မြင်ကြီးပွားလာခဲ့ခြင်းဖြစ်၏။ အိမ်ထောင်ပြုတော့လည်း ဂုဏ်သရေရှိ လယ်သမားကြီးတစ်ဦး၏ သမီးနှင့် လက်ထပ်ခဲ့သည်။ မင်္ဂလာဆောင်တွင် ယောက္ခမများက သစ်ဆိပ့်ပင် ဧကငါးဆယ်နှင့် မက္ကဒေးမီးယား ဧက ငါးဆယ်လက်ဖွဲ့ ခဲ့သည်။ မြေဆယ်ဧက လောက်ပိုင်ရင်ပဲ လူချမ်းသာ စာရင်းဝင်နေတဲ့အချိန်မှာ ဒီမြေတွေအများကြီး လက်ဖွဲ့ နိုင်တယ်ဆိုကတည်းက ချမ်းသာကြွယ်ဝမှု အတိုင်းအတာကိုခန့် မှန်းလို့ ရနေပြီ။ သားကြီးအတွက် ကျေနပ်အားရနေဆဲမှာပင် သမီးအလတ်မက မိဘရင်ကျိုးအောင် စုံကန်ပြီးထွက်သွားလေသည်။ မဖြစ်သင့်တာ မဖြစ်ရလေအောင် ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းနေတဲ့ကြားက သူ့ သဘောနှင့်သူ အမိုက်ဇာတ်ခင်းသွားခြင်းဖြစ်၏။ ကန်စွန်းခင်းအမြောက်အမြားပိုင်ဆိုင်သော သူ့ မိတ်ဆွေလူကုံထံတယောက်၏ သားနှင့်လက်ထပ်ပေးရန် စီစဉ်နေဆဲအချိန်မှာပင် အလတ်မသည် ကွန်ပြူတာ ပရိုဂမ်မာလေး တယောက်နှင့်ခိုးရာလိုက်ပြေးသွားသည်။ မိဘတွေရဲ့ အထက်တန်းလွှာ တံငါသည်မျိုးရိုး ဂုဏ်သိက္ခာကိုမှ မထောက်ထားဘဲ ဘာမဟုတ်တဲ့ ကွန်ပြူတာစာရေးလေးကိုမှ ယူရကောင်းလားဆိုပြီး အမေလုပ်တဲ့လူက အမွေပြတ်ကြေငြာစွန့် လွှတ်ထားခဲ့သည်။ ဦးဆင်ပေါက်ကတော့ နည်းနည်းပျော့ပျောင်းချင်သည်။ စားကောင်းသောက်ဖွယ်များ စားရသော အခါ သမီးလတ်ကိုသတိရမိ၏။ တခါတရံကျလျှင် သူတို့ ရွာဘက်သို့ မြို့ ကတက်လာသော ပျံကျကွန်ပြူတာသမား တယောက်တလေ ရောက်ရှိလာတတ်သည်။ ပစ္စည်းကိရိယာတွေ ထည့်ထားသော အိတ်ကြီးကို လက်ကဆွဲ၊ နေပူကျဲကျဲမှာ ချွေးသံတရွှဲရွှဲ လျှောက်သွားရင်း “ ကွန်ပြူတာတွေပြင်တယ်၊ ဟဒ်ဝဲတွေ အပ်ဂရိတ်လုပ်ပေးတယ်၊ နောက်ဆုံးပေါ် ဆော့ဖဲဝဲတွေ တင်ပေးတယ်” ဟုအော်သွားသောအသံကို ကြားရတဲ့အခါတိုင်း မြို့ ပေါ်မှာ ဆင်းဆင်းရဲရဲချို့ ချို့ တဲ့တဲ့  နေရရှာသော သမီးလတ်ကို မြင်ယောင်ပြီး စိတ်မကောင်းဖြစ်၇၏။ သူ့ ဆန္ဒအရဆိုလျှင် အမေလုပ်တဲ့လူကို ဖျောင်းဖျပြောဆိုပြီး ပြန်ခေါ်ထားချင်သည်။ သို့ ရာတွင် အဘွားကြီး က အတော်စိတ်နာနေသည်။ တလောက လာကန်တော့ကြတာကိုတောင် ထွက်အတွေ့ မခံဘဲနေသည်။ ကောင်လေးကိုလည်း ကြီးပွားတိုးတက်စရာလမ်းမမြင်သော ကွန်ပြူတာအလုပ်ကထွက်ပြီး သူတို့ ငါးလုပ်ငန်းထဲမက သင့်တော်ရာနေရာမှာ အလုပ်ပေးထားရကောင်းမလား စဉ်းစားခဲ့ဖူးသည်။ သို့ ရာတွင် ဖြစ်နိုင်မှာမဟုတ်။ ကောင်လေးရဲ့ပုံက မြို့ ကျလွန်းသည်။ နေရောင်ခြည်ဓါတ်ချို့ တဲ့သဖြင့် အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ ကွန်ပြူတာရှေ့ မျာပဲ နာရီပေါင်းများစွာ ထိုင်လုပ်နေရသောကြောင့်လည်း အညောင်းမိပြီး ပိန်ညောင်ညောင် ကုပ်ချိချိဖြစ်နေ၏။ မျက်စိအမြင်အာရုံ ထိခိုက်ခဲ့သောကြောင့် မျက်ကြည်လွှာအတုတပ်ထားရတာကလည်း သိသာသည်။ ဘယ်နေရာမှ သုံးစားလို့ ရမည့်ပုံမပေါ်။ သင်းတို့ ထိုက်နဲ့ သင်းတို့ ကံပဲ၊ ကလေးရလာတဲ့အခါကျလျှင်တော့ အိမ်က အဘွားကြီး စိတ်ပြေသွားပါစေဟု မျှော်လင့်ဆုတောင်းဖို့ သာ ရှိတော့သည်။ ခုလောလောဆယ်မှာ စိုးရိမ်ပူပန်နေရတာကတော့ သမီးအငယ်လေးအတွက်ဖြစ်၏။ အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်ထားကြသည်။ အမေလုပ်သူရဲ့ အသဲကျော်လည်းဖြစ်၏။ နွဲ့ ဆိုးဆိုးတတ်သလို ခေါင်းကျောလည်းမာသည်။ သူ့ အမကိစ္စတုန်းကလည်း “ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်ခွင့်ရဖို့ က အရေးအကြီးဆုံးပဲ” ဟုပြောပြီး ဟိုဘက်ကို ထောက်ခံချင်ခဲ့သူဖြစ်၏။ ဆယ်တန်းအောင်တော့ သူတို့ လုပ်ငန်းနှင့်ဘယ်လိုမှမပတ်သက်သော ဘာသာဗေဒတက္ကသိုလ် သွားတက်သည်။ ပျူဘာသာအထူးပြုယူသည်။ ပျူစကားတတ်တော့ ဘယ်နေရာမှာသွားသုံးမလဲ။ စကားပြန်လုပ်ရအောင် ပျူလုပ်ငန်းရှင်တို့  ပျူတိုးရစ်တို့ ဆို တာမျိုးရှိတာလည်းမဟုတ်။ အခုခေတ်ကလေးတွေက စိတ်ကူးတည့်ရာလုပ်နေကြတာပဲလားမသိ။ ဘာပဲဖြစ်ဖြစ် အလိုလိုက်လက်စနဲ့ သူလုပ်ချင်တာလုပ်ခွင့်ပေးထားရသည်။ ထားတော့ ဒါတွေက သိပ်အရေးမကြီး။ သမီးငယ်ကို အလုပ်ထဲမှာခိုင်းဖို့ ရည်ရွယ်ချက်လည်းမရှိ။ စိတ်ပူတာက သမီးလတ်၏လမ်းစဉ် လိုက်သွားမှာကိုသာ ဖြစ်၏။ ယုံရတာမဟုတ် မတော်တဆ အင်ဂျင်နီယာတို့ ဆရာဝန်တို့ လိုလူမျိုးနဲ့ ဖြစ်သွားခဲ့လျှင် သူ့ အမေရင်ကျိုးရလိမ့်မယ်။ ခုချိန်မှာ အင်ဂျင်နီယာဆိုတာက သိပ်အရေးမပါလှတော့။ အဆောက်အအုံတစ်ခု ဆောက်ချင်လျှင် ကိုယ်ကြိုက်တဲ့ပုံစံပြော၊ ဒါမှမဟုတ် ကတ်တလောက်ထဲက လိုချင်တဲ့ပုံကို ရွေးလိုက်ရုံသာဖြစ်၏။ ဆောက်လုပ်ရေးကုမ္ပဏီက အသင့်ပြုလုပ်ထားသော အစိတ်အပိုင်းများကိုသယ်ယူလာပြီး ဆယ့်ငါးရက်အတွင်း အပြီးတည်ဆောက်ပေးနိုင်သည်။ အင်ဂျင်နီယာဆိုတာက အစိတ်အပိုင်းတွေကို သူ့ နေရာနှင့်သူအမှတ်စဉ်အတိုင်းတပ်ဆင်ပေးရုံသာဖြစ်၏။ တချို့ ကုမ္ပဏီတွေဆိုလျှင် အင်ဂျင်နီယာတောင်မငှားတော့။ ရိုဘော့စက်ရုပ်တွေနဲ့ သာ လုပ်ကိုင်ကြတော့သည်။ ထို့ ကြောင့် အင်ဂျင်နီယာတွေအတွက် အလုပ်အကိုင်ရှားပါးလာသည်။ သူတို့ ထက်စာလျှင် လက်သမားပညာ ဒီပလိုမာဘွဲ့ ရသူတွေကမှ အလုပ်ဖြစ်သေးသည်။ ဆရာဝန်ဆိုတာကလည်း ဒီလိုပဲ။ ခုချိန်မှာ သိပ်မစားသာတော့။ ကျန်းမာရေးကိစ္စအတွက် ဆရာဝန်ကို အားကိုးနေစရာမလို။ ဓါတ်မှန်ကားတွေလာတဲ့အခါ စစ်ဆေးကြည့်နိုင်သည်။ ဒါမှမဟုတ် ကျန်းမာရေးစင်တာတွေကို သွားလို့ ရသည်။ ခေတ်မှီစက်ကိရိယာများဖြင့် အလိုအလျှောက် စမ်းသပ်ကုသပေးနိုင်သည်။ ဆေးဝါးတွေကလည်း အလွန်အစွမ်းထက်လာသဖြင့် တော်ရုံရောဂါဆိုလျှင် ဆေးတစ်လုံးသောက်ရုံနှင့်ပျောက်သည်။ ငွေကြေး သိပ်မတတ်နိုင်သော ဆင်းရဲသားတွေလောက်သာ ဆရာဝန်ဆီသွားပြီး ကုသကြသည်။ ထို့ ကြောင့် ဆရာဝန်အလုပ်မှာ ၀င်ငွေသိပ်မကောင်းလှဘဲ ရရစားစားဖြစ်နေ၏။ ဆရာဝန်ပေါက်စလေးတွေဆိုလျှင် ဆေးအိတ်ကိုဆွဲပြီး ခြေတိုအောင် လူနာလိုက်ရှာရသည်။ အိမ်ပေါက်စေ့ တံခါးလိုက်ခေါက်ရင်း “ အန်တီ သွေးပေါင်ချိန်ဦးမလား ခင်ဗျာ ဟိုအန်ကယ်ကြီး ကြည့်ရတာ အားနည်းနေတယ်ထင်တယ်။ အိုင်ဗီလေးတစ်ချောင်းလောက်သွင်းလိုက်ပါလား။ ပုလင်းကြီးချိတ်မယ်ဆိုရင်တော့ ဗိုက်ယာဂရာ ဆေးတစ်လုံးလက်ဆောင်ပေးပါတယ်” ဆိုပြီး စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရရှာသည်။ ဒီကြားထဲမှာ တချို့ အိမ်တွေက အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး အော်ငေါက်လွှတ်တတ်ကြသေးသည်။ တချို့ တိုက်ခန်းတွေကတော့ “ဆရာဝန်နှင့် အလှုခံမ၀င်ရ” ဆိုသော ဆိုင်းဘုတ်ကို လှေကားရင်းမှာ ချိတ်ဆွဲထားကြသည်။ ထိုကိစ္စတွေကို သိနေ ကြားနေရသောကြောင့် ဦးဆင်ပေါက်တို့ ဇနီးမောင်နှံမှာ သမီးအတွက် စိုးရိမ်ပူပန်ပြီး ညအိပ်မပျော်နိုင်ဖြစ်နေရခြင်းပါပဲ။ သမီးငယ်က ဖုန်းဆက်အကြောင်းကြားထားသည်။ အိမ်ကိုဧည့်သည်တယ်ယောက်ခေါ်လာမည်။ အဖေတို့ အမေတို့ နှင့် တွေ့ ဆုံမိတ်ဆက်ပေးချင်လို့ ဟုဆိုသည်။ သူ့ ချစ်သူကို မိဘတွေဆီလာပြခြင်း ဖြစ်ကြောင်းခန့် မှန်းလို့ ရသည်။ ထို့ ကြောင့်လူကြီးနှစ်ယောက်မှာ စိတ်လှုပ်ရှားနေကြသည်။ အမေကြီးဆိုလျှင် အငြိမ်မနေနိုင်ဘဲ အိမ်ရှေ့ ထွက်မျှော်လိုက် အိပ်ခန်းထဲဝင်လိုက် ဧည့်ခန်းမှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်လိုက် ဖြစ်နေ၏။ ဦးဆင်ပေါက်ပင်လျှင် နာရီကို မကြာခဏလှမ်းကြည့်မိ၏။ နောက်ဆုံးတော့ အမေကြီးလည်း မောလာပြီး ဧည့်ခန်းက ကြိမ်ပက်လက်ကုလားထိုက်ကြီးပေါ်ထိုင်နားလိုက်ရသည်။ ထိုစဉ်မှာပင် ကြိုးကြာငှက်မြည်သံကဲ့သို့ ကြားလိုက်ရသည်။ လျှပ်စစ်ကားဟွန်းသံပင်ဖြစ်၏။ “ ဟော ” အမေကြီး ထရပ်မည်ပြုသည်။ ဦးဆင်ပေါက်က လက်ကာပြပြီး တားလိုက်၏။ ဧည့်သည်က ဘယ်လိုလူမှန်းမသိသေးပဲနဲ့ ကိုယ့်ဘက်က သိပ်ပျူငှာပြဖို့ မသင့်ဟု သတိပေးလိုက်ခြင်းဖြစ်၏။ “ အဖေ၊ အမေ ” သမီးငယ်က အော်ခေါ်ရင်းဝင်လာသည်။ ဧည့်ခန်းဝမှာ ခဏရပ်ပြီး နောက်ကိုလှည့်ကြည့်ရင်း “ လာလေ ” ဟုပြောသည်။ လူငယ်တစ်ယောက်နောက်မှ လိုက်ဝင်လာသည်။ အသားညိုညို အရပ်အမောင်းကောင်းကောင်း တောင့်တင်းသန်မာသော ကိုယ်ခန္ဓာရှိသည်။ ဥပဓိရုပ်ကတော့ မဆိုးဘူးဟု ဦးဆင်ပေါက်စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ ကုလားထိုင်များမှာ ထိုင်မိကြပြီးနောက် ထပ်ပြီးအကဲခတ်ကြည့်လိုက်ပြန်သည်။ တစ်နေရာရာမှာ တွေ့ ဖူးခဲ့တာလား အသိမိတ်ဆွေတစ်ယောက်နဲ့ တူနေတာလား မအောင့်နိုင်တော့သဖြင့် ဖွင့်မေးလိုက်ရသည်။ “ နေစမ်းပါဦးကွ၊ မင်းကို ငါ ရင်းရင်းနှီးနှီး သိနေသလိုပဲ။ ဘယ်မှာမြင်ဖူးတာလဲ မသိဘူး” သမီးငယ်က ရယ်လိုက်ပြီး “ ရုပ်မြင်သံကြား ထဲမှာ ခဏခဏ မြင်ဖူးနေတာလေ ” “ ဟေ….ဘယ်လိုကွယ့် ” “ သူက နာမည်ကျော်ဘောလုံးသမားလေ ” ကောင်လေးကပါ ၀င်၍ သူ့ ကိုယ်သူ မိတ်ဆက်သည်။ “ကျွန်တော် တိုးလှိုင်ဝင်းပါ ခင်ဗျာ ” ဒီတော့မှ ဦးဆင်ပေါက်သည် သူ့ ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်ပြီး “ ဟာ ..ဟုတ်တာပေါ့ ကြည့်စမ်း ငါ့တူက အပြင်မှာ ပိုပြီးတော့တောင် ကြည့်ကောင်းနေသေးတယ် ” တိုးလှိုင်ဝင်းက ရှက်ပြုံးပြုံးသည်။ ဦးဆင်ပေါက်က အားတက်သရောဟန်ဖြင့် ဆက်ပြောနေသည်။ “ အေးကွာ..ပြီးခဲ့တဲ့ စနေနေ့ ကပွဲမှာ မင်းကန်သွင်းလိုက်တဲ့ ဖရီးကစ်ကတော့ မျက်စိထဲကကို မထွက်နိုင်အောင်ပါပဲ။ ဒါနဲ့ မင်းကလပ်အသင်းက စာချုပ်သက်တမ်မးတို့ ဖို့ ကိစ္စကကော ဘယ်လိုအခြေအနေရှိလဲ “ “ ဟုတ်ကဲ့ ကျွန်တော်က လစာတိုးတောင်းထားတာကို အုပ်ချုပ်ရေးမှုးအဖွဲ့ က သဘောတူတယ်ဆိုရင်တော့ အဆင်ပြေမှာပါ” “ သဘောတူမှာပါကွာ သူတို့ မင်းကို လက်မလွှတ်နိုင်ပါဘူး” အမေကြီးက ဘုမသိဘမသိ ၀င်ပြီး ခေါင်းညိတ်သည်။ “ အေးကွာ..ဦးတို့ ကိုလည်း ဆွေမျိုးရင်းချာလို သဘောထားပြီး ဆက်ဆံဝင်ထွက်နိုင်ပါတယ်” ဦးဆင်ပေါက်က အမေကြီးဘက်လှည့်ကြည့်ပြီး တစ်စုံတစ်ခုဝင်ပြောဖို့ အရိပ်အကဲပြသည်။ အမေကြီးက “ အေးကွယ် ရောက်တုန်းရောက်ခိုက် ညနေစာ ထမင်းစားပြီးမှပြန်ပေါ့။ အတော်ပဲဟေ့ မနက်ကပဲ မင်းတို့ အစ်ကိုကြီးက အိတ်စပို့ ကွာလတီ ငါးပိရည်စစ်စစ်တစ်အိုး ပို့ လိုက်သေးတယ်။ ငါ့တူတော့ စားရကံကြုံတာပဲ“ သမီးငယ်၏ မျက်နှာသည် ၀မ်းသာမှုအရှိန်ကြောင့် ၀င်းလက်တောက်ပသွားသည်။ အခုလို ငါးပိရည်စစ်စစ်ဖြင့် ကျွေးမွေးဧည့်ခံတယ်ဆိုကတည်းက တိုးလှိုင်ဝင်းကို ဂုဏ်သရေရှိအထူးဧည့်သည်တော်အဖြစ် လက်ခံအသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ထင်ရှားနေပြီမဟုတ်လား။