Monday 14 March 2011

တစ်ခါတုန်းက...........(၁)


ရှမ်းပြည်တောင်ပိုင်း အညိုရောင်နယ်မြေ တစ်နေရာရဲ့ အုပ်စုရွာကြီးတရွာက အလယ်တန်းကျောင်းထဲမှာ ကျင်းပတဲ့ အစည်းဝေးပါ။

ဆရာကြီး။……..။ “ဆရာ၊ ဆရာမတို့ ကို ဒီနေ့ အစည်းဝေးခေါ်ရတဲ့ အကြောင်းကတော့ လာမဲ့တပတ်ထဲမှာ အုပ်စုတခုလုံးမှာရှိတဲ့ မူလတန်းကျောင်းအားလုံးကို လက်ထောက်ပညာရေးမှူး ကျောင်းစစ်လာမှာ ဖြစ်ကြောင်းအသိပေးခြင်းဖြစ်ပါတယ်။”

“ဆရာ ဆရာမတို့  အနေနဲ့  မိမိတို့  ကျောင်းကို အကောင်းဆုံးအနေအထားနဲ့  ပြင်ဆင်ထားကြပါလို့  တိုက်တွန်းချင်ပါတယ်။ လိုအပ်တဲ့ကျွေးမွေးဧည့်ခံမှု များကိုတော့ ရွာခံလူကြီးများနဲ့  တိုင်ပင်ကြပါ။ ကျောင်းအားလုံး အဆင်ပြေပြေနဲ့  စစ်ဆေးမှု အောင်မြင်မယ်လို့  ကျွန်တော်မျှောင်လင့်ပါတယ်။ ကဲ..ဒီနေ့  အစည်းအဝေးရဲ့ အဓိက အကြောင်းအရာကတော့..ဒါပါဘဲ။ ဆရာ ဆရာမတို့  ကို အထူးကျေးဇူးတင်ပါတယ်။

နယ်မြေခံကျောင်းအုပ်ဆရာကြီးရဲ့ စကားအဆုံးမှာ ဆရာဆရာမပေါက်စတွေ ယောင်လည်လည်နဲ့  ကျောင်းထဲက ထွက်ပြီးအသီးသီး ကိုယ့်ရွာကိုယ်ပြန်ခဲ့ကြပါတယ်။

အဲဒီအချိန်က အရေးအခင်းတွေပြီးခါစ တက္ကသိုလ်ကျောင်းတွေပိတ်ထားတဲ့ အချိန်ပါ။ အိမ်မှာ ဆန်ကုန်မြေလေးလုပ်ပြီး ထိုင်စားမနေနိင်တဲ့၊ ရန်ကုန်ဆင်ခြေဖုံးမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ညီအစ်မ ၂ယောက်ရဲ့ မူလတန်း ကျောင်းဆရာမပေါက်စ ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေကြတဲ့ အချိန်ပေါ့။ ရှမ်းပြည်တောင်ပိုင်း တောင်ပေါ်မြို့တစ်မြို့ကနေ နှစ်ညအိပ် သုံးရက်ခရီးကို လှည်းနဲ့  ပစ္စည်းတွေတင်ပြီး လူတွေကလမ်းလျှောက်သွားရတဲ့ ဒေသက ရွာကလေးတခုစီမှာ ဒေသခံကလေးတွေကို စာသင်ပေးဖို့  တာဝန်ယူခဲ့ကြပါတယ်။

တာဝန်ကျတဲ့ ၀ိန်းကောင့်ရွာမှာ ယောနယ်က ဆရာမတယောက်နဲ့ အတူ ရွာကမြန်မာစကား နဲနဲနားလည်တဲ့ ရှမ်းမိသားစုအိမ်မှာ နေကြပါတယ်။ ကျေးရွှာဥက္ကဌ အိမ်ကိုအကျိုးအကြောင်းပြောပြကာ အရာရာ အဆင်ပြေအောင် အတော်ကြိုးစားစီမံရပါတယ်။ အဓိကကတော့ အစားသောက် ဧည့်ခံဖို့  ကိတ်စပါဘဲ။ ရှားပါးတဲ့ ဒေသမို့  ကြက်ဥတောင်ကြက်မကို ခါချမှရတဲ့ အခြေအနေရယ်၊ ဘာသာစကား မပေါက်တာရယ်ကြောင့် စစ်ပွဲတရာနွှဲလိုက်ချင်ရဲ့ ကြက်သားတော့ မစားချင်ပါဘူးကွယ်လို့  ဆိုရမဲ့ဘ၀ပါ။

ကိုယ့်ဖက်က လိုအပ်တာတွေလုပ်ပြီးပေမည့် ကြောက်လန့်  နေပါသေးတယ်။ အဲဒီအခါတုန်းက အစိုးရလူကြီးဆို ကြောက်နေပြီးသားဖြစ်တဲ့ အပြင် ကိုယ့်ကျောင်းအမှတ်မရမှာ အင်မတန်စိုးရိမ်မိတာပါ။ (အခုမှပြန်တွေးကြည့်ရင် တော်တော် အဓိပ္ပါယ် မရှိပါလားလို့ တွေးမိပါတယ်။) ဆရာ ဆရာမပေါက်စတွေကို ဘာထရိန်နင်မှမရှိဘဲ ပို့  လိုက်တာပါ။ အရင်ကတော့ ဒီလိုပါဘဲ။ ဆရာဖြစ်သင်တန်းဆင်းလဲ မဟုတ်ကြပါ။

ဒီလိုနဲ့  လက်ထောက်ပညာရေးမှူးရောက်လာပါပြီ။ တစ်ရွာပြီးတစ်ရွာ ၀င်စစ်တဲ့သတင်းကို နားစွင့်နေကြပါတယ်။ ဘယ်ကျောင်းကတော့ ဘယ်လို မှတ်ချက်ရတယ်။ ဘာညာပေါ့လေ။

နောက်တော့ အားလုံးသဘောပေါက်လာတာက ဧည့်ခံကျွေးမွေးတဲ့ အစီအစဉ်က အရေးအကြီးဆုံးဆိုတာပါပဲ။ လိုအပ်သည်များကို မှာစားသွားပါသည်ပေါ့လေ။ ကျောင်းဆိုတာစစ်စရာ ဘာမှပြစရာမရှိတဲ့ တံခါးမပါတဲ့ တဲကုတ်လေးသာဖြစ်ပြီး စာသင်ခုံလေး လေး ငါးလုံးပဲရှိတာဆိုတော့ ဘယ်အရာကိုများ စစ်ဆေးပြီး အမှတ်ပေးပါ့မလဲ။

သင်ကြားရေးနားလည်မှုစစ်ဖို့  ဆိုတာလဲ ၂ ယောက်နဲ့  တစ်ပိုင်းရှိတဲ့ကျောင်းသားထဲမှာ မနက်ဖြန် မင်္ဂလာဆောင်တော့မည့် ၁ တန်းကျောင်းသူကို အတင်းကျောင်းတက်ခိုင်းထားရတဲ့ အဆင့်ဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့။ အိမ်မိုးဖက် သွားကောက်ကြတဲ့ ကလေးတွေမလာမှာစိုးလို့  လှေဆိပ်အထိလိုက်ခေါ်ရတဲ့ ကျောင်းဆရာဘ၀တွေပါ။ အခုမြို့က ဂိုက်လုပ် ကျုရှင်သင် ၀ိုင်းပြနေတဲ့ ဆရာမတွေရဲ့ဘ၀နဲ့  မိုးနဲ့  မြေလိုကွာပါတယ်။

ဒီလိုနဲ့ ဝိန်းကောင့်ရွာရဲ့ ရွာနီးချင်း ကွန်နားရွာကိုစစ်တဲ့နေ့ ရောက်လာပါတယ်။

ကွန်နားရွှာမှာ ကျောင်းရဲ့ တစ်ဦးတည်းသော ကျောင်းဆရာလဲဖြစ် ကျောင်းစာရေးလဲဖြစ် အထွေထွေ လုပ်သားလဲဖြစ်သူ ဆရာကိုအောင်ညိုဟာ ရင်တခုန်ခုန်နဲ့  လက်ထောက်ပညာရေးမှူးကို ဧည့်ခံပါတယ်။ ရွာခံလူကြီးတွေရဲ့ ပူးပေါင်းပါဝင်မှု ဆရာကျောင်း ကိုအောင်ညိုရဲ့  စည်းရုံးရေးကောင်းမွန်မှုတို့  ကြောင့် လက်ထောက်ပညာရေးမှူးရဲ့  “ကောင်းလိုက်တာ အမှတ်ပြည့်ပဲ” ဆိုတဲ့ မှတ်ချက်ကို ရခဲ့ပါတယ်။ ဆရာကိုညို တော်တော်ပျော်ပါတယ်။ ယောနယ်သားမို့  ရိုးစင်းတဲ့စိတ်နဲ့  ထမကမိအောင် ထိန်းရတဲ့အထိပျော်ပါတယ်။

လက်ထောက်ပညာရေးမှူးလဲ အတော်လေး သဘောကျတော်မူပါတယ်။ ဒါနဲ့  ပဲ ဟန်ပြသဘောနဲ့  ကျောင်းကိုဝင်စစ်ပီး ပြန်အထွက်၊ တချိန်လုံးကောင်းတယ် ကောင်းတယ် ပြောလာတဲ့ လက်ထောက်ပညာရေးမှူးခမျာ သရဲသဘက်ကို မြင်လိုက်ရသလို မျက်လုံးအပြူးသား စကားအထစ်ထစ်နဲ့  “ကဲ… ပေးခဲ့တဲ့အမှတ်တွေ ကုန်ပါပြီ” လို့  မြည်တမ်းလိုက်ပါသတဲ့။

ဆရာကိုအောင်ညိုလည်းအလန့်  တကြားနဲ့  ပညာရေးမှူးပြရာကို ကြည့်လိုက်တော့ ပညာရေးမှူး လာမှာမို့  တစ်ကျောင်းပီးတစ်ကျောင်း လှည့်ငှားထားရတဲ့၊ အရွယ်တူုကြယ်ဖြူ ၁၄ လုံးပါတဲ့ ကျောင်းရှေ့ အလံတိုင်က မြန်မာနိုင်ငံအလံတော်ဟာ ဇောက်ထိုးအနေအထားနဲ့  ကြွားကြွားဝင့်ဝင့် လေမှာ တလွင့်လွင့် ဖြစ်နေတာပါပဲ။ “ကိုအောင်ညိုရေ အကြောင်းမကောင်းရင် သေဒဏ်ပါတဲ့ခင်ဗျ” လို့  ဆိုလိုက်တော့ ကိုအောင်ညိုမျက်နှာ ဇီးရွက်ကို မိတ္တူချုံ့ ထားသလိုပါဘဲ။ အဲဒီကစပြီး သူ့ နာမည်ကို ဇောက်ထိုးဆရာကျောင်းလို့  ခေါ်ကြပါတော့တယ်။

ဒေသခံတွေအားလုံး စာ (လုံးဝ) မရေးတတ်ပါဘူး။ ဒါတွေဟာအဖြစ်မှန်တွေပါ။ ဆင်းရဲမွဲတေတဲ့ ဒေသတွေအကြောင်း ရန်ကုန်မြို့ ၀န်းကျင်မှာနေထိုင်တဲ့သူတွေ မသိနိုင်ကြပါဘူး။ တာဝန်ကျရာရွာကို အလာ ရေဆာလွန်းလို့  တောလမ်းခရီးမှာ တွေ့  တဲ့ ရေအိုင်ထဲကရေတွေကို သောက်ခဲ့ရပါတယ်။ ပိုးလောက်လမ်းတွေတွေ့  ပေမဲ့ ရေငတ်လာတော့မရှောင်နိုင်ပါ။ ရေသန့်  သောက်တိုင်းမှာ သတိရပါတယ်။ အနံ့  တောင်အခုထိစိတ်ထဲမှာစွဲနေတုန်းပါဘဲ။

အဲဒီရွာမှာ နှစ်နှစ်လောက်နေထိုင်ပီး ငှက်ဖျားကို ရင်ဝယ်ပိုက်လို့  ဆေးရုံကို ချောင်းပေါက်မတတ် တက်ပြီးသကာလ လစာလေး မဖြစ်စလောက်ကို လာဘ်စားသူ ပညာရေးမှူးကြီးထံမှာ ရောင်းချပြီး နေရပ်ပြန်ခဲ့ကြောင်းပါ။

အတူရင်ဆိုင်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့  စိတ်ထားဖြူတဲ့ယောနယ်ကသူငယ်ချင်းလေးတွေကို ဒီစာလေးနဲ့  သတိတရ မှတ်တမ်းတင်ပါတယ်။

ဘယ်နေရာ ဘယ်ရောက်ရောက် မမေ့နိုင်စရာ အကြောင်းအရာတွေကို အချိန်ရရင် ထပ်ရေးပါဦးမယ်။

မှတ်ချက်။.............။ အစ်မတော် ရေးပါသည်။

Saturday 12 March 2011

ပုစွန်ဆီရောင်အိမ်မက်.......


နှင်းလွှာဝတ်ရုံ၊ စောင်လိုခြုံလို့ 
လွင်ပြင်တလွှား၊ ငါဖြတ်ကျော်ခဲ့သမျှ
ပေါ့ပေါ့လေးပါပဲလား။

မြူနှင်းလွှလွှ ၊ အေးမြမြနဲ့ 
ငါလျောက်သွားနေလိုက်တာ
ကမ္ဘာအနှံ့ တောင်ထင်ရဲ့။

ဆောင်းမနက်ရဲ့ ၊ နုလျလေပြေ နှင်းမှုန်ဖွေးတို့ 
ငါ့ပါးပြင်ကို ၊ အတင့်တရဲ နမ်းရှိုက်လိုက်ကြတာ
မွှေးညင်းတွေတောင် ရှက်ရွှံ့အေးစက်ကုန်ကြပြီ။

ရင့်ထော်ကြမ်းတဲ့ ၊ ငါ့ခြေဖ၀ါးကို
အိစက်ညက်ညောင်း ၊ ဖော့ဖယောင်းသဖွယ် ကပ်ညှိလာလို့  ငါငုံ့ ကြည့်လိုက်မိ
အိုး........ ငါတိမ်တွေပေါ်မှာပဲ။

တွတ်တီးတွတ်တာ ၊ မြည်သံစာနဲ့ 
ညာပုခုံးဖက်က ၊ အသံကြားမိ ငဲ့စောင်းကြည့်တော့
ကျလိကျလိနဲ့  ကောင်းကင်ငှက်လေးက နှုတ်ဆက်တယ်... “မင်္ဂလာနံနက်ခင်းပါ” တဲ့။

နှောင်းတမြည့်မြည့် ၊ ဆောင်းလေအဝှေ့ မှာ
တယောသံသာလွှင့်မြောလာလို့  ၊ ငါဖမ်းဆုပ်ကြည့်မိတယ်
ငါးဖယ်တိုး တိုး သလို ၊ လွှင့်မြောသွားတဲ့ သံစဉ်လေးက ငါ့လက်ဖ၀ါးကြမ်းတွေကို နှုတ်ဆက်သွားတယ်
ချမ်းမြေ့ပါစေ ၊ ခရီးသည်တဲ့ဗျာ။

သင်းတပျံ့ပျံ့နဲ့  ၊ တောက်ပခြင်းမရှိတဲ့
ရနံ့ စုံကို ငါရှုရှိုက်မိလို့  ၊ သိချင်ဇောနဲ့  ဝေ့၀ိုက်ကြည့်တဲ့ခါ
အားပါး........ ငါ့ကိုဆွဲခေါ်နေတာ ပန်းပွင့်ဥယျာဉ်ကြီးပါလား။

ခံစားချက်ရင်ဘတ် ၊ တဆတ်ဆတ်ခုန်ရင်း တသိမ့်သိမ့်တုန်ခဲ့ပြီ
ပြင်းပြတဲ့ဆန္ဒက တယောသံရဲ့ပိုင်ရှင်ဟာ ဘယ်သူလဲပေါ့။

တိုးညင်းသွယ်လျ ၊ သောတသံစဉ်တစ်ချို့
ငါ့နားစည်ကိုတောင် ရိုက်ခတ်လာပြီပဲ။

..♫.... ♪....♫ ♪...................*...♥....*
...*..........♫ ♪.....♥........

ဟော........ တိုးရာက ကျယ်လာပြီ........

...♫.... ♪....♫ ♪...................*...♥....*
...*..........♫ ♪.....♥........*.......
*... ♪.....♫ ♪.......


မှီ............ အူး...............၊ မှီ........အူး....။
မှီ...အူး၊ မှီ..အူး၊
မှီအူး၊ မှီအူး။
မြှောင်၊ မြှောင်၊ ညောင်ညောင်။
ခလွမ်၊ ချွင်၊ ခွမ်း၊ ၀ုန်း ဂလုန်း။
ဒုန်း...................။

“အောင်မြတ်လေးဗျ”

“တောက်” .. “ခွီးပဲ... ဒီကြောင်တွေ မိုးတောင်မလင်းသေးဘူး”
“ဆူညံနေတာပဲ ..... တောက် .. ကွာ”

သံစဉ်ပုံလေးတွေကို မရိုစ့် ဆီကကူးယူပါသည်။