Saturday 24 April 2010

About my little sister


ဂျစ်တူးမ .. အလှကြီးမဟုတ် သိုသော် စေ့စေ့ကြည့်လျှင် ကြည့်ကောင်းသည်။ မျက်ခုံးများက မျော့မဲမဲကြီး ၂ကောင် တင်ထားသည့် အလား။ အကောင်းဆုံးက သူမရဲ့  ထူထဲဖြောင့် စင်းသည့် ဆံပင်ရှည်ရှည်များ။ ဆံလုံးကြီးပြီး ဆံသား ကောင်းလွန်းသည်။ သူမ၏ ဆံပင်ဖြောင့်များကို မနာလိုစွာ နင့်ဆံပင်တွေက ဝက်မွှေးနဲ့  တူတယ်လို့  ပြောခဲ့ဘူးသည်။ သူမ ဆေးကျောင်းတက်သည့် ဒုတိယနှစ်တွင် ခါးကျော်ကျော် ရှည်သည့် ဆံပင်များကို စိတ်မရှည်စွာ ဖြတ်သည်။ “ ငါ့ခေါင်းမှာ သန်းတွေ လင်ယူ သားမွေး၊ လုပ်နေလို့  ဟေ့’’ ဆိုပြီး ဂွကျကျ ပြောသည်။ သန်းလာတွယ်သည်လို့  မပြော။ သူမဆံပင်များက လဲ သန်လွန်အားကြီးသည် ၊ အရှည်မြန်သည်။

စာတွေများလွန်းသဖြင့် အိမ်ပြန်လာတိုင်း စကား ကြာကြာဝိုင်းမဖွဲ့  နိုင်။ သူမစကားပြောလျှင် သွယ်ဝိုက်ဖွဲ့  နွဲ့  ပြီးမပြောတတ်၊ တဲ့တိုးပြောလွန်းသည်။ အဖြောင့်အတိုင်း ပြောလို့  တခါတခါ နားထဲမှာ တော်တော် ဂွ ကျသည်။ မိန်းခလေးတွေ ထဲမှာ အငယ်ဆုံး၊ အိမ်မှာက စီနီယာတွေ ဆူရင်လဲ ခံရတုန်း။ တခါမှ ပြေပြေ ပစ်ပစ် အလှမပြင်တတ်။ ခြေချောင်း လက်ချောင်းလေးတွေ က သေးသေးသွယ်သွယ် နှင့် စိတ်ဓါတ်ကတော့ အရမ်းကြံ့ခိုင်သည်။ ငယ်ငယ်ကတည်း က သူမ အချိန်ဇယားနှင့်သူမ အလုပ်လုပ်တတ်သည်။ ကလေးဘဝ ကတည်းက စာရွက်ကလေး တစ်ခုပေါ်မှာ ယနေ့  လုပ်မည့် အစီအစဉ်များကို ချရေးထားပြီး၊ တကယ်လဲ လက်တွေ့  လုပ်သည်။ ဆုပေးပွဲ မတက်ရသည့် နှစ်မရှိ၊ ပထမ အမြဲရသည်။ မှတ်မိသမျှ တော့ သူမ ဆုမယူရသည့် နှစ်ရယ်လို့  မရှိ။

ကျမ အိမ်ကို holiday အပြန် သူ နေ့  သည့် ဆေးကျောင်း အစိုးရ ဆောင၊် မြောက်ဥက္ကလာသို့  သွားကြည့်သည်။ သူမ ကုတင် အနီး ဘာအဆောင်အယာင်မှ မရှိ ၊ စာအုပ်၊ မုဒုံစောင်၊ခြင်ထောင်၊ အနီးနားမှာ အဆောင်သူတွေ ထုံးစံအတိုင်း ထမင်းပေါင်းအိုး လေးတစ်လုံး ဟင်းချက်စရာ အနည်းငယ်။ စာမှ တပါးဘာမှ ဂရုစိုက်ပုံမရ။ စိတ်ဓါတ်ကို အကြမ်းခံအောင် လေ့ကျင့်ထားပုံရသည်။ တခြားတဘက်မှာတော့ သူမအခန်းဖေါ် ရဲ့  ကုတင် ၊ ဝက်ဝံရုပ်ကြီးများ၊ ခေတ်မှီသော အသုံးအဆောင် များ ၊ နှိုးစက်နာရီ၊ အများကြီး ပြည့်နှက်လျှက်၊ တော်ရုံတန်ယုံ လူသာဆို ၊ ဒီလို နေရာမျိုးမှာ ပညာတခုထဲ မျက်နှာကို ကြည့်ပြီး နေရတာ တော်တော်ခက်မည်။

သူမှ စာတော်တော် ကြိုးစားခဲ့ပုံပေါ်သည်။ အထူးကု တက်ခွင့်ရခဲ့သည်။ နောက် လက်ထောက် ကထိက အဖြစ် နယ်မှ ဆေးတက္ကသိုလ် တခုမှာ တာဝန်ကျသည်။ ငယ်ငယ်က သူမ စက်ဘီး ဖြောင့်အောင် မစီးတတ်ခဲ့။ နယ်မှာ သွားရေးလာရေး ခက်သဖြင့် ဆိုင်ကယ်၊ စက်ဘီးကိုသာ အားကိုးရသဖြင့်၊ အိမ်ပြန် ရောက်တော့၊ မောင်ငယ်နှင့် တူလေးကို စက်ဘီးစီး သင်ခိုင်းသည်။ သူမ အိမ်မှာ ရှိချိန်ဆိုလျှင် တအိမ်သားလုံး ကျန်းမာရေး အတွက် စိတ်ချရသည်။ ဒူးနာတတ်သည့် ဖခင်၊ လေအောင့်တတ်သည့် မိခင်၊ ရင်ကြပ်တတ်သည့် မောင်လေး၊ အစားပုတ်သည့် သူမ ရဲ့  တူ ဝတုတ်လေး တို့  အတွက် FOC ကျန်းမာရေး စောင့်ရှောက်မှု က သူမဆီမှ အပြည့်အဝ ရမည်မို့  စိတ်အေးရသည်။

ကျမတို့  ငယ်ငယ် က ဖျားနာ၊ နေမကောင်းလျှင် အမေက ဆေးကြိတ် တိုက်ပါသည်။ ဆေးကိုကြိတ်၊ ရေ(သို့ ) ဘားပလက် အားဆေးနှင့် ဖျော်ကာ တိုက်ပါသည်။ ခုတော့ အမေ ကိုယ်တိုင် အသက်အရွယ် ရလာပြီး သူမ က သောက်ခိုင်းသော ဆေးကို သောက်ရတော့မည်။ ပုံလုံတလှည့် ငါးဖျံတလှည့် ပေါ့ (ဆိုင်လားမဆိုင်လားမသိ)။ အမေ ဒေါ်ရေခဲတုံး တစ်ယော်ကတော့ ငယ်ငယ်က ဆေးခါးကြီးတွေ တိုက်သမျှ ခုတော့ သူ့  အလှည့်။ (ဆောဒီးပါ မွေးသမိခင်) ဒီကလေးမ ဆေးကုတာ ကျမ မခံဘူးသေး။

ကလေးဘဝက သူမနှင့် အတူ ခုန်ပေါက် ပြေးလွှားကစားရင်း သူမရဲ့  နဖူးမှာ ကျမကြောင့် ဒဏ်ရာ အမာရွတ်စွဲ သည့်  အထိ ဖြစ်ခဲ့သည်။ ဧကဝတ် ပုားလို့  နဖူးက ဒဏ်ရာကို ကြည့်တိုင်း ငါ့ကို နင် သတိရ နေမယ် မဟုတ်လား လို့  နောက်မိသည်။ ဟာသပြောလျင် သိပ်မပေါက်၊ ၂ခါလောက်ပြောမှ နည်းနည်း နားလည်သည်။ စကားပြောလျှင်လဲ တခါမှ ဖွဲ့  ဖွဲ့  နွဲ့  နွဲ့  မပြောတတ်။ တခါတခါ သူ့  လေသံမှာ တောမှ (ဂျီးဒေါ်ကြီး) များလေသံအတိုင်း။

ငယ်ငယ်က သူမကြိုက်တဲ့ ရုပ်ရှင်မင်းသား နာမည်က “ရဲမင်းပိုင်” တဲ့ (ကျမတော့မကြည့်ဘူးပါ)။ ကြိုက်ရသည့် အကြောင်းရင်းက သိုင်းချကောင်းလို့  ပါတဲ့။ ဘုရားတွေမှာလဲ အရမ်းအလှူလုပ်လို့  ပါတဲ့။ နေကြာစေ့ ထုတ်ထဲမှ သူကြိုက်သည့် မင်းသားပုံကို ကြည့်ပြီး ကျမက ကဲ့ရဲ့  တော့ သူက ‘‘ဒီမင်းသားက စိတ်ကောင်းရှိလို့ အလှူလုပ်သည် သူမကတော့ ကြိုက်သည်တဲ့’’ ။

သူမ မဟာသိပ္ပံ ဆက်တက် နေတုန်းက သင်္ကန်းကျွန်း ဆေးရုံမှာ တာဝန်ကျသည်။ ဒီတခါတော့ သူ့  မ ကြိုက်သည့်  ရုပ်ရှင်မင်းသား ‘‘ ရဲမင်းပိုင်” လဲ ရုပ်ရှင်ရိုက်သည် မကြားတော့ ။ ညီအမ နှစ်ယောက် ဆုံမိတော့ ဘယ်မင်းသားကြိုက်လဲ မေးမိတော့ “ကျော်သူ” တဲ့ ။ ရုပ်ရှင်လဲ သိပ် မရိုက်တော့သော၊ တီဗွီမှာလဲ သိပ်မမြင်ရတော့ သော မင်းသားကျော်သူ ဆိုတော့ အံသြပြီးမေးမိသည်။ “ရဲမင်းပိုင်” လိုဘဲ သိုင်း တတ်လို့  လား ဆိုတော့ ဆေးရုံမှလူနာ တို့  စားရန် ထမင်းဟင်း အလှူရှင်မရှိသည့် ရက်တိုင်း “ကျော်သူ” တာဝန်ယူထားလို့  တဲ့။

ဒီမင်းသား တော်တော် စိတ်ကောင်းရှိသည်။ လူမှုရေး တော်တော်လုပ် သည်တဲ့ လေးစားလို့  ဒီမင်းသားကို ကြိုက်ပါသတဲ့။ တူတော်မောင် နှစ်ကောင်တော့ သူတို့  အဒေါ်ပြန်လာမည် ဆိုတော့ ပျော်နေကြမည်။ ဆယ်နှစ်သား တူတော်မောင်က နယ်မှာ ရှိနေသည့် သူမကို ဖုန်းမကြာမကြာ ဆက်ပြီး ရီပို့ တင်တတ်သည်တဲ့။ သူတို့  တွေက သွေးသောက်တူဝရီးဖွဲ့  ထားပုံရသည်။ ကဲဒီလောက်နဲ့  ဘဲနားဦးမည်။ ဂျစ်တူးမ တော့ မျက်ခုံး လှုပ် နေတော့မည်။