Friday 25 October 2013

ကျုံ့နေတဲ့ နှာဖူးကြောကြီး

တခါတလေကျတော့လည်း လူလောကကြီးက စိတ်ကုန်ချင်စရာ အရမ်း တအား ပိုးစိုး ပက်စက် ကို ကောင်းလာပါသည်။ စိတ်ထဲက ညစ်ညူးနေတဲ့ အတွေးတွေ ထုတ်မရတဲ့ အခါ နှာဖူးကြောကြီးက အမြဲလိုလို တွန့်  နေပြီး ဦးခေါင်းသည် ၇ ရက် ၇ ည အရက်သောက်ထားတဲ့ ယစ်ထုတ်ကြီး မောနင်းပက် မချရသေးသလို ထုံထိုင်းပြီး ပူထူလို့ နေပါသည်။

ငါဘာလုပ်လုပ် မဖြစ်ဘူး ဆိုတာထက်၊ ငါဘာတွေလုပ်နေသလဲ ဆိုတာတောင် ပြန်မေးမရတဲ့ အဆင့်ရောက်လာတဲ့အခါ သန်းရွှေကိုလည်း မုန်းပါသည်၊ နေရွှေသွေးအောင်ဆိုတဲ့ လူ့ ကြက်ချေးကိုလည်း မုန်းပါသည်။ အောင်မြင် ကြော်ကြားနေတဲ့ ကျောင်းနေဖက်တွေကိုလည်း မုန်းပါသည်။ (လာကြွားတယ်လို့  ထင်မိလို့ ပါ)။ ဘယ်သူက ဘယ်နေရာမှာ လုပ်နေတာ တစ်နေ့  ဘယ်လောက်ရသည်.. ဘယ်သူစီးတဲ့ ကားက ဘာမော်ဒယ် ဈေးက ဘယ်လောက် စသည်ဖြင့် .. စသည်ဖြင့်။ 

ကျောင်းတက်နေကထဲက လက်တံရှည်ကြသော လူအများစုသည် ကျောင်းပြီးသော်လည်း လက်တံရှည်ကာ နေရာတကာ သူတို့ ချည်းပဲ ဖြစ်နေကြသည်ကို အံ့သြောဖွယ်ရာ တွေ့ ရှိရပါသည်။ လူကြီးသားသမီး ဟူသည် နှင့် လူချမ်းသာ သားသမီး ဆိုသည်များအား အံ့သြကုန်နိုင်ဖွယ်ရာ လူထူးဆန်းများ အဖြစ် ကကလ၏ သမိုင်းတွင် ထင်ချန်ထားမည် ဖြစ်ပါသည်။

အခု လူ့ သက်တမ်း တစ်ဝက် အထိ ငါဘာရပြီးပြီလဲ လို့  ကြည့်သော် ဘာမှ ကိုင်ပြစရာလည်း မရှိ ဆုပ်ပြစရာလည်း မရှိသေးချေ။ မြန်မာပြည်ကို အပြီးပြန်ပြီဟု ကြွေးကြော်ကာ ၀င်သွားလေသော မောင်ညိန်းနိုင်ကြီးကိုလည်း မုန်းတီး သတိရမိပါသည်။ တနေ့ က မောင်မျိုးနှင့် ပြောဖြစ်သော် ဒင်းလည်း မောင်ညိန်းနိုင်ကြီးအား သတိရနေပါသည်။ 

ကိုရင်အိ မိန်းမ မဒမ်ကိုးကို လှမ်းတို့ သော် သူလည်း မောင်ညိန်းနိုင်ကြီးအား ဦးစွာ နှုတ်ဖျားက တပါသည်။ ကျနော်သည် ဘလော့ အဟောင်းကို ဖျက်ပစ်ခြင်း မဟုတ်ပဲ သူ့ ဖာသာ ပျက်သွားခြင်းသာ ဖြစ်ပါသည်။ ဖေစ့်ဘုတ်ကို ပိတ်လိုက်သော်ငြားလည်း ဖေ့ဘုတ်က လူတွေကို (အချို့) လွမ်းနေတတ်ပါသည်။

တနေ့  တစ်နေ့  အလုပ်ကြော်ငြာဝက်ဘ်ဆိုဒ်တွေကို အကြိမ် အမြောက် အများ ၀င်ကြည့်သော ကျနုပ်၏ မျက်စိသည် ပန်ကာလေက တစ်စောင်း ၀င်ဝင် စောင့်သော ကြောင့် ညနေစောင်းသော် အာဠာဝက ဘီလူးမျက်လုံးကဲ့သို့  ရဲနေတတ်ပါသည်။ 

NGO များသည် အလုပ်ကြော်ငြာသာ ထည့်ကြသော်လည်း (အန်ဂျီအိုများ၏ သဘော သဘာဝ အရ.. အဟမ်း ထရန်စပဲရန်စီ Transparency  ဆိုလား ဘာစီဆိုလဲ ရှိရမည် ဆိုသော ပေါ်လစီ အရသာ ထည့်ကြခြင်း ဖြစ်အောင် သဘောပေါက်ပေါက် လာပါသည်)။

ဘစ်စီတွင် ဈေးရောင်းသော ကျနော့ သူငယ်ချင်း ကရင်လေးသည်၊ ဈေးလာဝယ်သော ထိုင်းမက ဖုန်းကျန်ခဲ့သည် ဆိုကာ ရဲခေါ်လာပြီး အဗျူ့ Abuse လုပ်ခံရသည့်နောက် သူသည် သူ့ စာရိတ်တ မည်မျှ ကောင်းကြောင်းပြဖို့ ရာ နောက်နေ့ တွေ အလုပ်ဆင်းနေရသော်လည်း ဈေးဆိုင်တန်းများ အလည် သူခိုး အထင်ခံရသည့် ရှက်စိတ်ကြောင့် ခဏခဏ ရင်ဖွင့်ပါသည်။ (အမှန်ဆိုလျှင်  public Area တွင် သူ့ ဖာသာ ကျန်ခဲ့ခြင်း ဖြစ်ပြီး ရဲသည်လည်း ဘာမှ မလုပ်နိုင်ချေ။ သို့ သော် ထိုင်းရဲသည် မြန်မာမှန်းသိသည်နှင့် အာမခံဆိုကာ ဘတ် ၂၀၀၀ ကို တောင်းလေ၏) ရွံရှာမိသည်မှာ ထိုင်းရဲနှင့် ကလိမ်ကကျစ် ထိုင်းများ ဖြစ်သော်လည်း ကိုယ့် အစိုးရ ဆိုတာကြီးကို ပိုမုန်းမိပါသည် ရွံရှာမိပါသည်။ 

ထိုင်းက ရွေ့ပြောင်း အလုပ်သမားများကို ပိတ်စပို့  မူရင်း ထုတ်ပေးမည် ဆိုသော် ပိုပြီး စက်ဆုတ် ရွံရှာမိပြန်ပါသည်။ လက်ရှိ အလုပ်သမား ဒစ်ဂျစ်တယ်လ် ပတ်စပို့  နှင့်ပင် အကာအကွယ် ပေးစွမ်းနိုင်ခြင်း မရှိသော မြန်မာပြည့် အလုပ်သမား ၀န်ကြီးဌာနသည် ကြံဖတ်ကို ဘူဒိုဇာနှင့် ထိုးပြီး လမ်းကြိတ်စက်နှင့် ကြိတ်ရန် ကြံစည်နေသော ဌာန သာ ဖြစ်ကြောင်း တံထွေးနှင့် ထွေးကာ လက်ညိုးငေါက်ငေါက်ထား ပြောချင်မိပါသည်။

နောက်ဆုံး အဆုံးသတ်လိုက်ရသော်........ လူတွေ လူလူချင်း ဘာ့ကြောင့် လိုအပ်ကြသလဲ ဆိုတာ သဘော ပေါက်လာပါသည်။ ကျနော်လည်း ရင်ဖွင့်ဖို့  လူလိုပါသည်။ ဖွင့်လိုက်ပါပြီ။ နဲနဲတော့ ပေါ့ပါးသွားပါသည်။


2 comments:

  1. အောင်မလေးတော်....ငါ့ပါ မုန်းလိုက်ပီပေါ့လေ.... ဗျဲ............။

    ReplyDelete
  2. ကငြိမ်းနိုင်ကြီးကို အားလည်းကျပါသည်...လုပ်ချင်ရာ လုပ်ပိုင်ခွင့် အလကားမတ်တင်း ရသွားပြီကိုး...

    ကျောင်းတက် ကျောင်းပြီး လက်တံရှည်သူများ ရှည်ကြပါစေ...ရှည်လွန်းလျှင် ပျော့ပြီး ပြတ်ထွက်သွားပါလိမ့်မည်...လောကပါလတရားသည် အချိန်တန်လျှင် နွားပိန်ကန်တတ်ပါ၏...

    ReplyDelete