Saturday 28 September 2013

ဒီနှစ်ရော အောင်ယူခ လေမလားကွယ်။

 ၂၀၁၁ တုန်းက ထိုင်းမှာ ရေကြီးတာ ခရိုင်အတော်များများ မြုပ်ပြီး နောက်ဆုံး၊ ပင်လယ်ပြင်ထဲ မြစ်တွေ ဖြတ်စီးဆင်းသွားတဲ့ မြေနိမ့်လွင်ပြင် ဘန်ကောက်နဲ့  အထက်ပိုင်း ခရိုင်တွေ ထိ ရောက် လာခဲ့တယ်။ ရေကို တားလေလေ ပိတ်လေလေ ပင်လယ်ပြင်ထဲ မထွက်နိုင်ပဲ ၂ လကြာလောက် အောင်းနေတာမို့  နောက်ဆုံးမှာ နိုင်ငံရဲ့ အသဲနှလုံး ဘန်ကောက်ထဲက အချို့နေရာတွေကို ဖြတ်ပီး စီးဆင်းစေခဲ့လိုက်ရပါတယ်။ 

ခုနှစ်ကောဘယ်လို လဲ လို့  ဆိုရင်---- ဒန် --- ဒန် ---- ဒန် ---- ခုထိတော့ (အောင်ယူခ) အော်နေဆဲပါပဲ။ (ထိန်းချုပ်နိုင်တုန်းပဲ) လို့  အဓိပါယ် ရပါတယ်။ ၂၀၁၁ တုန်းက ဒေါ်ရင်လှရဲ့ အောင်ယူခ ဟာ နာမည်ကြီးလိုက်တာများ အောင်ယူခ အချစ်ဇတ်လမ်းတွေတောင် ဇတ်လမ်းတို ရိုက်ကူးယူရတဲ့ အထိပါ။ အောင်ယူခ အောင်ယူခရင်းနဲ့  ဘန်ကောက်ထိ ရေရောက်လာ မြို့တော်ထဲ ရောက်ပြီး လုပ်အားပေး ကောင်လေးနဲ့  ကောင်မလေး ချစ်သွားကြိုက်သွားကြတဲ့ အကြောင်းပေါ့။ ခုထိတော့ အစိုးရက အောင်ယူခ နေတုန်းပါပဲ။ 

ဒါပေမယ့် ဘန်ကောက် အထက်အရှေ့ဖက်ပိုင်းက မြေနိမ့်လွင်ပြင်ကြီးဖြစ်တဲ့ အယုဒယ၊ ပထုန်ဌာနီ၊ နခွန်စ၀ါန်၊ အူထိုင်ဌာနီ၊ လော့ပ်ဘူရီ၊ စရာဘူရီ၊ နခွန်နရွတ်၊ ပရာချင်ဘူရီ၊ စကဲရော့၊ ချန်သာဘူရီ စတဲ့ ခရိုင်တွေကတော့ မြုပ်ဆဲ မြုပ်လက်စ၊ ထပ်မြုပ်ဖို့ သာ မြင်နေရပါပြီ။ အစိုးရက ၂၀၁၁ နဲ့  ဒီနှစ်နဲ့  မတူဘူး ရေပမာဏက ဘယ်လောက် ကျူ့ဘစ်စင်တီမီတာသာ ရှိတာပါလို့  ပြောနေပေမယ့် ရှေ့က ဖုံး နောက်ကပေါ် ဆိုသလိုပဲ အစိုးရက တစ်ခွန်းထွက်လိုက် ကျောက်ဖယားမြစ် အစရှိတဲ့ မြစ်ကြောင်းတွေ တစ်လျောက်က ရေကာတာတွေက မနိုင်လို့  လွှတ်ချလိုက် အိမ်တွေ မြုပ်သွားလိုက်နဲ့  သူ့ အရပ်သူ့  ဇတ်ကတော့ ဟုတ်နေတာပါပဲ။

လောလောဆယ်တော့ ထိုင်းနိုင်ငံမှာ ၇၇ ခရိုင် ရှိတဲ့ အနက် ၂၅ ခရိုင်မှာ ရေလွှမ်းမိုးမှုကို ခံစားနေရပါတယ်။ မြေနိမ့်လွင်ပြင်တွေမှာ တည်ဆောက်ထားကြတဲ့ စက်မှုဇုံတွေ အတွက် ရေတမံတွေ နဲ့  ပတ်လည် ၀ိုင်းထားပေးတဲ့ အတွက် ပြည်သူတွေရဲ့ အိမ်တွေကိုတော့ ရေပြင်ကျယ်ကြီးထဲ ပစ်ထားသလို ဖြစ်တဲ့ အတွက် အရပ်သားတွေရဲ့ မကျေနပ်မှုဟာ အတော်ကို ပေါက်ကွဲနေကြပါတယ်။ 



ဘန်ကောက်မှာ လှည့်ပတ်ပြီး အပန်းဖြေ ဓါတ်ပုံတွေ ရိုက်ကြမယ် ဆိုရင်တော့ လည်စရာတွေက ၁ လ၊  ၂ လနဲ့  ကုန်မယ့်လို့  မထင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ ပြောပြော မြန်မာပြည်သား လာလည်ရင်တော့ မြဘုရားနဲ့  ပတူနမ်၊ ပက်ပုန်း ဒါတွေကလွဲလို့  ကျန်တာ မထွက်လာတာ အံ့သြဖို့ တော့ ကောင်းလှပါတယ်။ တလောက အလည်လာသွားတဲ့ မိသားစုကို မြဘုရား လိုက်ပို့ တော့ အထဲအတူလိုက်ဝင်ဖို့  ခေါ်တာ ငြင်းလိုက်တယ်။ ၀င်ကြေးက ဘတ် ၅၀၀ ဗျာ။ ပီးတော့  ဘုရားကိုလည်း သေသေချာချာ ကြည်ညိုပြီး အာရုံပြုရတဲ့ နေရာလည်း မဟုတ်။ ပူကပူ လူတွေက တိုးကြိတ်နေတာနဲ့  ကဲကဲ အစ်မတို့ ပဲ ၀င်ကြပါ ကျနော် အပြင်ကပဲ စောင့်နေလိုက်တော့မယ် ဆိုပီး နေလိုက်ရတယ်။


ပူချက်ကန်းကုန်ဗျာ၊ ဒီလောက် လူတွေ နေ့ စဉ် သိန်းနီးပါးလောက် တစ်ယောက်ကို ဘတ် ၅၀၀ လာလာ ပေးနေတဲ့ မြဘုရားဝန်းကျင်မှာ အရိပ်နဲ့  ထိုင်စရာခုံ ပေးမထားတဲ့ ထိုင်းနိုင်ငံကိုတော့ အတော်လေး စိတ်ကုန်မိပါတယ်။ ဘုရားကို ပြပြီး ပိုက်ဆံ ကောက်စားတယ်လို့  ဝေဖန်သူတွေလည်း ရှိကြပါတယ်။ မြဘုရား ၀န်းတခုလုံးမှာ အလှပင်တွေ မြက်ပင်တွေ ရှိပေမယ့် အရိပ်အတွက် မဟုတ်တဲ့ အတွက် အလည်လာတဲ့သူမှန်သမျှ သတိနဲ့  နေရ စားရ သွားရပါတယ်။ မြက်ခင်းနား သွား ရစ်သီ ရစ်သီ လုပ်မိလို့  စစ်သားက လာပြီး ထထ သွားသွား  ပြောခံရတဲ့ နိုင်ငံခြားသားပေါင်းလည်း မနည်းလှပါဘူး။ 

အံ့သြစရာက လူတွေကလည်း ဒီမှ ဒီကိုပါပဲ။ မြဘုရားဝန်းထဲမှာတော့ မြဘုရားကို ကြည်ညိုဖို့  တစ်ခုက လွဲလို့  ကျန်တာ စိတ်ဝင်စားစရာ မမြင်မိပါ။ အထဲမှာတော့ ဘုရင်ခေတ်က နန်းဆောင်တို့  ၊ ပါလီမန်တို့  ဒါတွေကို ပြန်တည်ဆောက်ပြီး မကြီးကျယ် ကြီးကျယ်အောင် လုပ်ထားတာတွေကို လိုက်ကြည့်ရုံကလွဲလို့   စိတ်ဝင်စားဖို့  မကောင်းတာ အမှန်ပါပဲ။ 

မြဘုရားဆောင် ထဲမှာလည်း စိတ်ချမ်းမြေ့ဖွယ်ရာ မရှိလှပါ။ ဘုရားထဲမှာ အာရှသားတို့  အတွက် ကြည်ညိုဖို့ ရာလာသလို အနောက်တိုင်းသားတွေအတွက် ဓါတ်ပုံ ရိုက်ဖို့  လာတာ ဖြစ်တာပေမယ့် ကင်မရာ ရွယ်မိရင်ကို အစောင့်က ဖြတ်ကနဲ ရောက်လာပြီး သတင်းစာ လိပ်ခေါက်နဲ့  ဖတ်ကနဲ့  လာရိုက်ပြီး ဟေ့...... ယူ... နိုးဖိုတို နိုးဖိုတိုလို့  အော်ပါလိမ့်မယ်။ အမေလာလည်တုန်းက အမေတို့  လူကြီးတွေ သဘာဝ ဘုရားမှာ သေသေချာချာ ထိုင် ကြည်ညိုပြီးမှ ရွတ်ဖတ်ပူဇော်ဖို့ ..... ဒါတောင် မဖြစ်နိုင်လိုက်ပါဘူး။ လူတွေက ကြိတ်ကြိတ်တိုး၊ အစောင့်တွေက ဘုရားစောင့်နဲ့  မတူပဲ နယ်စပ် လ၀က တွေရဲ့ ရိုင်းပြမှုတွေကို မြင်ရသလိုပါပဲ။ 

ဘာပဲ ပြောပြော ကိုယ့်နိုင်ငံထက် အဆပေါင်းများစွာ သာတဲ့ နိုင်ငံ ဖြစ်လို့  နေကောင်းထိုင်ကောင်းတာတော့ အမှန်ပါ။ သူတို့  ဆီက အတူယူစရာတွေ အများကြီး ရှိသလို ဆင်ခြင်စရာတွေလည်း တပုံတပင်ပါပဲ။