Sunday 5 December 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၂)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၂)

အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီရောက်လာပါလေပြီ။ ကျနော်တို့  မျောက်တအုပ် အိမ်ထဲကနေ အိမ်အောက်ဆင်းဖို့  မဖြစ်နိုင်တော့။ လယ်ယာမြေပေါ် နေရာချပေးတဲ့ အစိုးရကို မေတ္တာ အတုံးလိုက် အခဲလိုက် ပို့  ဖြစ်ကြပြီ။ န၀တရဲ့ရပ်ကွက်အသစ်လေးထဲကို လယ်ထဲရေ၀င်နေကျ ထုံးစံအတိုင်း မိုးရေ ချောင်းရေက သစ္စာမပျက် ၀င်ချလာသော ခါဝယ်………. တွံတေးသိန်းတန်ရဲ့ သီချင်းလေး ကို သတိရမိသည်… “မိုးရေတက်ရေ တဖွေးဖွေး ကွင်းကျယ် အဝေးဝေး…. လယ်စောင့်တဲလေး ခြေတံရှည် မိုးကုတ်အောက်မှာတည်… ကြာညိုတစ်ပွင့် ဖြူတစ်ပွင့် တဲနှင့် ပနံ တင့်တယ်ရယ်လို့ … ”

သဲဆန်ပြီးရေမ၀ပ်တဲ့ မြေပေါ်နေလာခဲ့တဲ့ လူတွေတစ်ခါမှမကြုံဘူးသော ရေပြင်ဖွေးဖွေးနှင့် မိမိတို့  စံမြန်းရာ ရပ်ကွက်သစ်ကြီးရဲ့ ထူးခြားတဲ့ အတွေ့ အကြုံကို ခံစားသိမြင်လာပြီ။ ယခင်နေရာဟောင်းမှာနေသလို မြေစိုက်အိမ်နှင့်နေသူများ မှာ လယ်မြေရေတက်လာတာကြောင့် အိမ်ထဲက အိုးခွက် အသုံးအဆောင်မှန်သမျှ ရေပေါ်ဘောလောပေါ်နေတာကို လိုက်ဆယ်ကြလေသည်။ နွေရာသီတုန်းက ဘယ်နားပုန်းနေမှန်း မသိတဲ့ ကိုရွှေဖားများ၊ ခရုများ အော်မြည်သံများနှင့် အသက်ဝင်နေလေတော့သည်။

ကျနော်တို့  မျောက်တစ်သိုက် ကျောင်းမဖွင့်သေးတာနှင့် အိမ်ထဲကုတ်နေကြရသည်။ အောက်ဆင်းပြီးလဲ မဆော့ရဲသေး။ မျော့များက အိမ်ပေါ်ကကြည့်ရင်တောင် မြင်နေရသည်။ ကျနော် မျော့ ကို ကြောက်တာထက် ရွံတာလို့  ပြောရင်ပိုမှန်မည်။ စားဖို့ သောက်ဖို့  မဖြစ်မနေ လမ်းထွက် ဈေးသွားကြရသည့် လူကြီးများ ခြေထောက်မှာ မျော့တွေ ကပ်ပါလာတတ်သည်။ ကျနော်တို့  သောင်းကျန်းနေကျ ရှစ်ဆယ်ဒီဂရီ (ဂ၀ံ) လမ်းလေးမှာလဲ ရေပြင်ပါးပါးအုပ်ခံထားရသည်။

နွေတုန်းက ဂ၀ံဖုန်မှုန်များဟာ ခုတော့ ရွှံ့ဗွက် တွေ ဗျစ်စိ ဗျစ်စိနှင့် ဖြစ်လို့ နေပြီ။ မိုးဦးကျချိန် လမ်းဗွက်ထချိန် ဒီအရပ်ဒေသနှင့် အကျွမ်းမ၀င်သေးသော လူများ အတွက် လမ်းကလေးပေါ်မှာ တဗိုင်းဗိုင်းလဲကြသည်။ ကျနော်တို့ လဲ လဲတာပါပဲ။ တစ်လလောက်နေမှ လူတွေ ဗွက်လမ်းကလေးနှင့် အသားကျသွားကြသည်။ သိပ်လဲမကျကြတော့။ လမ်းကလေး၏ မြေနိမ့်ပိုင်းနေရာတွေမှာ မိုးရေ တက်ရေများ ဖြတ်စီးနေကြသည်။ ကျနော်တို့  ကလေးတွေ အတွက်တော့ အဲ့ဒီလို နေရာလေးများက အထူးအဆန်း။ လူသွားလူလာ နည်းလျှင် အဲ့ဒီနေရာလေးတွေမှာ ရေကြည်လင်နေတတ်သည်။ ငါးကလေးတွေ ဟိုမှသည် ကူးခတ်နေကြတာ လှသည်။ မျော့မှ အပ ပေါ့ဗျာ..။

အိမ်ဝင်းက အိမ်ရှေ့လမ်းထက် နိမ့်တော့ ရေ၀ပ်တာပိုဆိုးသည်။ ရေစတက်ချိန်မှာ ရေနောက်ပေမယ့်လို့  ရေတက်ပြီး ၃ ရက်လောက်ရှိသည်နှင့် ကြည်လင်လာပြီ။ အိမ်အောက်မှာ ငါးကလေးတွေ ကူးခတ်နေတာကို မြင်ရသည်။ ကျနော်တို့ မျောက်တွေ အတွက်တော့ အထူးအဆန်းတွေချည်းပဲ။ ငါးသားပေါက်ကလေးများနှင့် ငါးအမေကြီးအုပ်လိုက် ကူးခတ်သွားကြတာကို သေသေချာချာ မြင်နိုင်သည်။

ပထမတစ်နှစ်လောက်ထိတော့ န၀တ၏ လမ်းကလေး အကုန်ရေအောက် မရောက်သေးပါ။ နိမ့်သည့်နေရာများသာ ရေကျော်သည်။ ကျန်တဲ့နေရာကတော့ ဗွက်တသောသောနှင့်။ နွေတုန်းက ဖုန်မှုန့်  တသောသောနှင့် လမ်းကလေးဟာ မိုးတွင်းရောက်တော့ သူနှင့် မဆိုင်သလို လဲလျောင်းလျက်သာ။ ပထမ တစ်မိုးကုန်သွားသည်နှင့် လူတွေ လမ်းကို ဖို့ ရ ပြုပြင်ရကောင်းမှန်း သိလာသည်။ အုတ်ခဲကျိုးများနှင့် ဖို့ ကြ ခင်းကြ ဖာကြထေးကြသည်။ သို့ သော် နွားလှည်းများ၏ဒဏ်၊ အုတ်ခဲကျိုးများ၏ ကွာလတီကြောင့် မိုးရောက်သည်နှင့် ဗွက်တွေ ချည်းဖြစ်ကုန်လေသည်။

ဒုတိယနှစ်မှာတော့ ကျနော်တို့  မျောက်တွေပါ အီစိမ့်ကုန်ပြီ။ ကျောင်းပြန်ဖွင့်ပြီဆိုတော့ အရင်လို မျော့ကြောက်လို့  ဆိုပြီး အိမ်မှာ ကပ်နေလို့  မရတော့။ တဗိုင်းဗိုင်းလဲ ကျပြီး ကျောင်းကို ရောက်သည်၊ မျော့ကပ်လို့  ပြေးလွှားရင်း ကျောင်းကို ရောက်သည်။ န၀တ၏ လမ်းကလေးက ဒီလို ရသ စုံလင်စွာ ပေးသည်။ အိမ်ပေါ်ကဆင်းသည်နှင့် ရေထဲရောက်သည်။ ရေတဗွမ်းဗွမ်းနှင့် ကူးပြီးမှ အိမ်ရှေ့လမ်းပေါ်ရောက်သည်။ အိမ်ရှေ့လမ်း မှ ဗွက်အိုင်လေးတွေ ကျော်ရင်းလွှားရင်း ကျောင်းသွားရသည့် ရက်များ မမေ့နိုင်စရာ။ မူလတန်း ကျောင်းက ကျနော်တို့  ရက်ကွက်နှင့် သိပ်မဝေးလှသဖြင့် ပြသနာမရှိ၊ အထက်တန်းကျောင်း နှင့် တက္ကသိုလ်တက်သူများအတွက်တော့ မစားသာလှ။ ကျနော်တို့  ဘဲချေးတန်းများက လမ်းမှာချော်လဲရင် အိမ်ပြန် အ၀တ်လဲ နိုင်ပေမယ့် သူတို့ အတွက်တော့ မလွယ်ချေ။ ချော်မလဲ ရင်တောင်မှ ကားမှတ်တိုင်ကိုရောက်ရင် ခြေထောက်မှာ ရွှံ့အလူးလူးနှင့်။

google မှပုံများရယူပါသည်။
ဆက်ပါဦးမည်.......

No comments:

Post a Comment