Sunday 5 December 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၃)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၃)

ဒါလဲ ကျနော်တို့  မျောက်တွေစိတ်မညစ်ကြသေး၊ ရေထဲမှာ မျော့ကြောက်ကြောက်နှင့် ဆော့ကြတာ ပျော်စရာပါ။ မိုးတွင်းစပြီဆိုတာနှင့် လယ်မြေထဲမှ ငုတ်လျှိုးနေကြသော ကောက်ရိုးနွယ်၊ စာကလေးခြေထောက်၊ လယ်ပတူ၊ ကန်စွန်း၊ ကညွစ် စသော အတို့ အမြို့များ လမ်းကလေးဘေးတွင်း ပေါချင်းသောချင်း။ ယခင်နေရာဟောင်းမှာ ၀ယ်စားကြရသော တို့ စရာများက လက်တကမ်းကိုရောက်နေကြသည်။ တို့ စရာ ဆင်းခူးလျှင် တရားဝင်ရေထဲ ဆင်းဆော့ခွင့်ကို ရလေသည်။ မျော့ကြောက်သည့် ကြားက ဆော့ကြသည်။

နွေရာသီတုန်းက လမ်းပေါ်ဆော့သည့် အဆော့က မိုးတွင်းရောက်ပြန်တော့ ရေစပ်စပ် မြုပ်နေသော လမ်းပေါ် ကဲကြပြန်သည်။ ဗွက်လူးကျင့်ရှိလာတော့ ဗွက်ကို မရွံမိတော့၊ ကျနော့အသားအရေများလည်း ဂျေးက အထပ်ထပ် ဖြစ်ကုန်သည်။ ရေတစ်ခါချိုးတိုင်း အမေက ပြောသည်… “နင်တို့ မျောက်တွေ အတွက် ရွှေဝါဆပ်ပြာ ပုံးလိုက် ၀ယ်ထားမှ” ဟူ၏။ (အဲ့ဒီကာလတုန်းက ဆပ်ပြာအမှုန့်  တွေ၊ ဆပ်ပြာမွှေးတွေ မပေါများသေး… အိုဆို OSO တို့  အိုမို OMO တို့  ဆိုတာ မြန်မာ့ဆပ်ပြာမှုန့်  ယဉ်ကျေးမှု အစဖြစ်လောက်သည်)။

ဒုတိယမိုးတွင်းအလယ်လောက်ရောက်တော့ န၀တ၏ လမ်းကလေးက လုံးဝ ပျောက်သွားသည်။ ဘုရားစူးလမ်း ဖြစ်သွားလေသည်။ ရပ်ကွက်ထဲဝင်မည့် လမ်းအ၀င်မှစ၍ ရွံ့ကို အဗြင်လိုက် နင်းသွားရသည်။ လမ်းဆိုတာ အမည်နာမ (ပရမာတ်လား၊ ပညတ်လား မသိ) ခေါ်ဆိုရုံသာ ရှိတော့သည်။ ရေတက်သည့် အချိန်ဆိုလျှင် လမ်းကလေးပေါ်မှာ အလုပ်သွား၊ အလုပ်ပြန်၊ ကျောင်းသွား၊ ကျောင်းပြန်၊ ဆွမ်းခံဘုန်းတော်ကြီး၊ ကိုရင်များ၊ ဈေးသွား၊ ဈေးပြန်များ မျက်ကန်းလမ်းလျောက်သလို စမ်းတမ်းစမ်းတမ်းနှင့် လမ်းလျောက် ကြရသည်။ မိုးလင်းသည်နှင့် လမ်းပေါ်မှာ ရေတဗွမ်းဗွမ်းသံ ကြားရပြီ။

ဒီလိုဒီလိုနှင့် မိုးတွင်းများစွာကို လမ်းကလေးပေါ်ဖြတ်သန်းရင်း ကျော်လွှားခဲ့ကြသည်။ လမ်းကလေးက န၀တ၏ လမ်းမဟုတ်တော့။ ကျနော်တို့  သိတတ်စအရွယ်မှ စ၍“ကိုယ်အားကိုကိုး” ဆိုသည့် စကားလုံးလေးက တော်တော်လေး ရင်းနှီးလာသည်။ ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်း၊ ကိုယ့်အားကိုယ်ကိုး ကျောက်ခင်းလမ်း၊ ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်း၊ ကိုယ့်အားကိုယ်ကိုး သောက်ရေတွင်း အ၀ီစိတွင်း၊ ကိုယ့်အားကိုယ်ကိုး.... etc; တွေ နိုင်ငံ့ကိုယ်စားပြု ရုပ်မမြင် အသံမကြားတွေ မှာပါပေါ်တင်ကိုပြသည်။ ကိုယ့်အားကိုယ်ကိုး ကို ကိုးရမည်လို့ များ အစိုးရက ဆိုလိုလေသလားမသိ၊ ကိုယ့်အားကိုကိုးမှုတွေကို ပေါပေါသီသီ အားပေး မြောက်ပင့်ပေးသည်။ အစိုးရဆိုတာ ပြည်သူ့ အတွက် အခန်းကဏ္ဍ မရှိသလောက် ဖြစ်သွားသည်။

အခုခံစားမိတာက ကျနော်တို့ ပြည်သူတွေကို အစိုးရကနေရာချပေးသည်။ ထိုနေရာကောင်း၏ မကောင်း၏ ဆိုတာ ပြည်သူနှင့်ပဲ ဆိုင်ပါသည်လောပေါ့။ ဟုတ်သည်ပဲလေ.. သူတို့  ကနေရာသိမ်းသည်။ ပြောင်းခိုင်းသည်။ နေရာသစ်ကိုအတင်းအဓမ္မရွေ့ပြောင်းခိုင်းသည်။ တာဝန်ကျေရုံလမ်းကလေးခင်းပေး၊ ဓါတ်ကြိုးလေးသွယ်ပေး၊ အ၀ီဇိတွင်းလေး တစ်တွင်းနှစ်တွင်းတူးပေးသွားတာလောက်ပဲ .... ပြည့်စုံသွားပြီဟုထင်နေကြသည်။

စာလေးသွားပြီ (၂ပိသာလောက်) ..... နောက်တစ်ပိုင်းဆိုပြီးပါပြီ...... အဟီး တောင်းပန်းထားတာ

1 comment:

  1. ကျွန်တော့်အိမ်လေးနဲ့ လမ်းလေးကိုတောင်သတိရသေး...။ကျွန်တော်ရှိတုန်းက
    တော့ လမ်းတိုလေးကို မိုးရာသီမေ၇ာက်ခင် ကြိုပြင်လေ့ပြင်ထရှိတယ်..။
    မိုးကုန်ရင်တခါထပ်ပြင်ရတယ်...။စုပေါင်းပြီးတော့ပေါ့...။ခုတော့ ဘယ်သူမှဦး
    ဆောင်ပြီးမလုပ်နိုင်ကြတော့ ကားလေးတောင်ဝင်မရတော့ဘူးတဲ့...။ဒါနဲ့
    နောက်တပိုင်းက ဘယ်တော့လဲဗျ....း)။

    ReplyDelete