Saturday 11 December 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး Zသိမ်း

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး Zသိမ်း

သုံးလေးနှစ်ကြာသည့်အခါ သူတို့ လုပ်ပေးသမျှဘာမှမကျန်တော့။ ဓါတ်တိုင်များက စောင်းရွဲ့ကာနေပြီ။ သူတို့ တူးပေးခဲ့သည့် အ၀ီဇီတွင်းလဲ ပျက်ပြီ။ လမ်းတွေလဲ မကျန်တော့။ ပြည်သူတွေသွားဖို့  လမ်းမရှိတော့ ဒီရပ်ကွက်ကပြည်သူတွေထဲမှာ နိုင်ငံကို အကျိုးပြုနေကြသူတွေပါသည်။ ကျောင်းဆရာ၊ ဆရာမက ပြည်ထောင်စုရဲ့ မျိုးဆက်သစ်အတွက်၊ ကျန်တဲ့ အစိုးရ၀န်ထမ်း၊ စက်ရုံ အလုပ်ရုံဝန်ထမ်းတွေကရော နိုင်ငံတော် အတွက် တစ်ဖက်တစ်လမ်းက ထောက်ကူပေးနေကြသည်ချည်းမဟုတ်ဘူးလား။ ဒီလူတွေ ရုံး၊ စက်ရုံတွေကို ချောချောမောမော ရောက်အောင် အစိုးရဆိုတဲ့ အဖွဲ့ အစည်းက ဖန်တီးမပေးသင့်ဘူးလား။

နိုင်ငံတာဝန်ကိုထမ်းဆောင်မည့် ပြည်သူတွေက ဗွက်တွေရွံ့တွေ ရုန်းကန်ရင်း တာဝန်ထမ်းဆောင်ရမည့်နေရာကို မပျက်မကွက် သွားနေကြသည်။ အစိုးရ ဘာလုပ်နေသနည်း။

ကျနော်တို့  ပြောင်းပြီး ၅ နှစ်လောက် အကြာမှာတော့ (နအဖ) ၏ လမ်းဆိုတာ လုံးဝကို ပျောက်သွားပြီ။ မီးတွေက မလာလိုက်၊ ပျက်လိုက်၊ ဖြတ်လိုက်၊ မပေးလိုက်၊ ဓါတ်တိုင်တွေက ယိုးဒယားကကနေကြပြီ။ နောက်ဆုံးမှာတော့ ကျနော်တို့  ရပ်ကွက်သူရပ်ကွက်သားများပဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုကိုးကာ မိုးတွင်းကာလ ရေမစိုစေဘဲ ရပ်ကွက်အပြင်ထွက်နိုင်စေဖို့  ကြိုးစားကြရတော့သည်။ ကိုယ့်အိမ်ရှေ့မြောင်းကမြေကို ကိုယ်တိုင်တူးကာ လမ်းပေါ်တင် လမ်းကလေးရဲ့ တ၀က်လောက်ကို မြေအမြင့်ဖို့  ပြီးယာယီလမ်းအဖြစ်သုံးကြသည်။

ကျနော်တို့  မျောက်တွေ ကျယ်ကျယ်ဝန်းဝန်းဆော့ခဲ့တဲ့ လမ်းကလေး အခုတော့ပျောက်ဆုံးသွားလေပြီ။ လမ်းကလေးပေါ်တွင် ယာယီလမ်းပေါက်စိလေး ထပ်ခင်းလိုက်ရသည်။ ထိုလမ်းကလေးပေါ်မှာ ကိုယ်ထူကိုယ်ထ ဂ၀ံများမှာယူခင်းကြသည်။ ဘယ်အစိုးရ ဘယ်စည်ပင်မှလည်းလာမကြည့် မဝေဖန်၊ နွေဆိုလျှင် လမ်းကလေးက အနိမ့်တခြမ်း၊ အမြင့်တခြမ်းဖြစ်နေတော့ ထော်လာဂျီမှ အပ မည်သည့် ကားမျှဝင်၍မရပေ။ မိုးတွင်းကတော့ မပြောသာ။

အခုဆိုလျှင် ကျနော်တို့  လမ်းကလေးနဲ့ ရင်းနှီးခဲ့တာ အနှစ် ၂၀ ကျော်ခဲ့ပြီ။ ကျနော်အိမ်ပြန်ဖြစ်တိုင်း တစ်ခြမ်းနိမ့် တစ်ခြမ်းမြင့် လမ်းကလေးကို မချိတင်ကဲမြင်တွေ့ နေရပေါင်းများနေလေပြီ။ မပြောကောင်းပြောကောင်း မီးဘေးဆိုဘယ်လို လုပ်ကြမတုန်း၊ မီးသတ်ကားဝင်ရန်လမ်းမရှိ.... တစ်ခြမ်းစီဖြစ်နေသော လမ်းလေးပေါ် ဘယ်ကားက မောင်းနိုင်ပါမည်တုန်း။ ကျနော့်စိတ်ထဲတွင်မတော့ တစ်နေ့  တော့ကျနော်ကိုယ်တိုင် လမ်းမကျယ်ကြီးဖြစ်အောင် လုပ်မည်ဟု အမြဲကြွေးကြော်လျက် ရှိနေသည်။

ကျနော်တို့ နိုင်ငံကောင်းစားလာခဲ့လျှင်၊ ကျနော်တို့ အစိုးရအသုံးကျလာခဲ့လျှင်၊ ကျနော်တို့ သယံဇာတ ကျနော်တို့  ကိုယ်တိုင်ရောင်းချခံစားနိုင်ခွင့် ရလာခဲ့သည့် တစ်ချိန်ချိန်မှာတော့ ကျနော်လမ်းကလေးရဲ့ အနာဂတ်တစ်ခုကို လှလှပပတည်ဆောက် မည်ဟု အိမ်မက်မက်လို့ ကောင်းနေဆဲ။ အဲ့ဒီလမ်းကလေးပေါ်မှာ ကျနော်တို့ ရပ်ရွာက နောက်ပေါက်လူငယ်၊ လူစွမ်းတွေ နိုင်ငံကို အကျိုးပြုဖို့  ကျောင်းသားတွေက ကျောင်းသွားကြမည်။ ရုံးသမားကရုံးသွားကြမည်။ စက်ရုံသမားက စက်ရုံသွားကြမည်။ ငွေကြေးချမ်းသာသူ (များစွာ) က ကိုယ်ပိုင်မော်တော်ယာဉ်များစွာဖြင့် နေ့  စဉ်ဖြတ်သန်းသွားလာကြမည့် နေ့ တစ် နေ့  ကို ကျနော် စောင့်မျှော် (ကြိုးစား) နေပါတော့သည်ခင်ဗျား။

Sunday 5 December 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၃)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၃)

ဒါလဲ ကျနော်တို့  မျောက်တွေစိတ်မညစ်ကြသေး၊ ရေထဲမှာ မျော့ကြောက်ကြောက်နှင့် ဆော့ကြတာ ပျော်စရာပါ။ မိုးတွင်းစပြီဆိုတာနှင့် လယ်မြေထဲမှ ငုတ်လျှိုးနေကြသော ကောက်ရိုးနွယ်၊ စာကလေးခြေထောက်၊ လယ်ပတူ၊ ကန်စွန်း၊ ကညွစ် စသော အတို့ အမြို့များ လမ်းကလေးဘေးတွင်း ပေါချင်းသောချင်း။ ယခင်နေရာဟောင်းမှာ ၀ယ်စားကြရသော တို့ စရာများက လက်တကမ်းကိုရောက်နေကြသည်။ တို့ စရာ ဆင်းခူးလျှင် တရားဝင်ရေထဲ ဆင်းဆော့ခွင့်ကို ရလေသည်။ မျော့ကြောက်သည့် ကြားက ဆော့ကြသည်။

နွေရာသီတုန်းက လမ်းပေါ်ဆော့သည့် အဆော့က မိုးတွင်းရောက်ပြန်တော့ ရေစပ်စပ် မြုပ်နေသော လမ်းပေါ် ကဲကြပြန်သည်။ ဗွက်လူးကျင့်ရှိလာတော့ ဗွက်ကို မရွံမိတော့၊ ကျနော့အသားအရေများလည်း ဂျေးက အထပ်ထပ် ဖြစ်ကုန်သည်။ ရေတစ်ခါချိုးတိုင်း အမေက ပြောသည်… “နင်တို့ မျောက်တွေ အတွက် ရွှေဝါဆပ်ပြာ ပုံးလိုက် ၀ယ်ထားမှ” ဟူ၏။ (အဲ့ဒီကာလတုန်းက ဆပ်ပြာအမှုန့်  တွေ၊ ဆပ်ပြာမွှေးတွေ မပေါများသေး… အိုဆို OSO တို့  အိုမို OMO တို့  ဆိုတာ မြန်မာ့ဆပ်ပြာမှုန့်  ယဉ်ကျေးမှု အစဖြစ်လောက်သည်)။

ဒုတိယမိုးတွင်းအလယ်လောက်ရောက်တော့ န၀တ၏ လမ်းကလေးက လုံးဝ ပျောက်သွားသည်။ ဘုရားစူးလမ်း ဖြစ်သွားလေသည်။ ရပ်ကွက်ထဲဝင်မည့် လမ်းအ၀င်မှစ၍ ရွံ့ကို အဗြင်လိုက် နင်းသွားရသည်။ လမ်းဆိုတာ အမည်နာမ (ပရမာတ်လား၊ ပညတ်လား မသိ) ခေါ်ဆိုရုံသာ ရှိတော့သည်။ ရေတက်သည့် အချိန်ဆိုလျှင် လမ်းကလေးပေါ်မှာ အလုပ်သွား၊ အလုပ်ပြန်၊ ကျောင်းသွား၊ ကျောင်းပြန်၊ ဆွမ်းခံဘုန်းတော်ကြီး၊ ကိုရင်များ၊ ဈေးသွား၊ ဈေးပြန်များ မျက်ကန်းလမ်းလျောက်သလို စမ်းတမ်းစမ်းတမ်းနှင့် လမ်းလျောက် ကြရသည်။ မိုးလင်းသည်နှင့် လမ်းပေါ်မှာ ရေတဗွမ်းဗွမ်းသံ ကြားရပြီ။

ဒီလိုဒီလိုနှင့် မိုးတွင်းများစွာကို လမ်းကလေးပေါ်ဖြတ်သန်းရင်း ကျော်လွှားခဲ့ကြသည်။ လမ်းကလေးက န၀တ၏ လမ်းမဟုတ်တော့။ ကျနော်တို့  သိတတ်စအရွယ်မှ စ၍“ကိုယ်အားကိုကိုး” ဆိုသည့် စကားလုံးလေးက တော်တော်လေး ရင်းနှီးလာသည်။ ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်း၊ ကိုယ့်အားကိုယ်ကိုး ကျောက်ခင်းလမ်း၊ ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်း၊ ကိုယ့်အားကိုယ်ကိုး သောက်ရေတွင်း အ၀ီစိတွင်း၊ ကိုယ့်အားကိုယ်ကိုး.... etc; တွေ နိုင်ငံ့ကိုယ်စားပြု ရုပ်မမြင် အသံမကြားတွေ မှာပါပေါ်တင်ကိုပြသည်။ ကိုယ့်အားကိုယ်ကိုး ကို ကိုးရမည်လို့ များ အစိုးရက ဆိုလိုလေသလားမသိ၊ ကိုယ့်အားကိုကိုးမှုတွေကို ပေါပေါသီသီ အားပေး မြောက်ပင့်ပေးသည်။ အစိုးရဆိုတာ ပြည်သူ့ အတွက် အခန်းကဏ္ဍ မရှိသလောက် ဖြစ်သွားသည်။

အခုခံစားမိတာက ကျနော်တို့ ပြည်သူတွေကို အစိုးရကနေရာချပေးသည်။ ထိုနေရာကောင်း၏ မကောင်း၏ ဆိုတာ ပြည်သူနှင့်ပဲ ဆိုင်ပါသည်လောပေါ့။ ဟုတ်သည်ပဲလေ.. သူတို့  ကနေရာသိမ်းသည်။ ပြောင်းခိုင်းသည်။ နေရာသစ်ကိုအတင်းအဓမ္မရွေ့ပြောင်းခိုင်းသည်။ တာဝန်ကျေရုံလမ်းကလေးခင်းပေး၊ ဓါတ်ကြိုးလေးသွယ်ပေး၊ အ၀ီဇိတွင်းလေး တစ်တွင်းနှစ်တွင်းတူးပေးသွားတာလောက်ပဲ .... ပြည့်စုံသွားပြီဟုထင်နေကြသည်။

စာလေးသွားပြီ (၂ပိသာလောက်) ..... နောက်တစ်ပိုင်းဆိုပြီးပါပြီ...... အဟီး တောင်းပန်းထားတာ

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၂)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၂)

အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီရောက်လာပါလေပြီ။ ကျနော်တို့  မျောက်တအုပ် အိမ်ထဲကနေ အိမ်အောက်ဆင်းဖို့  မဖြစ်နိုင်တော့။ လယ်ယာမြေပေါ် နေရာချပေးတဲ့ အစိုးရကို မေတ္တာ အတုံးလိုက် အခဲလိုက် ပို့  ဖြစ်ကြပြီ။ န၀တရဲ့ရပ်ကွက်အသစ်လေးထဲကို လယ်ထဲရေ၀င်နေကျ ထုံးစံအတိုင်း မိုးရေ ချောင်းရေက သစ္စာမပျက် ၀င်ချလာသော ခါဝယ်………. တွံတေးသိန်းတန်ရဲ့ သီချင်းလေး ကို သတိရမိသည်… “မိုးရေတက်ရေ တဖွေးဖွေး ကွင်းကျယ် အဝေးဝေး…. လယ်စောင့်တဲလေး ခြေတံရှည် မိုးကုတ်အောက်မှာတည်… ကြာညိုတစ်ပွင့် ဖြူတစ်ပွင့် တဲနှင့် ပနံ တင့်တယ်ရယ်လို့ … ”

သဲဆန်ပြီးရေမ၀ပ်တဲ့ မြေပေါ်နေလာခဲ့တဲ့ လူတွေတစ်ခါမှမကြုံဘူးသော ရေပြင်ဖွေးဖွေးနှင့် မိမိတို့  စံမြန်းရာ ရပ်ကွက်သစ်ကြီးရဲ့ ထူးခြားတဲ့ အတွေ့ အကြုံကို ခံစားသိမြင်လာပြီ။ ယခင်နေရာဟောင်းမှာနေသလို မြေစိုက်အိမ်နှင့်နေသူများ မှာ လယ်မြေရေတက်လာတာကြောင့် အိမ်ထဲက အိုးခွက် အသုံးအဆောင်မှန်သမျှ ရေပေါ်ဘောလောပေါ်နေတာကို လိုက်ဆယ်ကြလေသည်။ နွေရာသီတုန်းက ဘယ်နားပုန်းနေမှန်း မသိတဲ့ ကိုရွှေဖားများ၊ ခရုများ အော်မြည်သံများနှင့် အသက်ဝင်နေလေတော့သည်။

ကျနော်တို့  မျောက်တစ်သိုက် ကျောင်းမဖွင့်သေးတာနှင့် အိမ်ထဲကုတ်နေကြရသည်။ အောက်ဆင်းပြီးလဲ မဆော့ရဲသေး။ မျော့များက အိမ်ပေါ်ကကြည့်ရင်တောင် မြင်နေရသည်။ ကျနော် မျော့ ကို ကြောက်တာထက် ရွံတာလို့  ပြောရင်ပိုမှန်မည်။ စားဖို့ သောက်ဖို့  မဖြစ်မနေ လမ်းထွက် ဈေးသွားကြရသည့် လူကြီးများ ခြေထောက်မှာ မျော့တွေ ကပ်ပါလာတတ်သည်။ ကျနော်တို့  သောင်းကျန်းနေကျ ရှစ်ဆယ်ဒီဂရီ (ဂ၀ံ) လမ်းလေးမှာလဲ ရေပြင်ပါးပါးအုပ်ခံထားရသည်။

နွေတုန်းက ဂ၀ံဖုန်မှုန်များဟာ ခုတော့ ရွှံ့ဗွက် တွေ ဗျစ်စိ ဗျစ်စိနှင့် ဖြစ်လို့ နေပြီ။ မိုးဦးကျချိန် လမ်းဗွက်ထချိန် ဒီအရပ်ဒေသနှင့် အကျွမ်းမ၀င်သေးသော လူများ အတွက် လမ်းကလေးပေါ်မှာ တဗိုင်းဗိုင်းလဲကြသည်။ ကျနော်တို့ လဲ လဲတာပါပဲ။ တစ်လလောက်နေမှ လူတွေ ဗွက်လမ်းကလေးနှင့် အသားကျသွားကြသည်။ သိပ်လဲမကျကြတော့။ လမ်းကလေး၏ မြေနိမ့်ပိုင်းနေရာတွေမှာ မိုးရေ တက်ရေများ ဖြတ်စီးနေကြသည်။ ကျနော်တို့  ကလေးတွေ အတွက်တော့ အဲ့ဒီလို နေရာလေးများက အထူးအဆန်း။ လူသွားလူလာ နည်းလျှင် အဲ့ဒီနေရာလေးတွေမှာ ရေကြည်လင်နေတတ်သည်။ ငါးကလေးတွေ ဟိုမှသည် ကူးခတ်နေကြတာ လှသည်။ မျော့မှ အပ ပေါ့ဗျာ..။

အိမ်ဝင်းက အိမ်ရှေ့လမ်းထက် နိမ့်တော့ ရေ၀ပ်တာပိုဆိုးသည်။ ရေစတက်ချိန်မှာ ရေနောက်ပေမယ့်လို့  ရေတက်ပြီး ၃ ရက်လောက်ရှိသည်နှင့် ကြည်လင်လာပြီ။ အိမ်အောက်မှာ ငါးကလေးတွေ ကူးခတ်နေတာကို မြင်ရသည်။ ကျနော်တို့ မျောက်တွေ အတွက်တော့ အထူးအဆန်းတွေချည်းပဲ။ ငါးသားပေါက်ကလေးများနှင့် ငါးအမေကြီးအုပ်လိုက် ကူးခတ်သွားကြတာကို သေသေချာချာ မြင်နိုင်သည်။

ပထမတစ်နှစ်လောက်ထိတော့ န၀တ၏ လမ်းကလေး အကုန်ရေအောက် မရောက်သေးပါ။ နိမ့်သည့်နေရာများသာ ရေကျော်သည်။ ကျန်တဲ့နေရာကတော့ ဗွက်တသောသောနှင့်။ နွေတုန်းက ဖုန်မှုန့်  တသောသောနှင့် လမ်းကလေးဟာ မိုးတွင်းရောက်တော့ သူနှင့် မဆိုင်သလို လဲလျောင်းလျက်သာ။ ပထမ တစ်မိုးကုန်သွားသည်နှင့် လူတွေ လမ်းကို ဖို့ ရ ပြုပြင်ရကောင်းမှန်း သိလာသည်။ အုတ်ခဲကျိုးများနှင့် ဖို့ ကြ ခင်းကြ ဖာကြထေးကြသည်။ သို့ သော် နွားလှည်းများ၏ဒဏ်၊ အုတ်ခဲကျိုးများ၏ ကွာလတီကြောင့် မိုးရောက်သည်နှင့် ဗွက်တွေ ချည်းဖြစ်ကုန်လေသည်။

ဒုတိယနှစ်မှာတော့ ကျနော်တို့  မျောက်တွေပါ အီစိမ့်ကုန်ပြီ။ ကျောင်းပြန်ဖွင့်ပြီဆိုတော့ အရင်လို မျော့ကြောက်လို့  ဆိုပြီး အိမ်မှာ ကပ်နေလို့  မရတော့။ တဗိုင်းဗိုင်းလဲ ကျပြီး ကျောင်းကို ရောက်သည်၊ မျော့ကပ်လို့  ပြေးလွှားရင်း ကျောင်းကို ရောက်သည်။ န၀တ၏ လမ်းကလေးက ဒီလို ရသ စုံလင်စွာ ပေးသည်။ အိမ်ပေါ်ကဆင်းသည်နှင့် ရေထဲရောက်သည်။ ရေတဗွမ်းဗွမ်းနှင့် ကူးပြီးမှ အိမ်ရှေ့လမ်းပေါ်ရောက်သည်။ အိမ်ရှေ့လမ်း မှ ဗွက်အိုင်လေးတွေ ကျော်ရင်းလွှားရင်း ကျောင်းသွားရသည့် ရက်များ မမေ့နိုင်စရာ။ မူလတန်း ကျောင်းက ကျနော်တို့  ရက်ကွက်နှင့် သိပ်မဝေးလှသဖြင့် ပြသနာမရှိ၊ အထက်တန်းကျောင်း နှင့် တက္ကသိုလ်တက်သူများအတွက်တော့ မစားသာလှ။ ကျနော်တို့  ဘဲချေးတန်းများက လမ်းမှာချော်လဲရင် အိမ်ပြန် အ၀တ်လဲ နိုင်ပေမယ့် သူတို့ အတွက်တော့ မလွယ်ချေ။ ချော်မလဲ ရင်တောင်မှ ကားမှတ်တိုင်ကိုရောက်ရင် ခြေထောက်မှာ ရွှံ့အလူးလူးနှင့်။

google မှပုံများရယူပါသည်။
ဆက်ပါဦးမည်.......