အွန်လိုင်း လို့ခေါ်တဲ့ ပင်လယ် ရေစီးကြောင်းထဲ ကိုဝင်တယ်။ အသိမိတ်ဆွေတွေနဲ့ တွေ့တယ်။ စကား ဆက်သွယ်တယ်။ လိုအပ်တဲ့ စာအုပ်တွေ၊ အကြောင်းအရာတွေ ရှာတယ်၊ဖွေတယ်။ ကိုယ့် အတွေးအမြင် အယူအဆတွေ ကိုတခြားသူတွေနဲ့ ဖလှယ်တယ်။ နေ့တဓူဝ လုပ်နေကျ အလုပ်တွေပါပဲ။ ကြာလာတော့ ပုံမှန်လုပ် နေကျ နေ့တဓူဝ အလုပ်စာရင်းထဲ ၀င်သွားခဲ့တယ်။
ကိုယ်နဲ့တိုက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ အသုံးဝင်မယ့် အရာလေးတွေ၊ နှစ်သက်စရာ ကောင်းမွန်တဲ့ ကိစ္စတွေကို ဆွဲယူရှာဖွေတယ်။ ၀ါသနာတူ အချင်းချင်း အားပေး ထောက်ပံ့တယ်။ ကူညီတယ်။ အခက်အခဲ တွေကိုတိုင်ပင်တယ်. ညှိနိုင်းကြည့်တယ်။ ကြာလာတော့ အွန်လိုင်းမှာ ၀ါသနာတူ အချင်းချင်း မိသားစုတစ်စု လိုဖြစ်လာတယ်။
ကိုယ်နဲ့ အယူအဆ မတူတဲ့ လူနဲ့တွေ့ရင် ဦးနှောက်မုန်တိုင်း ဆင်မိတယ်။ စဉ်းစားတယ်။ စိတ်တူတဲ့ လူက ဘယ်လို ထောက်ခံ အားပေး ချီးမွမ်းသွားမလဲ ဆိုတာလည်း စောင့်ကြည့်ရ ပြန်သေးတယ်။ ကိုယ်နဲ့ အရမ်း အလှမ်းဝေးလွန်းပြီး မတူညီတဲ့ အတွေးတွေနဲ့ လူတွေကို အပြစ်တင် ရှုံ့ချမိတယ်။ ပြသနာက အဲ့ဒီမှာ စလာတယ်။ တဖက်လူက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာစောင့်ကြည့် ရတာလည်း အလုပ်တစ်ခု၊ မတူတဲ့ အတွေး စိတ်နေစိတ်ထား ရှိတဲ့ လူအပေါ် ဘယ်လိုဖိနှိပ်ရမလဲ ဆိုတာလည်း စိတ်ပင်ပန်းစေတဲ့ အလုပ်တစ်ခု ဖြစ်လာပြန်တယ်။
အင်တာနက်ဆိုတာကြီးက ပထမတော့ ကိုယ်လိုချင်တာကို ရှာဖွေ အသုံးပြုပြီး ကိုယ့်လမ်းကြောင်းကို ကိုယ်ဖန်တီးဖို့ပါပဲ။ နောက်ပိုင်း ကိုယ်ရဲ့အယူအဆ ကိုယ့်ရဲ့ စိတ်ကူးအတွး တွေနဲ့ ပတ်သတ်ပြီး အစွဲအလမ်းတွေ အငြိအစွန်းတွေနဲ့ လေးလံလာတယ်။ ဘုန်းကြီးတစ္ဆေ လိုပဲကိုယ် ဖန်တီးချပြထားတဲ့ အတွေးအခေါ်တွေ အသိတွေကို ဘယ်သူတွေ ဆန့်ကျင်ကြမလဲ။ ဘယ်လိုပုံစံ ဘယ်လိုရှုထောင့်နဲ့ တိုက်ခိုက်မိကြမလဲ ဆိုတဲ့ အတွေးတွေနဲ့ ဘ၀ကို ပိုလေးလံပြိး အလုပ်ရှုတ်လာ စေတယ်။
ဖြစ်သင့်တာက အပြင်ဘ၀မှာ လှုပ်ရှားရုန်းကန် မှုတွေနဲ့ နပန်းသတ်။ အွန်လိုင်းပေါ်တက် ကွန်ပြူတာရှေ့ ထိုင်ပြီးတဲ့ အချိန်ကျရင် အပြင်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လုံးဝ ဘရိတ်အုပ် လိုက်ပေရော့။ ကျွီ..ခနဲ ဘရိတ်အုပ် ပြီးတာနဲ့ အွန်လိုင်း ကွန်မြူနတီတွေနဲ့ ယူစရှာရှိတာယူ ပေးစရာရှိတာပေး..မျှဝေစရာရှိတာမျှဝေ၊ သင်ယူစရာ ရှိတာသင်ယူ။ အိုကေ..အချိန်လည်း အတော်ကြာပြီ၊ ညောင်းလည်း ညောင်းနေပြီ၊ ယူစရာလည်း ယူပြီးဘီ.အွန်လိုင်းပေါ်မှာ ထိုင်လို့အားရပြီ ဆိုတာနဲ့ ထွက်။
ကွန်ပြူတာရှေ့က ခွါပြီဆိုတာနဲ့ အွန်လိုင်းပေါ်က ဘ၀ကို အကျီချွတ်သလို ချွတ်ချထား ခဲ့ပေရော့။ အပြင်လောက နဲ့တစ်ကန့်စီ ထား။ လာမရှုတ်နဲ့။ လုပ်စရာရှိတာလုပ်။ အွန်လိုင်းဘ၀ ကိုအပြင်အထိ ယူလာလို့ မကောင်းနိုင်ဘူး။ ဒါတွေဟာ အမှန်ဖြစ်သင့် တဲ့ကိစ္စတွေပါ။
ဒါပေမယ့် လူဆိုတာကလည်း စေတနာ ဆိုတာရှိသေးတယ်။ ကိုယ်ချပြခဲ့တဲ့ အကြောင်းအရာ တစ်ခုခု အပေါ် လူအများ နားလည် သိတတ်ပါစေ ဆိုသလိုမျိုး ရှိသလို။ ကိုယ်ဘာကောင်လဲ ဆိုတာ ထင်ရှားအောင် ကြော်ငြာ တာလည်းတစ်မျိုး။ မရှိတာကို အရှိလုပ်ပြီး ကြွားဝါချင်တာ ကလည်းတစ်မျိုး။ သူများအပေါ် ဆရာလုပ်ချင် တာကလည်း တစ်မျိုး။ စုတ်ချက် ခပ်ဖျော့ဖျော့ ဆွဲရမယ့်နေရာမှာ စုတ်ချက် ထင်းထင်း ဆွဲမိတဲ့ ခပ်ညံ့ညံ့ ပန်းချီဆရာ လိုမျိုး ဖြစ်မလား မသိဘူး။ စေတနာ ဆိုတာနဲ့ အတ္တဆိုတာလည်း တလွှဲတွေ ဖြစ်ကုန်ပြန်တယ်။ ကဲ..ဘယ်လိုလဲ ကောင်းကြသေးရဲ့လား။ ဘယ်သူမှ ဒီစာထဲက အတိုင်းရေးထားတာ တွေကိုထောက်ခံမှာ မဟုတ်ဘူး။ စာရေးတဲ့ ကျွန်တော် ကိုယ်တိုင်လည်း မထောက်ခံဘူး။ ထောက်ခံတယ် ဆိုတဲ့ လူတွေစုပြီး ပြည်တွင်းက ISP ၂ ခုကို မီးဝိုင်းရှို့ကြဗျာ။ ကြာသလားလို့ :P အင်တာနက်လည်းပျက် လူတွေလည်း တိတ်ဆိတ်သွား။ ဘ၀က ပိုပြီး နေသာထိုင်သာ ရှိသွားမလား။ စဉ်းစားကြည့်ကြပါ.အရပ်ကတို့ရေ့။
(ဘကြီးစိုး)