Saturday, 11 December 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး Zသိမ်း

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး Zသိမ်း

သုံးလေးနှစ်ကြာသည့်အခါ သူတို့ လုပ်ပေးသမျှဘာမှမကျန်တော့။ ဓါတ်တိုင်များက စောင်းရွဲ့ကာနေပြီ။ သူတို့ တူးပေးခဲ့သည့် အ၀ီဇီတွင်းလဲ ပျက်ပြီ။ လမ်းတွေလဲ မကျန်တော့။ ပြည်သူတွေသွားဖို့  လမ်းမရှိတော့ ဒီရပ်ကွက်ကပြည်သူတွေထဲမှာ နိုင်ငံကို အကျိုးပြုနေကြသူတွေပါသည်။ ကျောင်းဆရာ၊ ဆရာမက ပြည်ထောင်စုရဲ့ မျိုးဆက်သစ်အတွက်၊ ကျန်တဲ့ အစိုးရ၀န်ထမ်း၊ စက်ရုံ အလုပ်ရုံဝန်ထမ်းတွေကရော နိုင်ငံတော် အတွက် တစ်ဖက်တစ်လမ်းက ထောက်ကူပေးနေကြသည်ချည်းမဟုတ်ဘူးလား။ ဒီလူတွေ ရုံး၊ စက်ရုံတွေကို ချောချောမောမော ရောက်အောင် အစိုးရဆိုတဲ့ အဖွဲ့ အစည်းက ဖန်တီးမပေးသင့်ဘူးလား။

နိုင်ငံတာဝန်ကိုထမ်းဆောင်မည့် ပြည်သူတွေက ဗွက်တွေရွံ့တွေ ရုန်းကန်ရင်း တာဝန်ထမ်းဆောင်ရမည့်နေရာကို မပျက်မကွက် သွားနေကြသည်။ အစိုးရ ဘာလုပ်နေသနည်း။

ကျနော်တို့  ပြောင်းပြီး ၅ နှစ်လောက် အကြာမှာတော့ (နအဖ) ၏ လမ်းဆိုတာ လုံးဝကို ပျောက်သွားပြီ။ မီးတွေက မလာလိုက်၊ ပျက်လိုက်၊ ဖြတ်လိုက်၊ မပေးလိုက်၊ ဓါတ်တိုင်တွေက ယိုးဒယားကကနေကြပြီ။ နောက်ဆုံးမှာတော့ ကျနော်တို့  ရပ်ကွက်သူရပ်ကွက်သားများပဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုကိုးကာ မိုးတွင်းကာလ ရေမစိုစေဘဲ ရပ်ကွက်အပြင်ထွက်နိုင်စေဖို့  ကြိုးစားကြရတော့သည်။ ကိုယ့်အိမ်ရှေ့မြောင်းကမြေကို ကိုယ်တိုင်တူးကာ လမ်းပေါ်တင် လမ်းကလေးရဲ့ တ၀က်လောက်ကို မြေအမြင့်ဖို့  ပြီးယာယီလမ်းအဖြစ်သုံးကြသည်။

ကျနော်တို့  မျောက်တွေ ကျယ်ကျယ်ဝန်းဝန်းဆော့ခဲ့တဲ့ လမ်းကလေး အခုတော့ပျောက်ဆုံးသွားလေပြီ။ လမ်းကလေးပေါ်တွင် ယာယီလမ်းပေါက်စိလေး ထပ်ခင်းလိုက်ရသည်။ ထိုလမ်းကလေးပေါ်မှာ ကိုယ်ထူကိုယ်ထ ဂ၀ံများမှာယူခင်းကြသည်။ ဘယ်အစိုးရ ဘယ်စည်ပင်မှလည်းလာမကြည့် မဝေဖန်၊ နွေဆိုလျှင် လမ်းကလေးက အနိမ့်တခြမ်း၊ အမြင့်တခြမ်းဖြစ်နေတော့ ထော်လာဂျီမှ အပ မည်သည့် ကားမျှဝင်၍မရပေ။ မိုးတွင်းကတော့ မပြောသာ။

အခုဆိုလျှင် ကျနော်တို့  လမ်းကလေးနဲ့ ရင်းနှီးခဲ့တာ အနှစ် ၂၀ ကျော်ခဲ့ပြီ။ ကျနော်အိမ်ပြန်ဖြစ်တိုင်း တစ်ခြမ်းနိမ့် တစ်ခြမ်းမြင့် လမ်းကလေးကို မချိတင်ကဲမြင်တွေ့ နေရပေါင်းများနေလေပြီ။ မပြောကောင်းပြောကောင်း မီးဘေးဆိုဘယ်လို လုပ်ကြမတုန်း၊ မီးသတ်ကားဝင်ရန်လမ်းမရှိ.... တစ်ခြမ်းစီဖြစ်နေသော လမ်းလေးပေါ် ဘယ်ကားက မောင်းနိုင်ပါမည်တုန်း။ ကျနော့်စိတ်ထဲတွင်မတော့ တစ်နေ့  တော့ကျနော်ကိုယ်တိုင် လမ်းမကျယ်ကြီးဖြစ်အောင် လုပ်မည်ဟု အမြဲကြွေးကြော်လျက် ရှိနေသည်။

ကျနော်တို့ နိုင်ငံကောင်းစားလာခဲ့လျှင်၊ ကျနော်တို့ အစိုးရအသုံးကျလာခဲ့လျှင်၊ ကျနော်တို့ သယံဇာတ ကျနော်တို့  ကိုယ်တိုင်ရောင်းချခံစားနိုင်ခွင့် ရလာခဲ့သည့် တစ်ချိန်ချိန်မှာတော့ ကျနော်လမ်းကလေးရဲ့ အနာဂတ်တစ်ခုကို လှလှပပတည်ဆောက် မည်ဟု အိမ်မက်မက်လို့ ကောင်းနေဆဲ။ အဲ့ဒီလမ်းကလေးပေါ်မှာ ကျနော်တို့ ရပ်ရွာက နောက်ပေါက်လူငယ်၊ လူစွမ်းတွေ နိုင်ငံကို အကျိုးပြုဖို့  ကျောင်းသားတွေက ကျောင်းသွားကြမည်။ ရုံးသမားကရုံးသွားကြမည်။ စက်ရုံသမားက စက်ရုံသွားကြမည်။ ငွေကြေးချမ်းသာသူ (များစွာ) က ကိုယ်ပိုင်မော်တော်ယာဉ်များစွာဖြင့် နေ့  စဉ်ဖြတ်သန်းသွားလာကြမည့် နေ့ တစ် နေ့  ကို ကျနော် စောင့်မျှော် (ကြိုးစား) နေပါတော့သည်ခင်ဗျား။

Sunday, 5 December 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၃)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၃)

ဒါလဲ ကျနော်တို့  မျောက်တွေစိတ်မညစ်ကြသေး၊ ရေထဲမှာ မျော့ကြောက်ကြောက်နှင့် ဆော့ကြတာ ပျော်စရာပါ။ မိုးတွင်းစပြီဆိုတာနှင့် လယ်မြေထဲမှ ငုတ်လျှိုးနေကြသော ကောက်ရိုးနွယ်၊ စာကလေးခြေထောက်၊ လယ်ပတူ၊ ကန်စွန်း၊ ကညွစ် စသော အတို့ အမြို့များ လမ်းကလေးဘေးတွင်း ပေါချင်းသောချင်း။ ယခင်နေရာဟောင်းမှာ ၀ယ်စားကြရသော တို့ စရာများက လက်တကမ်းကိုရောက်နေကြသည်။ တို့ စရာ ဆင်းခူးလျှင် တရားဝင်ရေထဲ ဆင်းဆော့ခွင့်ကို ရလေသည်။ မျော့ကြောက်သည့် ကြားက ဆော့ကြသည်။

နွေရာသီတုန်းက လမ်းပေါ်ဆော့သည့် အဆော့က မိုးတွင်းရောက်ပြန်တော့ ရေစပ်စပ် မြုပ်နေသော လမ်းပေါ် ကဲကြပြန်သည်။ ဗွက်လူးကျင့်ရှိလာတော့ ဗွက်ကို မရွံမိတော့၊ ကျနော့အသားအရေများလည်း ဂျေးက အထပ်ထပ် ဖြစ်ကုန်သည်။ ရေတစ်ခါချိုးတိုင်း အမေက ပြောသည်… “နင်တို့ မျောက်တွေ အတွက် ရွှေဝါဆပ်ပြာ ပုံးလိုက် ၀ယ်ထားမှ” ဟူ၏။ (အဲ့ဒီကာလတုန်းက ဆပ်ပြာအမှုန့်  တွေ၊ ဆပ်ပြာမွှေးတွေ မပေါများသေး… အိုဆို OSO တို့  အိုမို OMO တို့  ဆိုတာ မြန်မာ့ဆပ်ပြာမှုန့်  ယဉ်ကျေးမှု အစဖြစ်လောက်သည်)။

ဒုတိယမိုးတွင်းအလယ်လောက်ရောက်တော့ န၀တ၏ လမ်းကလေးက လုံးဝ ပျောက်သွားသည်။ ဘုရားစူးလမ်း ဖြစ်သွားလေသည်။ ရပ်ကွက်ထဲဝင်မည့် လမ်းအ၀င်မှစ၍ ရွံ့ကို အဗြင်လိုက် နင်းသွားရသည်။ လမ်းဆိုတာ အမည်နာမ (ပရမာတ်လား၊ ပညတ်လား မသိ) ခေါ်ဆိုရုံသာ ရှိတော့သည်။ ရေတက်သည့် အချိန်ဆိုလျှင် လမ်းကလေးပေါ်မှာ အလုပ်သွား၊ အလုပ်ပြန်၊ ကျောင်းသွား၊ ကျောင်းပြန်၊ ဆွမ်းခံဘုန်းတော်ကြီး၊ ကိုရင်များ၊ ဈေးသွား၊ ဈေးပြန်များ မျက်ကန်းလမ်းလျောက်သလို စမ်းတမ်းစမ်းတမ်းနှင့် လမ်းလျောက် ကြရသည်။ မိုးလင်းသည်နှင့် လမ်းပေါ်မှာ ရေတဗွမ်းဗွမ်းသံ ကြားရပြီ။

ဒီလိုဒီလိုနှင့် မိုးတွင်းများစွာကို လမ်းကလေးပေါ်ဖြတ်သန်းရင်း ကျော်လွှားခဲ့ကြသည်။ လမ်းကလေးက န၀တ၏ လမ်းမဟုတ်တော့။ ကျနော်တို့  သိတတ်စအရွယ်မှ စ၍“ကိုယ်အားကိုကိုး” ဆိုသည့် စကားလုံးလေးက တော်တော်လေး ရင်းနှီးလာသည်။ ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်း၊ ကိုယ့်အားကိုယ်ကိုး ကျောက်ခင်းလမ်း၊ ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်း၊ ကိုယ့်အားကိုယ်ကိုး သောက်ရေတွင်း အ၀ီစိတွင်း၊ ကိုယ့်အားကိုယ်ကိုး.... etc; တွေ နိုင်ငံ့ကိုယ်စားပြု ရုပ်မမြင် အသံမကြားတွေ မှာပါပေါ်တင်ကိုပြသည်။ ကိုယ့်အားကိုယ်ကိုး ကို ကိုးရမည်လို့ များ အစိုးရက ဆိုလိုလေသလားမသိ၊ ကိုယ့်အားကိုကိုးမှုတွေကို ပေါပေါသီသီ အားပေး မြောက်ပင့်ပေးသည်။ အစိုးရဆိုတာ ပြည်သူ့ အတွက် အခန်းကဏ္ဍ မရှိသလောက် ဖြစ်သွားသည်။

အခုခံစားမိတာက ကျနော်တို့ ပြည်သူတွေကို အစိုးရကနေရာချပေးသည်။ ထိုနေရာကောင်း၏ မကောင်း၏ ဆိုတာ ပြည်သူနှင့်ပဲ ဆိုင်ပါသည်လောပေါ့။ ဟုတ်သည်ပဲလေ.. သူတို့  ကနေရာသိမ်းသည်။ ပြောင်းခိုင်းသည်။ နေရာသစ်ကိုအတင်းအဓမ္မရွေ့ပြောင်းခိုင်းသည်။ တာဝန်ကျေရုံလမ်းကလေးခင်းပေး၊ ဓါတ်ကြိုးလေးသွယ်ပေး၊ အ၀ီဇိတွင်းလေး တစ်တွင်းနှစ်တွင်းတူးပေးသွားတာလောက်ပဲ .... ပြည့်စုံသွားပြီဟုထင်နေကြသည်။

စာလေးသွားပြီ (၂ပိသာလောက်) ..... နောက်တစ်ပိုင်းဆိုပြီးပါပြီ...... အဟီး တောင်းပန်းထားတာ

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၂)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၂)

အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီရောက်လာပါလေပြီ။ ကျနော်တို့  မျောက်တအုပ် အိမ်ထဲကနေ အိမ်အောက်ဆင်းဖို့  မဖြစ်နိုင်တော့။ လယ်ယာမြေပေါ် နေရာချပေးတဲ့ အစိုးရကို မေတ္တာ အတုံးလိုက် အခဲလိုက် ပို့  ဖြစ်ကြပြီ။ န၀တရဲ့ရပ်ကွက်အသစ်လေးထဲကို လယ်ထဲရေ၀င်နေကျ ထုံးစံအတိုင်း မိုးရေ ချောင်းရေက သစ္စာမပျက် ၀င်ချလာသော ခါဝယ်………. တွံတေးသိန်းတန်ရဲ့ သီချင်းလေး ကို သတိရမိသည်… “မိုးရေတက်ရေ တဖွေးဖွေး ကွင်းကျယ် အဝေးဝေး…. လယ်စောင့်တဲလေး ခြေတံရှည် မိုးကုတ်အောက်မှာတည်… ကြာညိုတစ်ပွင့် ဖြူတစ်ပွင့် တဲနှင့် ပနံ တင့်တယ်ရယ်လို့ … ”

သဲဆန်ပြီးရေမ၀ပ်တဲ့ မြေပေါ်နေလာခဲ့တဲ့ လူတွေတစ်ခါမှမကြုံဘူးသော ရေပြင်ဖွေးဖွေးနှင့် မိမိတို့  စံမြန်းရာ ရပ်ကွက်သစ်ကြီးရဲ့ ထူးခြားတဲ့ အတွေ့ အကြုံကို ခံစားသိမြင်လာပြီ။ ယခင်နေရာဟောင်းမှာနေသလို မြေစိုက်အိမ်နှင့်နေသူများ မှာ လယ်မြေရေတက်လာတာကြောင့် အိမ်ထဲက အိုးခွက် အသုံးအဆောင်မှန်သမျှ ရေပေါ်ဘောလောပေါ်နေတာကို လိုက်ဆယ်ကြလေသည်။ နွေရာသီတုန်းက ဘယ်နားပုန်းနေမှန်း မသိတဲ့ ကိုရွှေဖားများ၊ ခရုများ အော်မြည်သံများနှင့် အသက်ဝင်နေလေတော့သည်။

ကျနော်တို့  မျောက်တစ်သိုက် ကျောင်းမဖွင့်သေးတာနှင့် အိမ်ထဲကုတ်နေကြရသည်။ အောက်ဆင်းပြီးလဲ မဆော့ရဲသေး။ မျော့များက အိမ်ပေါ်ကကြည့်ရင်တောင် မြင်နေရသည်။ ကျနော် မျော့ ကို ကြောက်တာထက် ရွံတာလို့  ပြောရင်ပိုမှန်မည်။ စားဖို့ သောက်ဖို့  မဖြစ်မနေ လမ်းထွက် ဈေးသွားကြရသည့် လူကြီးများ ခြေထောက်မှာ မျော့တွေ ကပ်ပါလာတတ်သည်။ ကျနော်တို့  သောင်းကျန်းနေကျ ရှစ်ဆယ်ဒီဂရီ (ဂ၀ံ) လမ်းလေးမှာလဲ ရေပြင်ပါးပါးအုပ်ခံထားရသည်။

နွေတုန်းက ဂ၀ံဖုန်မှုန်များဟာ ခုတော့ ရွှံ့ဗွက် တွေ ဗျစ်စိ ဗျစ်စိနှင့် ဖြစ်လို့ နေပြီ။ မိုးဦးကျချိန် လမ်းဗွက်ထချိန် ဒီအရပ်ဒေသနှင့် အကျွမ်းမ၀င်သေးသော လူများ အတွက် လမ်းကလေးပေါ်မှာ တဗိုင်းဗိုင်းလဲကြသည်။ ကျနော်တို့ လဲ လဲတာပါပဲ။ တစ်လလောက်နေမှ လူတွေ ဗွက်လမ်းကလေးနှင့် အသားကျသွားကြသည်။ သိပ်လဲမကျကြတော့။ လမ်းကလေး၏ မြေနိမ့်ပိုင်းနေရာတွေမှာ မိုးရေ တက်ရေများ ဖြတ်စီးနေကြသည်။ ကျနော်တို့  ကလေးတွေ အတွက်တော့ အဲ့ဒီလို နေရာလေးများက အထူးအဆန်း။ လူသွားလူလာ နည်းလျှင် အဲ့ဒီနေရာလေးတွေမှာ ရေကြည်လင်နေတတ်သည်။ ငါးကလေးတွေ ဟိုမှသည် ကူးခတ်နေကြတာ လှသည်။ မျော့မှ အပ ပေါ့ဗျာ..။

အိမ်ဝင်းက အိမ်ရှေ့လမ်းထက် နိမ့်တော့ ရေ၀ပ်တာပိုဆိုးသည်။ ရေစတက်ချိန်မှာ ရေနောက်ပေမယ့်လို့  ရေတက်ပြီး ၃ ရက်လောက်ရှိသည်နှင့် ကြည်လင်လာပြီ။ အိမ်အောက်မှာ ငါးကလေးတွေ ကူးခတ်နေတာကို မြင်ရသည်။ ကျနော်တို့ မျောက်တွေ အတွက်တော့ အထူးအဆန်းတွေချည်းပဲ။ ငါးသားပေါက်ကလေးများနှင့် ငါးအမေကြီးအုပ်လိုက် ကူးခတ်သွားကြတာကို သေသေချာချာ မြင်နိုင်သည်။

ပထမတစ်နှစ်လောက်ထိတော့ န၀တ၏ လမ်းကလေး အကုန်ရေအောက် မရောက်သေးပါ။ နိမ့်သည့်နေရာများသာ ရေကျော်သည်။ ကျန်တဲ့နေရာကတော့ ဗွက်တသောသောနှင့်။ နွေတုန်းက ဖုန်မှုန့်  တသောသောနှင့် လမ်းကလေးဟာ မိုးတွင်းရောက်တော့ သူနှင့် မဆိုင်သလို လဲလျောင်းလျက်သာ။ ပထမ တစ်မိုးကုန်သွားသည်နှင့် လူတွေ လမ်းကို ဖို့ ရ ပြုပြင်ရကောင်းမှန်း သိလာသည်။ အုတ်ခဲကျိုးများနှင့် ဖို့ ကြ ခင်းကြ ဖာကြထေးကြသည်။ သို့ သော် နွားလှည်းများ၏ဒဏ်၊ အုတ်ခဲကျိုးများ၏ ကွာလတီကြောင့် မိုးရောက်သည်နှင့် ဗွက်တွေ ချည်းဖြစ်ကုန်လေသည်။

ဒုတိယနှစ်မှာတော့ ကျနော်တို့  မျောက်တွေပါ အီစိမ့်ကုန်ပြီ။ ကျောင်းပြန်ဖွင့်ပြီဆိုတော့ အရင်လို မျော့ကြောက်လို့  ဆိုပြီး အိမ်မှာ ကပ်နေလို့  မရတော့။ တဗိုင်းဗိုင်းလဲ ကျပြီး ကျောင်းကို ရောက်သည်၊ မျော့ကပ်လို့  ပြေးလွှားရင်း ကျောင်းကို ရောက်သည်။ န၀တ၏ လမ်းကလေးက ဒီလို ရသ စုံလင်စွာ ပေးသည်။ အိမ်ပေါ်ကဆင်းသည်နှင့် ရေထဲရောက်သည်။ ရေတဗွမ်းဗွမ်းနှင့် ကူးပြီးမှ အိမ်ရှေ့လမ်းပေါ်ရောက်သည်။ အိမ်ရှေ့လမ်း မှ ဗွက်အိုင်လေးတွေ ကျော်ရင်းလွှားရင်း ကျောင်းသွားရသည့် ရက်များ မမေ့နိုင်စရာ။ မူလတန်း ကျောင်းက ကျနော်တို့  ရက်ကွက်နှင့် သိပ်မဝေးလှသဖြင့် ပြသနာမရှိ၊ အထက်တန်းကျောင်း နှင့် တက္ကသိုလ်တက်သူများအတွက်တော့ မစားသာလှ။ ကျနော်တို့  ဘဲချေးတန်းများက လမ်းမှာချော်လဲရင် အိမ်ပြန် အ၀တ်လဲ နိုင်ပေမယ့် သူတို့ အတွက်တော့ မလွယ်ချေ။ ချော်မလဲ ရင်တောင်မှ ကားမှတ်တိုင်ကိုရောက်ရင် ခြေထောက်မှာ ရွှံ့အလူးလူးနှင့်။

google မှပုံများရယူပါသည်။
ဆက်ပါဦးမည်.......

Saturday, 27 November 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၁)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၁)

ကျနော်တို့ မြို့ကလေးက ရန်ကုန်နှင့် မိုင် (၃၀) ပဲဝေးသည်။ မြို့ကလေးဆိုတာထက် မြို့တန်းရှည်လေးပါ။ န၀တ အစိုးရလက်ထက်မှာတော့ ဘာတွေ စိတ်ကူးရသည် မသိ … မြို့တန်းရှည်လေးကို မြို့အ၀ိုင်းကြီးဖြစ်အောင် အိမ်တွေ ဖျက်ခိုင်း၊ ရွေ့ခိုင်းပြီး လူတွေ စုပစ်လိုက်သည်။ ဦးခင်ညွှန့် ၏ မြို့ပြတည်ဆောက်ရေးမူ ကို အကောင်အထည်ဖော်ကြခြင်းဟု မှတ်သားဘူးသည်။ ကျနော်တို့  အိမ်လဲ ပြောင်းရသည်။ ကျနော်တို့  ခြံက အကျယ်ကြီးပါ… ခြံဟိုဖက်ထိပ် သည်ဖက်ထိပ် ကုန်းအော်ကြည့်.. အသံသာပျောက်သွားမည်… ကြားရမှာမဟုတ်။ ကျနော်တို့  မြို့သစ်ကို ပြောင်းတော့ ပေ (၄၀ ٭ ၆၀) မြေကွက်ကလေးပဲ ပြန်ရသည်။ လယ်ကွင်းတွေကို သိမ်းပြီး၊ လယ်မြေမှာ နေရာချပေးသည်။ ကျနော်တို့  အရင်နေရာက သဲမြေ၊ မိုးရွာပြီးလျှင်ရေမတင်၊ ဗွက်မထ။ နေရာသစ်မှာတော့ လယ်မြေ ဖြစ်သည့်အတွက် မိုးတွင်းရောက်လျှင် ရပ်ကွက်ထဲမှ ကတ္တရာလမ်း (ကားလမ်းမ) ကို ဗွက်မပေပဲ ရောက်နိုင်သည့် နည်းလမ်းမရှိချေ။ အဲ့ဒီမှာ ကျနော်ပြောချင်တဲ့ လမ်းကလေး ဇတ်လမ်းစချေပြီ။

နေရာသစ်အကြောင်း အနည်းငယ် မိတ်ဆက်ပေးချင်သည်။ ဟိုးအရင် ဘိုးဘွားပိုင်လယ်ကွင်း မြေတွေ ဖြစ်သောကြောင့် တောအရပ်ဒေသဖြစ်ကာ လူသူပြတ်သည် (ကျနော်တို့ မပြောင်းလာခင်က)။ လူသတ်ပြီး လယ်ကွင်းတွေမှာ လာပြစ်ထား၊ အမှုမပေါ်ဟု နာမည်ကြီးသည်။ ရပ်ကွက်ထိပ်က ဘုရားကြီးဘေးက ဖြတ်သွား၊ ဆေးလိပ်တောင်းသည့် မျက်စိရဲရဲ ကြီးလဲ ခဏခဏ တွေ့ နိုင်သည် ဆိုဘဲ။ မြေကြီးက မိုးတွင်းမှာ ရွှံ့က ပေါင်လောက် ဒူးလောက်၊ နွေရောက်လျှင် ဖုံက ခြေမျက်စိဖုံးသည်။ ပက်ကြားအက်တွေ နှင့် ပြည့်နေသော လယ်ကွက်မြေကို ရုပ်ရှင်ထဲမှာ မြင်ဘူးကြပေမည်။ နေရာဟောင်းတွင် ရေတွင်းတူး၍ သောက်သုံးရေ ရနိုင်ပေမယ့် နေရာသစ်မှာတော့ ၅ပေလောက်တူးရုံနှင့် ရွှံ့ရေထွက် သဖြင့် ရေတွင်းတူးသည့် အကြံကို လက်လျော့လိုက်ကြသည်။

သောက်ရေအတွက် ရပ်ကွက် အသစ်နားမှ ဘုရားကြီးဘေးက ကန်ကို လောလောဆယ် အသုံးပြုကြသည်။ ကတ္တရာလမ်းဘေးက တိုက်အိမ်တွေကလူတွေ ခုတော့ ယာယီတဲသာသာ နန်းတော်လေးတွေမှာ စံမြန်းကြပြီ၊ သောက်ရေအတွက် ညနေဆိုလျှင် ဘုရားကြီးနားကို ရေအိုးလေးများ ကိုယ်စီရွက်ကာ သွားကြပြီ။ ရေတွင်းရေကန် လှူလေ့ရှိသော ရှေးလူကြီးများကိုပင် ကျေးဇူးတင်နိုင်ကြသည်။ ကျနော့ အရွယ်ငယ်လွန်းသဖြင့် သမိုင်းနောက်ပြန်ဆွဲခြင်းတွေ ဘာညာတွေ မသိ။ လူကြီးတွေ နေဖို့ ထိုင်ဖို့  စားဖို့  သောက်ဖို့  လုံးပန်းနေရသဖြင့် ကျနော်တို့  စိတ်ကြိုက်ကဲနိုင်တာပဲ သဘောကျနေကြသည် (ကြီးလာမှ ရိပ်မိသည်… ခေတ်ပျက်တာဆိုတာ ဒါပဲလို့ ) ။ ကဲ လမ်းကလေး အကြောင်းဆက်မည်။

ရပ်ကွက်အသစ်တည်ပေးတော့ အစိုးရက လမ်းတွေ၊ ဓါတ်မီးတိုင်တွေ လာလုပ်ပေးသည်။ ကျနော်တို့  အိမ်ရှေ့လမ်းက ရပ်ကွက်ရဲ့ လမ်းမလို့  ဆိုနိုင်သည်။ ဘာ့ကြောင့်မှန်းတော့ မသိပါ။ လူသွားလူလာများသည်။ နဲနဲ စည်ကားသည်ပေါ့။ ဂ၀ံတုံး တွေ နှင့် အစိုးရက လမ်းလာခင်းသည်။ ဂ၀ံက လမ်းခင်းဖို့  မလောက်ရသည့် အထဲ အိမ်ထဲက လူတွေက ညဖက်မှာ ဂ၀ံတွေကို ခြံထဲ ခိုးသွင်းသည်။ မြန်မာတွေ မှာလဲ အဲ့သာတွေ ခက်လှသည်။ မိုးတွင်းမရောက်သေးတော့ လူတွေ စိတ်ထဲ မပူပန်မိတာလဲ ပါနိုင်သည်။ ဒါနှင့်ပဲ အစိုးရခင်းပေးသော ပက်ကြားအက်ပေါ် ဂ၀ံခဲ (ခပ်ကျဲကျဲ) တင်ထားသည့် လမ်းကလေး ဖြစ်လို့  လာသည်။ ဒါက လမ်းကလေး ရဲ့ အစ။

အဖေတို့  လူကြီးတွေကတော့ ပြောကြသည်၊ နောင်လမ်းမြေကြီးအသားကျလျှင် ကျနော်တို့  လမ်းကို အရင်ဆုံး ကတ္တရာခင်းပေးမှာတဲ့၊ (ကျနော်တို့  လမ်းက လမ်းမတန်းဖြစ်သည်လို့  ပြောတာပဲ)။ ဒါတွေမသိ၊ ကျနော်တို့  ကလေးတွေ ကတော့ ရပ်ကွက်သစ်၊ နေရာသစ်၊ အိမ်အသစ် (တဲသာသာယာယီအိမ်)၊ လမ်းအသစ် (ပတ်ဝန်းကျင်ကတော့ အဟောင်းပါ တရပ်ကွက်လုံး မင်းမိန့် နှင့် ရွေ့  ရသည်ကိုး) မှာ ပျော်လို့  ဆော့ကစားနေကြပြီ။ ယခင်ဆော့စရာ လူနည်းပါးလှတဲ့ ပတ်ဝန်းကျင်ကနေ၊ လူသူ (Over Crowed) ဖြစ်တဲ့ နေရာသစ်က လမ်းအသစ်လေးတွေဟာ ကျနော်တို့  ကလေးတွေ အတွက် ကစားကွင်းဖြစ်လို့ နေပြီ။

စပြောင်းရသည့် အချိန်က နွေရာသီ၊ ကျောင်းတွေက အရေးအခင်းကြောင့် ပိတ်ထားသည်။ ဆူမည့် ဟောက်မည့် လူကြီးတွေက ကိုယ်တွေကို လှည့်မကြည့်အား.. နေရေးထိုင်ရေး စားရေးသောက်ရေး အတွက် စိုးရိမ်ပူပန်ကာ လုံးပမ်းနေကြချိန်။ ကိုယ့်အတွက်တော့ အင်္ဂလိပ်အခက် ဗမာ အချက်ပေါ့လေ။ ကျနော်တို့  အတွက် အခက်ဖြစ်လာမည်ကို လုံးဝ ကြိုမသိခဲ့ပေ။ နေ့ လည်နေ့ ခင်းဆိုလျှင် လယ်ကွင်း နေ ကျဲကျဲတောက် ပူသဖြင့် လူကြီးကော ကလေးပါ အပြင်မထွက်ကြ။ တဲသာသာ နန်းတော် ကလေးတွေထဲမှာ အောင်းကြရသည်။

နေနဲနဲစောင်းသည်နှင့် ကျနော်တို့  မျောက်လောင်းတစ်သိုက် ကဲကြပြီ။ လမ်းအသစ် ကလေးပေါ်မှာ စိမ်းပြေးလိုက်တမ်း၊ ကျောက်ရုပ်၊ ကျောက်ဖျက် ကစားတမ်း၊ လောက်စလုံးပစ်တမ်း၊ တူတူ ပုန်းတမ်း အမျိုးစုံအောင်ကစားကြသည်။ ရိုးပြတ် (စပါးရိတ်ပြီးနောက် ကျန်ခဲ့သည့် စပါးပင်ပြတ်) များဖြင့် အိမ်ဆောက် ပြိုင်ကြသည်။ လမ်းဖြစ်သော်လည်း ကလေးများအတွက် အန္တရာယ်ရှိမည့် ကား၊ ဆိုင်ကယ် ဆိုတာ စိုးစိမျှ သွားလာခြင်း မရှိသော လမ်းကလေးဖြစ်သောကြောင့် မည်သည့် လူကြီးမျှ တားဆီးခြင်းမပြုကြ။

ညဖက်ရောက်လျှင် လရောင်အောက်မှ လမ်းကလေးပေါ် ကလေးတသိုက် စုမိကြပြန်သည်။ ညဖက်မှာတော့ ပြေးလွှားခြင်းများရပ်၊ သရဲ အကြောင်းပြောခြင်း၊ ပုံပြင်ပြောခြင်း များဖြင့် အိမ်ရှေ့လမ်းကလေး ပေါ် မျောက်လောင်းတသိုက် အကဲမပြတ်ကြ။ ဒီလို နေ့ စဉ်နဲ့  အမျှ ဆော့ကစားလာလိုက်တာ အစိုးရ၏ ဂ၀ံ များလည်း မှုန့် မှုန့်  ညက်ညက်ကြေပြီ။ ဖုန်တသောသောနှင့် နွေရာသီ ပသာဒ အပြည့်။ ကျနော်တို့  အိမ်ရှေ့လမ်းက ရပ်ကွက်လမ်းမ ဟုသတ်မှတ်သည့် အလျောက် ဝေးလံလှသော ကရင်ရွာတွေ မှ လှည်းတွေ အိမ်ရှေ့လမ်းကလေးကပဲ ဖြတ်သည်။ (အမှန်က သူတို့ ဖာသာ ဒီနေ ရာကို စိတ်ကြိုက်ဖြတ်သန်းသွားနေကြပါ၊ ကျနော်တို့  ရပ်ကွက်ကို န၀တ က ဖန်တီးလိုက်တော့ သူတို့  အတွက် လမ်းသာရာကို ရွေးသွားကြခြင်းသာ။ ကလေးတသိုက်ဆော့လို့  မွမွ ကြေနေတဲ့ ဂ၀ံ ခဲလေးတွေဟာ လှည်းနင်းလိုက်တဲ့ အခါ အတားအဆီးမရှိ ဖုန်ထု ဖြစ်လေတော့သည်။

ကဲ…… လာပါချေပြီ.. အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီ။ မိုးတပြိုက်ခန့်  စရွာသည်နှင့် အိမ်ရှေ့လမ်းမက ဖုန်များ မြေလပ္ပာယ်နှင့် တွေ့ သည့် မြွေအလား ငြိမ်ကျသွားသည်။ သုံးဥတု သုံးရာသီပိုင်ဆိုင်သည့် ရွှေတိုင်းပြည်ဖြစ်သော ကြောင့် မိုးက တပြိုက်ထဲနှင့် မပြီး၊ အပြုံလိုက် အအုံလိုက် ရွာကျလေသော အခါဝယ်……..

Google.com မှ ဓါတ်ပုံရယူပါသည်။
ဆက်ပါဦးမည်....

Monday, 9 August 2010

ကျနော်တို့ ဆဲလ်ဖုန်းလေးရောင်းဖို့ ကြိုးစားခဲ့စဉ်က.....










“ဟလို.. ဟလို… ဟလို………. ဟဲလို….. တောက်… ဒီဖုန်းစုတ် တွေကတစ်မျိုး” အချိန်ကား ၂၀၀၄ ကာလကုန် ဆုံးလို့  ၂၀၀၅ သို့  ကူးသည်အချိန်ကာလ ဖြစ်ပေသည်။ နေရာကား ရေမီးရှားနိုင်ငံ ရန်ကုန် ရွှေမြို့တော်ကြီးရဲ့ အထင်ကရ လူသူရှုပ်ထွေး ပွေလီရာနေရာ ဖြစ်ပါသည်။ ကိုချုချာ့ခင်ဗျာ ဘေးဝိုင်းက လူတွေကိုလဲ အားနာမိသည်။ ဘေးကပ်ရပ် ၀ိုင်းမှာ အသားဖြူဖြူ သားသားနားနား အသက် ခပ်လတ်လတ် အန်တီကြီး တစ်ယောက်၊ အနောက်ဖက်ဝိုင်းမှာက လွင်မိုး လေထိုးထားတဲ့ ဥပဓိရုပ် မျိုးနှင့် အန်ကယ်ကြီးတစ်ယောက်။ ကိုယ့်ဖုန်းပြောသံ (အော်သံ) ကြောင့် သူတို့  စိတ်အနှောက်အယှက် ဖြစ်မည်လေ။

ကိုယ်ဖုန်းကလဲ ရန်ကုန်မြို့လယ်ခေါင် လောက်မှာတောင် အသံက စက်ရုပ်သံ တဂွီဂွီ ထွက်နေသည်။ ဖုန်းထပ်ဝင်လာပြန်ပြီ၊ “ဟလို.. ဟလို… ဟလို………….. ဟဲလို………” တဖက်က အသံက ပြတ်တောင်း ပြတ်တောင်းနှင့် “ဂေါ်ဂွီ” ဆိုတာတွေက ပါသေးသည်။ သေချာတာတော့ ကိုယ်ချိန်းထားတဲ့ ပွဲစား အသံ၊ ဒီအသံကို မှတ်မိနေသည်။ ခက်တာက သူဘာပြောနေမှန်း ကိုချုချာ လုံးဝ ခန့်  မှန်းလို့ မရပါပေ။ သီးမခံနိုင်တော့တာ နဲ့  ဖုန်းချလိုက်သည်။ ကိုယ့်ဘာသာ စိတ်မလုံတာရော၊ ပတ်ဝန်းကျင်ကို အားနာတာရော မလုံမလဲ စိတ်နှင့် ဘေးဘီင်္ကို ကြည့်မိသည်။ မည်သူမှ အိနြေ္ဒမပျက်၊ အေးဆေးပဲ အားလုံး သူ့ အာရုံနှင့်သူ၊ ကိုယ့်ရဲ့ ကျွဲမှီးတိုတို အော်သံ “ဟဲလို………..” က သူတို့  ကိုအနှောက်အယှက် ဖြစ်စေဟန်မတူ။ အနောက်ဖက်ဝိုင်းက အန်ကယ်ကြီးဆို မုန့်  ဟင်းခါး စားပြီးလို့  “လက်ဖက်ရည် ကျစိမ့်-၀မ်း” လို့ တောင်အော်လိုက်သေးသည်။ အန်တီကြီးကတော့ မှန်သေးသေးလေး ကို ခိုးထုတ်ကြည့်ပီး မိတ်ကပ် အနေထား ကြည့်လိုက်သေးသည်။ နောက် လက်ဖက်ရည်လေး တကျိုက်ငုံပြီး (သောက်သည်ဟု သုံးရန်မသင့်တော်ပါ၊ အာစွပ်ရုံ ငုံမှသာ လက်ဖက်ရည်သောက်သည် မည်၏) ဆိုင်ကဖွင့်ထားသော တေးသွားနှင့် လက်ချောင်းလေးများကို စည်းချက် ကိုက်နေသည်။

ကားမှတ်တိုင်ကို ကြည့်လိုက်တော့ ခပ်သန့်  သန့်  လူငယ်တစ်ယောက်၊ ဆဲလ် ဖုန်း တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ ထိုင်လိုက် ထလိုက် နှင့် ဂနာမငြိမ်၊ ထိုင်ချလိုက် ဟိုကြည့်ဒီကြည့်၊ ဟိုရှာဒီရှာ သလို လုပ်လိုက်၊ ပြန်ထလိုက် ဟိုကြည့်ဒီကြည့်၊ ဟိုဖက်လှည့် ဒီဖက်လှည့် လုပ်လိုက် တစ်ယောက်ထဲ အလုပ်ရှုပ်နေသည်။ လိုင်းကမိပုံ မပေါ်။ နောက်တော့ ဘယ်လို အဆင်ပြေသွားသည်မသိ ကုန်းကုန်းကွကွ နှင့် ရယ်ကာမောကာ စကားတွေ ပြောလို့  နေသည်။ အော်.. သူလဲ ကိုယ့်လို “ဆဲလ် ဖုန်း” ပိုင်ရှင် တစ်ယောက်ပါပဲလား။ ၁၀ မိနစ်လောက် ကုန်းကုန်းကွကွ စကားပြောပီးတော့ သူ ခါးပြန်ဆန့်  သည်။ ခါးလဲ နာသွားပုံရသည်။ အော် “ဆဲလ် ဖုန်း ဒုက္ခ” ပါလား။ကိုချုချာ ကိုင်တဲ့ဖုန်းက “Cellular” လို့  ခေါ်ကြတဲ့ ဖုန်းအမျိုးအစားပါ။ ၂၀၀၂ ခုနှစ်နောက်ပိုင်းမှာ GSM ဟန်းဖုန်း တွေ ချပေးပြီးတဲ့ နောက်ပိုင်း သိပ်အသုံးမ၀င်တဲ့ ဖုန်းမျိုးတွေဖြစ်သွားပါပြီ။ SMS ပို့ လို့ မရ၊ လိုင်းက G ဖုန်းလောက်မမိ ဆိုတော့၊ ဟန်းဖုန်းတွေ ထဲမှာတော့ စီနီယာ အိုကြီးတွေ ဖြစ်သွားပါပြီ။ GSM ဖုန်းလို SIM ကဒ် ထဲ့ ရတဲ့ ဖုန်းမဟုတ်ပါ၊ ဟန်းဆက် ၀ယ်ပြီးရင် ကုမ္ပဏီက ကုဒ်နံပါတ်ရိုက်ထဲ ပေးလိုက်တဲ့ ဖုန်းအမျိုးအစားပါ။ ကိုချုချာ့ဖုန်း ဟန်းဆက်ကတော့ ၂ သိန်းခွဲတန် Sam-sung အမျိုးအစားပါ။ ဟန်းဆက်လေးက ဈေးကောင်းတာကြောင့်လဲ အခု ဖုန်းရောင်းမယ်ဆိုတဲ့ခါ ပွဲစားက ၂ ရက်အတွင်း ရောင်းထွက်စေရမယ်လို့  အာမခံပြီး ဈေးစကားပြောကြဖို့  ချိန်းတာပဲ။

မြန်မာပြည် အခေါ်အရဆိုရင်တော့ “နိုင်းနိုင်း(၉၉)” ဖုန်းလို့ လဲ ခေါ်ကြပါသေးတယ်။ ၀၉-၉၉ နဲ့  စတဲ့ ဆဲလ်ဖုန်းတွေပါ။ ၂၀၀၂ မတိုင်ခင် ကတော့ သူတို့  ကသူဌေး လက်စွဲတော်တွေပေါ့ဗျာ။ သိန်း ၄၀ လောက် က အနိမ့်ဆုံးပဲ။ “Cellular” ဖုန်းတွေတင် လိုင်းမမိတာလား ဆိုတော့ လက်ရှိ G ဖုန်းတွေ လဲ အလားတူပါပဲ။ လိုင်းက ကြပ်တာနဲ့ ၊ မကောင်းတာနဲ့ ၊ ပျောက်တာနဲ့ ၊ အေရိယာ ပြင်ပရောက်တာနဲ့  မျိုးစုံ ကို ကြိုးခုန်နေကြတာပါ။ ဟန်းဖုန်း ၂ လုံး ဘေးချင်းယှဉ်ထား ပြီးခေါ်ရင်တောင် “မအားသေးပါရှင်တို့ ၊ ဘယ်ရောက်နေမှန်းမသိပါတို့ ၊ တပ်ဆင်မထားပါတို့  ” ဒါမျိုးတွေ ပြောပြီးဗြောင် ကိုလိမ်တတ်ပါသေးတယ်။

ဒီလိုတွေးနေရင်းက ကိုချုချာလဲ ချိန်းထားတဲ့သူက ရောက်မလာသေးတာနဲ့  လက်ဖက်ရည် ကျစိမ့်လေး မှာပြီးသောက်နေမိပါတယ်။ ကိုယ်ကသာ နယ်က (ရန်ကုန်နှင့် မိုင် ၃၀) တက်လာလို့  ဆဲလ်ဖုန်း ဒုက္ခတွေကို သိပ်မရင်းနှီးသလို ဖြစ်နေပေမဲ့ ရန်ကုန်မှာတော့ ဆဲလ်ဖုန်း(အော်)ခြင်း ကိုဘယ်သူမှ ထူးဆန်း ကြပုံမရပါဘူး။ ဆဲလ်ဖုန်းပြောရင် အော်ပြောကြတာ ယဉ်ကျေးမှု လို့ တောင် ဆိုနိုင်ပြီထင်ပါတယ်။ နားကြပ်လေးတပ်ပြီး ဖုန်းတိုးတိုး ပြောတတ် သူတွေကိုသာ ဒီလူ ဟုတ်ကောဟုတ်ရဲ့လားလို့  ကြည့်မိတတ်ကြပါတယ်။


သူများနိုင်ငံတွေမှာ ကားမောင်းရင်း ဆဲလ်ဖုန်းပြောလို့  ယဉ်တိုက်မှု မကြာခဏ ဖြစ်တဲ့ သတင်းတွေ ကြားမိပါရဲ့။ ဒါမျိုးတော့ မြန်မာပြည်မှာ ဖြစ်စရာ သိပ်မရှိပါ။ တစ်နေရာထဲမှာ ငြိမ် ရပ် ပြီး ပြောရင်တောင် လိုင်း ပြတ်သွားတတ်တာ ကားမောင်းရင်းပြောဖို့  ကတော့ လုံးဝမသေချာပါ။ ကားမောင်းရင်း ဖုန်းလာခဲ့ရင် လမ်းဘေးထိုးရပ်ပြီး ပြောကြတာများပါသည်။

ခု ၂၀၀၅ လောက် အချိန်မှာတော့ လူလတ်တန်းစား ရဲ့ လေးပုံ တစ်ပုံလောက် ထိ ဆဲလ်ဖုန်း ကိုင်နိုင်လာပါပြီ။ ဆဲလ်ဖုန်းဟာ အဆင်တန်ဆာ တစ်ခု ဖြစ်လာပါပြီ။ ကိုရီးယားကား ထဲမှာ လိုင်းကားစီးရင်းက ဆဲလ်ဖုန်း ပြောတာ ဘာမှ မဆန်းပေမဲ့၊ ရန်ကုန် က ၅၁ လိုင်းကားကြီးတွေ ပေါ်မှာ ဆဲလ်ဖုန်း ပြောဖို့ ကတော့ တော်တော့ကို ထူးဆန်းတယ်လို့  ပဲပြောရမလိုပါပဲ။ ရုံးတက်/ ရုံးဆင်းချိန် ပြွတ်သိပ်ကြပ်ညပ် နေတဲ့ အဲယားမွန်းကြပ် ၅၁ လိုင်းကား ကြီးပေါ်က ဆဲလ်ဖုန်းဟာ ဂျင်ဆန်းမီတို့  လိုင်းကားပေါ် ဆဲလ်ဖုန်း ပြောသလို တော့ သက်တောင့် သက်သာ မရှိတာ သေချာပါတယ်။ ဟဲလို အကြိမ်တစ်သောင်းနဲ့  တဟင်ဟင် ပြန်ပြန်မေး နေရတာကိုက ပတ်ဝန်းကျင် လေထုကို ညစ်ညမ်းစေတာ အသေအချာပါ။

ကိုချုချာလဲ ပွဲစားကိုစောင့်ရင်း အတွေးနယ်ချဲ့နေမိပါတယ်။ ကိုရီးယားကား ထဲက ဂျင်ဆန်းမီ ဆီရောက်လိုက် မြန်မာပြည် ၅၁ လိုင်းကားပေါ်က ဆဲလ်ဖုန်း(အော်)ကြသူ တွေကို အတွေးရောက်လိုက်နဲ့  တောင်စဉ်ရေမရ ဖြစ်နေပါတယ်။ ဆိုင်ကလေးကလဲ သစ်ပင်ရိပ်အောက်က ဆိုင်လေးဆိုတော့ လေ ပူ တွေ တိုက်ပေမဲ့ နဲနဲ သက်သာပါတယ်။ ဒီလို အတွေး နယ်ချဲ့နေတုန်းမှာပဲ “တီတီတီ.. တီတီတီ.. တီတီတီ” “ကိုကိုရေဖုန်းလာနေတယ်နော်.. ကိုကိုရေ ဖုန်းလာနေပါတယ်ဆို” “အဟိဟိ ဟိ ဟိဟိဟိဟိ.. အဟိ ဟိဟိ ဟိဟိဟိဟိ (ကလေးငိုသံ)” ဆိုပြီး မတူညီတဲ့ ဖုန်းသံ သုံးခု တပြိုင်နက်ထဲ ကောက်ခါငင်ကာ ၀င်လာပါတယ်။

ကိုချုချာ့ဖုန်း မြည်သံက “တီတီတီ… တီတီတီ.. တီတီတီ” ပါ။ ကိုချုချာလဲ ကျန်တဲ့ဖုန်းတွေ ဘယ်သူ့  ဆီက လဲလို့  မစပ်စုနိုင်ပါဘူး၊ ဆဲလ်ဖုန်းလိုင်းဆိုတာ သူစိတ်ပါတုန်းသာ ၀င်တာမို့  အသဲအသန် ကောက်ကိုင်ဖို့  သာ ကြိုးစားလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ဘေးဖက်က ကိုယ့်လိုပဲ မြန်မြန်ဆန်ဆန် လှုပ်ရှားမှု တစ်ခုကိုတော့ သတိထားမိလိုက်သလို၊ အနောက်ဖက်က လှုပ်ရှားမှုတစ်ခုရဲ့ အသံကိုလဲ သတိထားလိုက်မိပါတယ်။ နံပါတ်ကြည့်လိုက်တော့ ပွဲစား ကိုအ၀ှာဆီက၊ ဒါနဲ့  ပဲ ဖုန်းကိုင်တဲ့ ခလုတ်လေးကို နှိပ်ပြီး နားနားကပ်၊ ထုံးစံအတိုင်း “ဟဲလို” (အသံကျယ်ကျယ်နဲ့ ) လုပ်လိုက်တဲ့ အချိန်မှာ………… ဘယ်လိုမှ ထင်မထားတဲ့ အသံတွေ ကိုချုချာ့အနားမှာ ထွက်ပေါ်လာတဲ့အတွက် ရုတ်တရက် ဒီပတ်ဝန်းကျင်လေးမှာ အပြောင်းအလဲ လေးတွေ ဖြစ်လို့ သွားပါတယ်။

ကိုချုချာ ဗယ်ဖက်လက်က ကိုင်ထားတဲ့ လက်ဖက်ရည်ခွက် လွတ်ကျသွားပါတယ်.. “ခွက်” ဆိုတဲ့ အသံနဲ့  အတူ ယောင်တတ်တဲ့ ကိုချုချာတစ်ယောက် “…..” ဆိုပြီး ရိုးရာအတိုင်း တစ်စုံတစ်ခုကို ရေရွတ်လိုက်မိပါတယ်၊ ကားမှတ်တိုင်က စုံတွဲတစ်တွဲက သူတို့ ကို လှမ်းအော်တယ်မှတ်လို့  ထင်ရဲ့ လူချင်းနဲနဲရှဲလိုက်တယ်၊ ကောင်တာက ဦးလေးကြီးက “ရှင်းမယ်တဲ့ဟေ့” လို့  ထအော်တယ်၊ စားပွဲထိုးလေးကတော့ ထိုင်ခုံမှာ ထိုင်ငိုက်နေရာကနေ “ဟုတ်ကဲ့ လာပြီဗျ.. ကျစိမ့်က ၁၀၀ ၊ မုန့်  ဟင်းခါးက ၂၀၀ …. ” လို့  အော်ရင်းထလာတယ်၊ ကားမှတ်တိုင်ဘေးမှာ ဗယာကြော်နေတဲ့ ကုလားကြီး ကတော့ “ဟာရေး…..ဘာညာကွီကွ” တွေရွတ်ပြီး ဆီအိုးထဲကို ကုလားပဲ ထောင်း တစ်ဆုပ်ကြီး ပစ်ထဲ့ချလိုက်တာ တွေ့  လိုက်ရတယ်။

အခိုက်အတန့်  ဒဒင်ဂ ကာလလေး တစ်ခုမှာ ကိုချုချာတို့  လက်ဖက်ရည်ဝိုင်းနားမှာ အံ့အားသင့်စရာ တိုက်ဆိုင်မှု တစ်ခုဖြစ်သွားတယ်ထင်ရဲ့၊ ကိုချုချာလဲ ရုတ်တရက်မို့  ဘာဖြစ်သွားလို့  ဖြစ်သွားလိုက်မှန်း မသိလိုက်ဘူး၊ သိပ်တော့မကြာလှပါဘူး၊ စက္ကန့်  ပိုင်းလောက်ပါပဲ။ စက္ကန့်  ပိုင်းလောက်ကြာပြီးသွားတဲ့ အချိန်မှာတော့ လူအားလုံး ရယ်လိုက်မိကြပါတယ်။ နောက်တော့လဲ ပုံမှန် အတိုင်းပြန်လည်ပတ်ကြပါရဲ့။ ဖြစ်ပုံကဒီလိုပါ၊ ဖုန်းသုံးခု တပြိုင်ထဲ လာတဲ့အချိန်မှာ လူသုံးယောက် တိုက်ဆိုင်စွာနဲ့  “ဟဲလို” ဆိုတာကြီးကို အားပါးတရ ၀ိုင်းအော်လိုက်မိကြတာပါပဲဗျာ။ ကိုချုချာရယ်၊ ဘေးက အန်တီကြီးရယ်၊ အနောက်က အန်ကယ်ကြီးရယ် ဒီလူသုံးယောက်ရဲ့ ၀မ်းခေါင်းသံ “ဟဲလို” ဆိုတာကြီးက ပုံမှန်လည်ပတ်နေတဲ့ ဘေးက ပတ်ဝန်းကျင်ကို အပြောင်းအလဲ ဖြစ်သွားစေပါတယ်။

သိပ်မကြာခင်မှာပဲ အန်တီကြီးက သူစောင့်နေတဲ့သူ ကိုသွားတွေ့  ဖို့ ထင်ပါရဲ့ အိတ်ကလေး ဆွဲပြီး ကော့ကော့ ကော့ကော့ နဲ့  ထွက်သွားတယ်။ အန်ကယ်ကြီးကတော့ (တစ်ခုခုကို) ထပ်စောင့်ရဦးမယ်ထင်တယ်၊ ဟင်း ခနဲ သက်ပြင်းချပြီး သတင်းစာကို ကောက်ကိုင်လိုက်တယ်။ စားပွဲထိုးလေးကတော့ ငွေပြန်အမ်းဖို့  ကောင်တာကို ထွက်သွားတယ်။ ကောင်တာက ဦးလေးကြီးကတော့ အားရပါးရ ရယ်ပြီးနောက်မှာတော့ ငွေအကြွေအမ်းဖို့  လုံးပမ်းနေတာနဲ့  ပဲ ခုနက “ဟဲလို” ကြီးကိုမေ့သွားပုံပါ။ ကားမှတ်တိုင်က စုံတွဲလဲ ခုနက အတိုင်း တစ်ယောက်နဲ့  တစ်ယောက် ပြန်ကပ်သွားကြပြန်တယ်။ ဗယာကြော် ကုလားကြီးကတော့ ဆီအိုးထဲက ကုလားပဲ ထောင်း တစ်ဆုပ်ကြီးကို ပွစိ ပွစိ နဲ့  ပြောရင်း ပြန်ဆယ်နေလေရဲ့။

အားလုံး ပုံမှန်ဖြစ်သွားကြပေမဲ့ ပုံမှန်ပြန်မဖြစ်နိုင်တာတော့ ကိုချုချာပါပဲ။ လက်ဖက်ရည်ခွက်က ပုဆိုးပေါ် မှောက်ကျ၊ ဖုန်းထဲက ပွဲစားကလဲ သူယောင်ရမ်းပြီး အော်လိုက် မိတာကို သူ့  ကို ပြောတယ် ထင်သွားပုံရတယ် ဖုန်းချသွား၊ သူ့  ဖက်က ပြန်ဆက်ကြည့်တော့ “လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်” တဲ့ မြန်မာပြည်ဖုန်းက ကျန်တာသာ လိမ်တတ်တာ ဖုန်းပိတ်ထားတယ်လို့  ဖြေရင်တော့ တကယ်ကို ပိတ်ထားတာသေချာတယ်။ ကိုချုချာ့ခင်ဗျာ ပွဲစား သူ့ ကိုစိတ်ဆိုးသွားမှန်း သေသေချာချာကို သိလိုက်တယ်။

“ဟူးးးးးးး” လို့  ကိုချုချာသက်ပြင်း ချမိပါတော့တယ်။ ဖုန်းဈေးထပ်မကျခင် ရောင်းချင်တာ ပွဲစား နောက်တစ်ယောက်ကို အချိန်ကုန်ခံ ဆက်သွယ် ပြီး ထပ်စောင့်ရဦးမယ်၊ ခုလဲ လက်ဖက်ရည်တွေ စိုနေတဲ့ ပုဆိုးကြီးနဲ့  ဘယ်လိုပြန်ရမလဲ၊ ကားငှားဖို့  ဆိုတာကလဲ ရန်ကုန်နဲ့  မိုင် ၃၀ ကျော်ခရီး၊ ကုန်လိုက်မယ်ဖြစ်ခြင်း၊ သခင်မြပန်းခြံ ကားဂိတ်ကိုသွားမယ် ဆိုလဲ ခရီးတို ကားငှားခတော့ ထွက်ပြီ။

“ထူးပါဘူးလေ” ဆိုပြီး ကိုချုချာတစ်ယောက် ရေမီးရှားနိုင်ငံတော်ကြီးရဲ့ ပုံမှန်တွေ ထဲ လည်ပတ်နိုင်ဖို့ ရာ လက်ဖက်ရည်ဆိုင်ကထ “အော်…… ဆဲလ်ဖုန်း .. ဆဲလ်ဖုန်း.. ကိုဆဲလ်ဖုန်း… ကိုကလန့်  ပြီး ဆဲမိပြန်တော့ ဆဲဖုန်း .. ဆဲဖုန်း… ကိုဆဲမိတဲ့ ဖုန်း .. ဖြစ်ရပြန်တာပေါ့ကွာ… တောက်” လို့  မြည်တမ်းရင်း………….။။။။။။။။

Saturday, 17 July 2010

အာလူးနဲ့ ညစာ

အာလူးနဲ့ ညစာ

လူတကိုယ်အကြိုက်တမျိုးမို့ 
သူကြိုက်တာ..ကိုယ်မကြိုက်လို့ 
အပြစ်မပြောသာတယ်
အာလူးဆိုလေတွေပွတယ်လို့ 
မျိုးရိုးနဲ့ သမိုင်းရှိခဲ့တယ်

မယ်ငဖြူ..လူပေညစ်ရယ်က
အာလူးဆိုဖုတ်ကာစားသတဲ့
ညအိပ်ခါနီးမှာကွယ်

မျိုးရိုးကိုသွေဖီလို့ 
အာလူးဆိုသူကြိုက်သတဲ့
လေနာဆိုတာဝေလာဝေး
ညစာလိုကြိတ်နေတယ်

ခက်ပါတယ်
အမြင်သစ်နဲ့ မို့ 
သူ့ ဟာသူအဆင်ပြေရင်ပြီးရောလို့ 
ကိုယ့်စိတ်ကိုယ်နှစ်သိမ့်လိုက်တယ်

မယ်ငဖြူလူပေညစ်ရယ်
ထမင်းတွေမနပ်တာမို့ 
ကြိတ်လိုက်ပါ..အာလူးနဲ့ 
မင်း.. ညစာပြီး။



Saturday, 10 July 2010

ကြောင်အိမ်၊ ဘီဒိုနဲ့ ဘီတိုအာဏာ

ကြောင်အိမ်၊ ဘီဒိုနဲ့ ဘီတိုအာဏာ

အလှမ်းဝေးပေမဲ့
ဝမ်းရေးကခက်တာကြောင့်
ဝေးရပ်မှာကြုံသလိုပ
ရေကြည်ရာရှာနေခဲ့တယ်
ကိုယ်မစားတဲ့မြက်နုကိုတော့
မွေးရပ်မှာထားခဲ့။

ကမ္ဘာ့ရွာခေတ်ရောက်ပြီမို့ 
ကြပ်ပြေးမှာကြွက်တွေပြေးတဲ့သတင်း
ချက်ချင်းဆိုသလိုဖတ်လိုက်မိတယ်။

တနွယ်ငင်တစင်ပါတွေးမိသလိုပါ့
ပလိပ်ရောဂါသယ်ကြွက်တွေအရေး
အာရုံမှာဘလောင်ဆူလို့ 
တွေးပူမိတယ်။

မွေးရပ်ကသံယောဇဉ်တွေကို
သတိပေးစကားနဲ့ 
ထမင်းဟင်းပန်းကန်လုံခြုံစွာသိမ်းရအောင်
ကြောင်အိမ်အ၀ယ်ခိုင်းမိတယ်။

ဈေးအမြန်ပြေးဝယ်ကာပြန်ခဲ့ တော့
ဝယ်ခဲ့တာကြောင်အိမ်ပေမဲ့ 
အလူမီနီယမ်တူတူတန်တန်လှနေတာကြောင့်
အိမ်ကအမေဆူညံလို့ 

ဟင်းပန်ကန်ထဲ့ရန်မတန်ပြီဆုံးဖြတ်တာကြောင့်
ကြောင်အိမ်မှာဘ၀ပြောင်းကာ
အ၀တ်ဘီဒိုဖြစ်ခဲ့ ရသတဲ့

သြော်..ဘယ်သူ့ ကိုအပစ်တင်ရမလဲ
ကြောင်အိမ်နဲ့ ဘီဒိုဇတ်လမ်းရပ်စေဖို့ 
ကြံဖန်ကာရွှေဥာဏ်ကူလို့ 
မတူမတန်.ဟန်မလှတဲ့
ရွာသူသဏ္ဍာန်
ကြောင်အိမ်ငယ်နောက်တစ်လုံးကိုလ
ဝယ်ယူကာသူတို့ သုံးစေဖို့ 
ဘီတိုအာဏာသုံးကာ
ဝေးမြေမှတောင်းဆိုလိုက်တယ်
ဘေးကင်းစေကြောင်း။


ဒူဘိုင်းမှ ကဗျာဆရာမတစ်ဦး၏ လက်ရာကြမ်းဖြစ်ပါသည်။ အပန်းပြေဖတ်နိုင်ကြစေဖို့ ပါခင်ဗျား............


Saturday, 19 June 2010

ကျနော်တို့  အဖေ


ကျနော်တို့  အဖေ


အဖေဟာ ၁၉၃၅ ခုနှစ်ဖွား တိုင်းရင်းသား စစ်သားဟောင်းတစ်ယောက်ပါ။ ရုပ်ရည်ရူပကာ ကတော့ ခန့်  ခန့်  ထည်ထည်နဲ့  တည်ငြိမ်တဲ့ အထဲမှာပါပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်ဟိန်းနဲ့  နဲနဲ ဆင်ပါတယ်။ ဦးကျော်ဟိန်းလို ပုံပျက်ပန်းပျက် ၀တဲ့အထဲမှာလဲ မပါပါဘူး။ မျက်နှာကျ တူတာကို ပြောချင်တာပါ။ ကျနော်လိုက်လို့  မမှီနိုင်တာတွေ ကလဲ အဲဒီ အရည်အချင်းတွေပါ။ ဟဲ ဟဲ ကိုယ်ဘာသာ ညံ့တယ်လို့  ၀န်ခံလိုက်ပါ့ဗျား။ သူတို့  ခေတ်က တပ်မတော်မှာ လူအင်အား လိုအပ်နေတဲ့ အချိန်ပါ။ နိုင်ငံတော်ကို ချစ်လို့ ၊ တိုင်းပြည်ကို တကယ် ကာကွယ် ချင်ကြတဲ့ သူတွေသာ စစ်တပ်ထဲ ၀င်ကြတာပါ။ ခုတော့ ကျနော် မမွေးခင်လောက်မှာ အဖေဟာ စစ်တပ်ထဲက ထွက်လိုက်ပြီးပါပြီ။

တခါတလေ သူငယ်ငယ်က အတွေ့  အကြုံတွေ ပြောပြတတ်ပါတယ်။ ရန်သူ့  မိုင်းကို ရှင်းဖို့  ရာ ၀ါးပင်ကို ခုတ်ပြီး အရင်းပိုင်းက ကိုင်ကာ၊ သွားမဲ့ လမ်းကို ထိုးသွားကြရတယ် လို့  ပြောပါတယ်။ ၀ါးပင် အဖျားတွေ ခတ်လိုက်လို့  ရန်သူ့  မိုင်းတွေကွဲတဲ့ အခါ လူတွေနဲ့  အလှမ်း နဲနဲဝေးလို့  ဒဏ်ရာရသူ နည်းစေတယ်လို့  လဲပြောပါတယ်။ ခုခေတ်လို မိုင်းရှာကိရိယာ ဆိုတာ ဘာမှန်းမသိပါဘူးတဲ့။ ပြီးတော့ သူတို့  တုန်းက သေနတ်ဆိုတာ စစ်သည်က ကိုယ်ပိုင်လိုပဲ အိမ်မှာ (တပ်ထဲကအိမ်) သာထားကြပါတယ်တဲ့။ ခုခေတ်လို စစ်သည်တွေ လက်နက်တွေ ခိုးပြီး တောခိုမှာ ကြောက်လို့  သေနတ်တွေကို လက်နက်တိုက်ထဲမှာ သံကြိုးနဲ့  တွဲ သော့ အထပ်ထပ်ခတ် ထားရတာမဟုတ်ပါဘူး။

သေနတ်ကို ကိုယ်တိုင်ပစ်ရမယ့် စစ်သည်ဟာ ကိုယ့်စိတ်ကြိုက် ထိန်းသိမ်း၊ ပြုပြင်၊ တိုက်ချွတ် ကြရပါတယ်။ ဒါမှလဲ သေနတ်နဲ့  လူဟာ တသားထဲ ကျပြီး ပစ်မယ်ဆိုတဲ့ အချိန်မှာ အဆင်သင့် ရှိနေမှာလို့  ပြောတတ်ပါတယ်။ ဒါပေမဲ့ မှတ်မှတ်ရရ သူဘယ်သူပုန်ကို ဘယ်လို ပစ်သတ်လိုက်ပါတယ် လို့  ဂုဏ်ယူပြီး ပြောတတ်သူ မဟုတ်ပါ။ ခုလက်ရှိ စစ်ဗိုလ်ဖြစ်သွားတဲ့ သူငယ်ချင်းတွေ ပြောလေ့ရှိသလို ဘယ်တုန်းက သူပုန်လို့  ထင်တဲ့သူကို တပ်ရင်းမှူးက ခိုင်းလို့  ဘယ်လို ပစ်သတ်လိုက်တာ တို့ ၊ ခိုင်းတာ မလုပ်တဲ့ ပေါ်တာ (porter) တွေကို ဘယ်လို ပစ်သတ်ရ လိုက်ရတာတို့  လို တခါမှ မကြားဘူးပါ။ ဒါမျိုးတွေကို သူငယ်ချင်းစစ်ဗိုလ်တွေ မြိန်ရေ ရှက်ရည် ပြောတာ ကြုံခဲ့ ရဘူးပါတယ်။ အဖေကတော့ တိုင်းရင်းသားချင်း သတ်ရတာကို နှစ်မြို့ဟန် မတူပါဘူး။

အဖေနဲ့  ပတ်သတ်လို့  အမှတ်ရစရာတွေ အများကြီးပါ။ အဲ့ဒီထဲမှာမှ ကျနော် မှတ်မိတာလေးတွေ ပြောပြချင်ပါတယ်။ အဖေဟာ စစ်သားဟောင်းကြီးဖြစ်လို့  တော်တော်ကို အတွေ့  အကြုံများပါတယ်။ တောထဲမှာ ကိုယ်ဘာသာ ရှင်သန် ဖို့  ကြိုးစားခဲ့ ရလို့  စစ်တပ်က အငြိမ်းစားယူတဲ့ အချိန်မှာ အားလုံးတတ်နေတယ်လို့  ထင်ရအောင်ကို ပညာ ပြည့်စုံပါတယ်။ သစ်၊၀ါးတွေနဲ့  အိမ်ကို ကိုယ်ဘာသာ ဆောက်တတ်ပါတယ်။ အသက်ကြီးလို့  သူကိုယ်တိုင် မလုပ်နိုင်ပေမဲ့ ဌားလုပ်တဲ့ လက်သမား မှန်သမျှ အဖေ့ ကော်မန်း (command) ကို မငြင်းနိုင်ပါဘူး။

ကျနော် သိတတ်စလောက်မှာ အဖေနဲ့  အမေ စိတ်ဆိုးပြီး အဖေဆင်းသွားဖူးပါတယ်။ တစ်လလောက်နေတော့ ကျနော် တို့  အဖေ့ဆီ လိုက်သွားကြည့်တဲ့အခါ တောင်ပေါ်မှာ ၀ါးအိမ်လေး သပ်သပ်ရပ်ရပ်နဲ့  စိုက်ခင်းလေးနဲ့  စိုပြေနေတဲ့ အဖေ့ရဲ့ နေရာသစ်ကို တွေ့  ရပါတယ်။ စိုက်ပျိုးရေးမှာလဲ ဘယ်အပင်ကို ဘယ်လိုစိုက်ရမယ် ဆိုတာက အစ ကျွမ်းကျင်ပါတယ်။ ကျနော်တို့  ရောက်သွားတော့ မှတ်မှတ်ရရ အဖေ သူ့  အိမ်လေးမှာ မရှိပါဘူး။ အနီးပါးက စိုက်ခင်းမှာ အလုပ်ရှုပ်နေပုံရပါတယ်။ ဘယ်သူနဲ့  အဖေဆီသွားကြသလဲတော့ ကျနော်ငယ်လွန်းလို့  မမှတ်မိပါ။

အဖေရှိတဲ့ နားကိုသွားတော့ စိုက်ခင်းလေးက စမ်းချောင်းလေးနားမှာပါ။ စိုက်ခင်းမှာလဲ (ကျနော် မှတ်မိသလောက်) မုန်လာပင်၊ ချဉ်ပေါင်ပင်၊ နောက် ပြောင်းဖူးပင်တွေနဲ့  တခြား ကျနော် မသိတဲ့ အပင်တွေ စိုက်ထားပါတယ်။ နောက်တစ်ခု ပိုမှတ်မိတာက စမ်းချောင်းလေးနားမှာ ယုန်ကလေး တွေဖြတ်ပြေးသွားတာပါပဲ။ အဲ့ဒီနေက အဖေဆီမှာ ထမင်းစားပါတယ်။ ထမင်းချက်တာ မြေအိုးကလေး နဲ့  လို့  ထင်ပါတယ်။ ဘာတွေစားလဲ တော့ မသိတော့ပါဘူး။ ယောင်္ကျားကြီးတစ်ယောက်ထဲ နေပေမဲ့ မီးဖိုချောင် ပစ္စည်းကအစ၊ ရှိတဲ့ ပစ္စည်းလေးတွေ ဟာ သူဟာနဲ့  သူ နေရာကျနေတာ ကိုတော့ ကောင်းကောင်း မှတ်မိပါတယ်။ ဒါက ကျနော့ (memory) ထဲက တစ်ခုပါ။

နောက်တစ်ခု ကျနော်မှတ်မိတာလေး တစ်ခုက အဖေ တိုက်ကြီး ဂျိုးဖြူမှာ သွားနေတုန်းကပါ။ ဂျိုးဖြူ က တိုင်းဗဟိုလေ့ကျင့်ရေး တပ်ဟာ အဖေ စစ်တပ်ကနောက်ဆုံး ထွက်လာတဲ့နေရာပါ။ အသိအကျွမ်း များတာရယ်၊ ကိုယ်နေခဲ့တဲ့ တပ်နယ်မြေဖြစ်တာကြောင့် အဖေအဲ့ဒီမှာ သစ်စက်နဲ့  စီးပွားရေး လုပ်ပါတယ်။ ကျနော် ၂ တန်းမှာ အရေးအခင်းဖြစ်လို့  ကျောင်းတွေ ပိတ်ထားတုန်း အဖေဆီ သွားလည်တာပေါ့။ ပျော်တာမှ အရမ်းပဲ။ အဲ့ဒီမှာ ၁၀ ရက်လောက်နေခဲ့တယ်လို့  ထင်တယ်။

ဒီနေရာမှာ အဖေနဲ့  ပတ်သတ်လို့  အဖေ့ရဲ့စိတ်နေ သဘောထားလေး နဲနဲပြောပါရစေ။ အဖေက စကားပြောရင် မဖွဲ့  နွဲ့  တတ်သလို တုံးတိ လဲ မဆန်ပါဘူး။ တဘက်သား ကို နားလည်အောင် ရှင်းပြတတ်ပါတယ်။ စိတ်တို ရင်တော့ ပြတ်ပြတ်ပြောပါတယ်။ တစ်ခု ပြောစရာရှိတာက သူများတကာကို လုံးဝ အားနာ၊ သနားတတ်ခြင်းပါပဲ။ လူလည်လူပါး သူငယ်ချင်းတွေက အကူအညီ လိုတိုင်း လာလာငိုပြကြတာ မှတ်မိသေးတယ်။ နောက်ပြီး တော်တော်ကို ရိုးအ ပါတယ်။ ရိုးတယ်လို့  ပြောရင်ပိုကောင်းမလားပဲ။ “အ” တော့မ “အ” ပါ။ လူများတကာကို အသုံးချလိုမှု၊ ရယူလိုမှု တို့  နဲ့  ဘယ်သော အခါမှ မပေါင်းတတ်ပါဘူး။ အသုံးချတယ် ဆိုတာလဲ ဘယ်လိုမှန်းသိမှာ မဟုတ်လောက်ပါဘူး၊ ရိုးချက်က အဲ့လို။

အဖေ သစ်စက်လုပ်တော့ ငွေတော်တော် ပေါပါတယ်။ ဒါပေမဲ့ ဘယ်သောခါမှ စုဆောင်းမိတယ် မရှိပါဘူး။ သဘောကောင်းတာရယ်၊ သနားတတ်တာရယ်နဲ့  ပဲ ငွေတွေ ကလျောကနဲ လျောကနဲ ကုန်တာပါပဲ။ အဖေတို့  အလုပ်က ပင်ပန်းတော့ ညဖက်ရောက်ရင် သူ့  ဘော်ဘော်တွေနဲ့  ၀ိုင်းတတ်ကြပါတယ်။ တစ်ရက် ၀ိုင်းတဲ့နေ့ ကတော့ မှတ်မှတ်ရရ အဖေက သူ့  မွေးနေလို့  ဆိုပါတယ်။ ကျနော်လဲ ဘယ်ရမလဲ ၀ိုင်းဘေးကနေ အမြည်းဝင်တွယ်တာပေါ့။

အိမ်ပြန်ရောက်လို့  အမတွေကို မေးကြည့်တော့မှ အဖေ ကျနော့ကို ဘတ်ကီးရိုက်မှန်း သိတာ ဟားဟား။ အဖေ့မွေးနေ့  မဟုတ်ဘူးလေ၊ သားရှေ့မှာ ဒီအတိုင်းသောက်လို့  မသင့်တော်လို့  မွေးနေ့  လို့  ကျနော့ကို ဘတ်တာ။ ဟီးဟီး အမတွေ ပြောမှ သိတာ။ ဒါတောင် ဘာကြောင့် ဘတ်မှန်း ကြီးလာမှ စဉ်းစားမိတာလေ။ ဟုတ်တော့ဟုတ်တာပဲ သားသမီးရှေ့မှာ အရက်သောက်တာ ပလိန်းကြီး သောက်လို့  မှ မသင့်တော်ပဲ ဟုတ်တယ်ဟုတ်။

ကျနော်ကတော့ အဖေ့ဆီ နေရတာ အကြိုက်ပဲ၊ ငွေကြိုက်သလောက်ယူ ဈေးဆိုင်တန်းမှာ မုန့်  စားလိုက်၊ ကြံရည် ဖျော်ရည် သောက်လိုက်နဲ့  ဟုတ်နေတာပဲ။ ကလေးဆိုတော့လဲ ပျော်တာပေါ့။ အဖေက သစ်စက် လုပ်တော့လဲ အပင်တွေ စိုက်တဲ့ အကျင့်ကောင်းလေးက ပျောက်မသွားပါ။ တနိုင် သီးပင်၊ စားပင်ကတော့ စိုက်တာပဲ။ အဖေတို့  ခေတ်လောက်ကလူတွေက ဒီလိုမှ အလုပ်မလုပ်ရရင် နေနိုင်ကြသလိုပါပဲ။

ဒယ်ဒီဖားသားနဲ့  မာမီမားသားတို့  ဖူးစာဆုံတာလေးကလဲ ၀တ္တုထဲကလို ကဗျာဆန်ဆန်လေးပါ။ ကျန်းမာရေး မကောင်းတဲ့ အဖွားကို ကျနော့်အမေက ရန်ကုန်မှာ ဆေးကုဖို့  သင်္ဘောနဲ့  အလာ၊ သင်္ဘောပေါ်အတက်မှာ အမေ့ရဲ့ လည်မှာစည်းထားတဲ့ ပုဝါလေးဟာ လေမှာ လွှင့်ပါသွားပြီး စစ်သားကြီး အဖေ့ ခြေထောက်နားမှာ သွားကျသတဲ့။ ကဲ ဘယ်လောက်ကဗျာ ဆန်လိုက်သလဲ။ အဲ့လို သိပ်ချစ်ကြလို့  ပဲထင်ပါရဲ့ အမေနဲ့  အဖေ သိပ်မတဲ့ကြဘူး။ မှတ်မိသလောက်တော့ အဖေကပဲ စိတ်ကောက်ပြီး အိမ်ပေါ်က ဆင်းဆင်းသွားတာများသလို ပါပဲ။ ဟီးဟီး ခုမှပြောရဲတာ။ ငယ်ငယ်ကတော့ ကြောက်မှကြောက်၊ စစ်သား လက်သီး တစ်ချက်မြည်း အီးအီး ထွက်လတံ့ပဲလေ။ လက်သီးတစ်လုံးတစ်လုံးက မျက်နှာနဲ့  ဆိုက်ချင်းအတူတူပဲ။ တကယ်တော့လဲ မလုပ်တတ်ပါဘူး။ ကျနော် အရိုက်ခံရတာဆိုလို့  သိပ်မရှိသလောက်ပဲ၊ ကျနော်ကလူလည်ဗျ၊ ဖားတတ်တယ်။ အရိုက်မခံရခင်ကထဲက အရူးကွက်နဲ့  ပတ်ပြေးတတ်ပါသဗျ။

ကျနော် ခုနှစ်တန်း၊ ရှစ်တန်းလောက် အရောက်မှာ ကျနော်တို့  အိမ်နဲ့  သိပ်မဝေးတဲ့ ငါးကန်တွေမှာ အဖေက ကြီးကြပ်တဲ့ အလုပ်လုပ်ပါတယ်။ ဒီအလုပ်ကလဲ သူနဲ့  ကိုက်တာက ငါးကန်တွေနားမှာ သူ့  ၀ါသနာ အတိုင်း ကိုယ်နေဖို့  အိမ်လေး ကိုယ့် ဘာသာ ဆောက်နေလို့  ရတာရယ် တပည့်တပန်းတွေ ရှိတာရယ်၊ နောက်ပြီး အပင်တွေ စိုက်လို့  ရတာရယ်ပေါ့။

ဒီနေရာမှာ အဖေ ဆောက်တဲ့ အိမ်သေးသေးလေးတွေ အကြောင်းနဲနဲ ပြောပြချင်ပါတယ်။ အိမ်လေးတွေကို မျှောတိုင်တွေနဲ့  ဖရိန် (Frame) တည်ပါတယ်။ ၀ါးကို ကိုယ့်ဘာသာ ခုတ်၊ ကိုယ့်ဘာသာခွဲပြီး ထရံရက်၊ နောက် မျက်နှာစာမှာ ၀ါးနဲ့  ပဲ မှန်ကူကွက်တွေ လုပ်တာပါ။ တော်တော်ကို သပ်သပ်ရပ်ရပ်နဲ့  ခိုင်ခံ့မှု ရှိပါတယ်။ လေ၀င်လေထွက်လဲ ကောင်းပါတယ်။ အိမ်သေးသေးလေးထဲမှာ ဘုရားစင်၊ အိပ်ခန်း၊ မီးဖို နေရာ တွေဟာနဲ့  သူဟာနဲ့  သူ နေရာတကျ ပါဝင်ပါတယ်။ အမိုးကလဲ သက်ကယ်အမိုးပါ။ ဓနိပျစ် တွေဝယ်စရာမလိုပါ။ ကြမ်းပြင်ကတော့ ၀ါးတစ်မျိုး (၀ါးပိုးဝါးလို့  ထင်ပါတယ်) ကို ပြန့်  ပြူးနေအောင် ခွဲခြမ်းပြီး ခင်းပါတယ်။ ချောမွေ့  နေအောင်ပြုပြင်ထားပါတယ်။

ကျနော် ကျောင်းပိတ်ရင် အဖေ့ဆီသွားပါတယ်။ ကျနော်သဘောကျတာက လေကောင်းလေသန့်  တွေ အားပါးတရကို ရှုရှိုက်ရတာ၊ လူသံသူသံ တိတ်ဆိတ်တာ တွေကြောင့် စာကောင်းကောင်း ကျက်လို့  ရတာတွေပါ။ နောက်တစ်ခုကတော့ ဟီး.. ဟီး ကျနော့ အကြိုက် အစားအသောက်ပေါ့။ ငါးကန်ဆိုတော့ ငါးက အကြိုက်စားပဲ၊ ငါးသေးသေးဆိုတာက အပြင်းပြေ စားဖို့  ကျော်ထားတာ။ နောက် အသီးအရွက်တွေ ကြိုက်တာ ခူးပြီး ကြော်ချင်သလို ကြော်စားတာတွေလဲပါတယ်လေ။ ဒန့်  သလွန် အရွက် ကတော့ ကျနော့် ဖေးဘရိတ် (Favorite) ပဲလေ။

အဖေကတော့ ကျနော်ဘာလုပ်လုပ် သိပ်အပြစ်ပြောမနေတတ်ဘူး။ အဲ့တော့ ကျနော်က အကြိုက်ပဲ။ ကျနော်ကြော်တဲ့ ဒန့်  သလွန် ရွက်ကြော်ခါးခါးလဲ အဖေပြုံးပြုံး ပြုံးပြုံး နဲ့  စားတာပါပဲ။ ကျနော်သွားရင် အဖေ့အတွက် အမေထဲ့ပေးလိုက်တဲ့ အဖေကြိုက်တဲ့ အမေ့လက်ရာ ရခိုင်ငြုပ်သီးထောင်း၊ တစ်ခါတစ်လေ အညာထောင်း၊ နောက်၊ တစ်ပတ်စာ ဟင်းချက်စရာ ဆန်၊ဆီ၊ဆားတွေ ယူသွားရတယ်။ စာအုပ်တွေတော့ ယူသွားတာပဲ သိပ်တော့လဲ မကျက်ဖြစ်ပါဘူး။ ၀ါးတီးကိုပဲ အားပြုနေတာကိုး။ အဖေဖတ်ဖို့  စာအုပ်တွေလဲပါတာပေါ့။

ရုပ်ရှင်တွေထဲကလို သားသမီးတွေကိုဘယ်လောက် စိတ်ဆိုးဆိုး မြေးကျတော့ မနေနိုင်ဘူးဆိုတာမျိုး လဲ ကြုံခဲ့ ရသဗျ။ အမကြီး အိမ်ထောင်ပြုတာကို အဖေကသဘောမတူလို့  ယူပြီးကထဲက စကား မပြောတာ ကျနော့်တူလေး မွေးပြီး (၄) လ လောက်ထိပဲ။ တရက် ကျနော်ကျောင်းက ပြန်လာပြီး တူလေးနားမှာ ထိုင်ကြည့်နေတယ်။ အဲ့ဒီမှာ ကျနော့ ဒယ်ဒီပါပါက အပြင်ကပြန်လာပြီး ဘာမပြော ညာမပြော သူ့  မြေးတော်ကို ကောက်မြူပါလေရောဗျာ။ “ဟား.. ဟား.. ဟေ့ကောင်လေး ဖိုးရှုပ်လေး” ဆိုလား ဘာလားပဲ။ အားလုံးကလဲ ကြောင်ပြီးကြည့်နေကြတာ။ နောက်မှ သဘောပေါက်ကုန်ကြပြီး အရှိုရှို ရှောင်ထွက်သွားကြတာ။ လူကြီးရှက်မှာဆိုးလို့  လေ။

၁၉၉၈ ကျနော် ၁၀ တန်းတက်နေတုန်း မှာ ဒယ်ဒီ လူ့  ဘောင်ကို စိတ်ကုန်လို့  သာသနာ့ဘောင် ၀င်သွားလေရဲ့။ ကျနော် ၁၀ တန်းအောင်လို့  ကျောင်းဝင်ခွင့်တွေဖြေတိုင်း “မင်းအဖေက ဘုန်းကြီး တောင်ဝတ်သွားရတယ်ဆိုတော့ မင်းတို့  တွေ တော်တော် ဆိုးမှာပဲ” လို့  ဟာသနှောပြီး အမြဲ အပြောခံရတတ်ပါတယ်။

သားသမီးတိုင်း ကိုယ့်မိဘနဲ့  ပတ်သတ်လို့  မှတ်မိနေကြတဲ့ အကြောင်းအရာလေးတွေ ရှိကြမှာပါ။ ကျနော် ဒီအကြောင်းတွေ ရေးရတာက ကိုယ့်ရဲ့ မှတ်ဥာဏ်လေးတွေ မလျော့နဲ သွားခင် အမှတ်တရ ဖြစ်စေချင်တာရယ်၊ ဖတ်မိကြသူတိုင်း ကိုယ့်ခံစားချက်လေးတွေကို ကလောင်သွားထက်တင်ပြီး သူများကို မျှဝေ ပေးစေလိုတာ တွေကြောင့်ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်ထဲက သာသနာ့ဘောင် ၀င်သွားတဲ့ ကျနော့် အဖေဟာ ခုထိလဲ ဘုရားရှင်ရဲ့ သားတော်အဖြစ်ပဲ သာသနာ့ဝန်ကို ဆက်လက် ထမ်းဆောင်နေပါတယ်။ ခု ၂၀၁၀ ကမ္ဘာ့ဖလား ကာလမှာတော့ ဘုန်းဘုန်းလဲ ၀ါသနာလေးကို မစွန့်  နိုင်သေးတာကြောင့်ရယ်၊ သူ့  ကျောင်းသားတွေ အပန်းပြေ ကြရ စေအောင်ကြောင့်ရယ် တောင်အာဖရိက နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို သူ့  သား/သမီး များလှူဒါန်းတဲ့ ၂၄ လက်မတီဗွီ နဲ့  အားပေးလျက်ရှိနေပါတယ်ဗျိုး။


ဖတ်မိသမျှ၊ သင့်ဒုက္ခ၊
ပြေပျောက်ပါစေ၊ တောင်းဆုချွေသား။
မှတ်မိသမျှ၊ သင့်မှတ်ဥာဏ်လည်း၊
ပေထက်ကလောင်၊ ရွှေရွက်ညောင်ကဲ့၊
အင်တာစာမျက်၊ ဂူဂဲလ်ထက်မှာ၊
တင်ကာမျှဝေ၊ နိုင်ပါစေကြောင်း၊ ဆုချွေတောင်းမိပါ၏။


Sunday, 23 May 2010

ကိုဂျီးရဲ့ ခေါင်းစဉ်မရှိ

ဟေ့မင်းတို့လွမ်းရင်ဘာလုပ်ကြသလဲ.ရင်ဘတ်ကိုဖွင့် အသံကုန်လွင့်ပြီးအလွမ်းသီချင်းတွေဆိုကြသလား။အရက်ပြင်းတကျိုက် ဆေးလိပ်တရှိုက်နဲ့မေ့လျော့ ခြင်းမြစ်ပြင်ထဲဒိုက်ဗင်ထိုးကြသလား။လျှပ်စီးလက် မိုးခြိမ်းတဲ့ မိုးရေထဲရင်ကော့ခေါင်းမော့ပြီးလျှောက်သွားဖူးသလား..။တခါတရံလို့ မပြောတော့ပါဘူး..ငါ့အတွက်ဘဝဟာခါးသီးတဲ့အလွမ်းတွေကြားအကျဉ်းချပိတ်လှောင်ခံနေရတုန်းပဲ...။အလွမ်းတွေကိုဖောက်ထုတ်ပစ်ဖို့သီချင်းတစ်ပုဒ် လိုအပ်မယ်..အရက်တစ်ခွက်လိုအပ်မယ်..ဂစ်တာတစ်လက် လိုအပ်မယ်..ကလျာနမိတ္တတစ်ကောင် လိုအပ်မယ်..ကလောင်တစ်ချောင်းလိုအပ်မယ်..တရားတစ်ပုဒ်လိုအပ်မယ်.......................လိုအပ်မယ်....................လိုအပ်မယ်..အိုး..ပြောချင်ရာပြောကြ..သတိမေ့ဖို့လိုတယ်လို့လည်းပါတယ်.။ငါ့အတွက်တော့ သတိမမေ့ချင်ဘူးရင်ဘတ်ကဒဏ်ရာကိုပျောက်ချင်တယ်တစ်နှစ်ပြီးတစ်နှစ်တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင်၃၀ ကျော်အထိလှမ်းဖူးတဲ့ ခြေလှမ်းမိုင်တိုင်တွေမှာရူးမိုက်တတ်ခဲ့ဖူးတယ်....ဆိုးသွမ်းတတ်ခဲ့ဖူးတယ်...အာရုံတွေမှာယစ်မူးခဲ့ဖူးတယ်..မိုက်ရိုင်းတတ်ခဲ့ဖူးတယ်...။သတိမေ့တတ်ရင်တော့ထပ်ပြီးဒဏ်ရာရမှပဲသင်္ခန်းစာကိုမကျေညက်ရင်ဖြင့်ထပ်ပြီးကြုံရဦးမှာပဲ..ဆုံးရှုံးတာကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး။သိမှုထက် မသိမှုကပိုများတဲ့ ဘဝမှာသိထားမှ....နားလည်ထားမှ..ခွင့်လွတ်တတ်မှ..တော်ခါကျမှာလေ။ငါလည်းရင်ဘတ်နဲ့ဆိုတော့ လွမ်းတတ်တာပဲ..ငိုစရာမျက်ရည်အပြည့်ပဲ..အလွမ်းအဆွေးဒေါသ မောဟ မာနတွေနဲ့ငါကိုယ်တိုင်လည်း လျှောက်နေဆဲ..။...အော်..အပြင်မှာမိုးတွေသည်းနေတုန်းငါ့ အိမ်ထဲမှာတော့ တိတ်ဆိတ်နေတယ်။23/05/2010မှော်ဘီ အထက ၁ကျောင်းရှေ့လက်ဖက်ရည်ဆိုင်တွင်

Saturday, 15 May 2010

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ကျွန်တော်တို့ အမေ



သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ကျွန်တော်တို့ အမေ

အမေဟာ ၁၉၃၅ ခုနှစ်ဖွား ရှေးအဖွားကြီးပါ။ တိုင်းရင်းသူလဲဖြစ်တာကြောင့် စကားအပြောအဆိုနဲပြီး ရိုးအသူလဲ ဖြစ်ပါတယ်။ အမေတို့  ခေတ်ကာလ အနေအထားအရ ဘာသာတရားရဲ့ အုပ်စည်းမှု ကောင်းတာကြောင့် သူများကို လိမ်ဖို့  နေနေသာသာ ကိုယ်အလိမ်မခံရအောင် မနည်းရှောင်ရှား ရတတ်တဲ့ လူစားမျိုးတွေပါ။ သူမမှာ ကျွန်တော်အပါအ၀င် သားသမီးပေါင်း ၈ ယောက်ရှိပါတယ်။ ၁ ယောက်ကတော့ ကလေး ဘ၀မှာပဲ ဆုံးပါးခဲ့လို့  ၇ ယောက်လို့  ပြောရင်လဲရပါတယ်။ ဘုရားရှင်ရဲ့ ဂိုက်လိုင်း (Guide Line) ဖြစ်တဲ့ ငါးပါးသီလ (Five Principles) ကို အတတ်နိုင်ဆုံး စောင့်ထိန်းတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ သားသမီးတွေကိုလဲ ဒီလိုပဲ သွန်သင်ခဲ့သူ ဖြစ်ပါတယ်။

အမေတို့  ခေတ်က လူ့  အသုံးအဆောင် ပစ္စည်းအလွန် ရှားပါးတဲ့ခေတ်ပါ။ (အဟဲ ကျွန်တော်တို့  ခေတ်မှာလဲ မပေါပါဘူး) ဈေးကွက်ထဲမှာ ရှားပါးတာကို ပြောချင်တာပါ။ သူတို့  ခေတ်က ကြွတ်ကြွတ်အိတ်တို့  ဘာတို့ဆိုတာ တော်တော့်ကို ရှားပါတယ်။ တစ်ခါဈေးဝယ်လို့  ကြွတ်ကြွတ်အိတ်များပါလာလို့  ကတော့ ဆေးကြောပြီး သိမ်းလိုက်ပြီးသားပဲမှတ်။ သတင်းစာ စက္ကူ ဆိုလည်း သုံးတတ်သမှ အလေအလွင့်ကို မရှိစေရဘူး။ အဖေဖတ်ပြီးသား သတင်းစာတွေဟာ ရွှေတိဂုံဘုရား လဲ ရောက်ရဲ့။ ပဲခူးဘုရား လဲ ရောက်ရဲ့။ တိရစ္ဆာန်ဥယျာဉ် ဆိုလဲ ပါလာတာပဲ။ အဲ့ဒီခေတ်က မြက်ဖျာတို့  ဘာတို့  ဆိုတာ ရှားတော့ ခင်းဖို့  ပြုဖို့  ဆို ဒင်းတို့  ပဲ အားကိုးရတာလား။ စာပေကို မရိုသေဘူးလို့  တော့ မဝေဖန်လိုက်ပါနဲ့ ။ သတင်းစာပေါ်က အကြောင်းအရာစုံ ဖခင်ကြီးဖတ်ပြီး သူ့  ဘော်ဒါတွေနဲ့  ဝေဖန်ရေး လေကန်ရေးတွေ လုပ်ပြီးမှ ဒီလို သုံးတာပါ။

အိမ်မှာက အိမ်ဆိုင်လေးလဲ ရှိလေတော့ သတင်းစာ ဖြတ်ပိုင်းလေးတွေက ငရုပ်မှုန့်  တို့  သကြားတို့  အတွက်လဲ ကတော့လေးတွေ ဖြစ်ပြန်ရော။ အသုံးမတဲ့ တဲ့ နေရာကိုမရှိတာ။ ဟော ရောင်စုံ ကြွတ်ကြွတ်အိတ် ကလေးတွေ ခေတ်ရောက်လာပြန်တော့ရော သတင်းစာ ကိုမသုံးဘူး များထင်နေကြလား။ ဆက်သုံးတာပဲ (ဟဲ ဟဲ ထရိတ်ဒေးရှင်းနဲလ် Traditional ဆိုတာဒါလားပဲ)။ အဓိက ပြောချင်တာက ကမ္ဘာတခုလုံး ကို ဒုက္ခပေးမဲ့ ကြွတ်ကြွတ်အိတ် ပြသနာ ကိုစဉ်းစားမိလို့  ပါပဲ။ မြေဆီလွှာတွေ ခန်းခြောက် ပတ်ဝန်းကျင် ညစ်ညမ်း သားဌက်တွေ ရေသတ္တ၀ါတွေသေ လူတွေ မွေးတဲ့မျောက် အဲ လူတွေဖန်တီးခဲ့ တဲ့ ဒီ ကြိတ်ကြိတ်အွတ် တွေဟာ ပြသနာ အတုံးအခဲ တွေပါပဲ။ ဒီလိုကိစ္စတွေမှာ တို့  ရဲ့ မာတာမိခင်ကြီးတို့  ဘယ်လိုရင်ဆိုင်သလဲ ပြောပြမလို့  ။ ဟင်းဟင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့  ၊ ကုလ တို့ လောက်တော့ ပျင်းတောင်ပျင်းသေး။ ဒင်းတို့  က ခုမှ လစာလေး ရလို့  သာ သဘာဝပတ်ဝန်းကျင် ကို ဖျတ်ဖျတ်လူး ထိန်းမယ် သိမ်းမယ်နဲ့  ဖြစ်နေကြတာ မြန်မာပြည် က ရှေးအဖွားကြီးတွေ လုပ်ပုံ ကိုင်ပုံသာ ခုနေ အွန်လမ်း (Online) ကို တင်လိုက်လို့  ကတော့ နိုဗယ်ဆု (Novel Prize) ဆိုတာ ရန်အောင် အကယ်ဒမီ ယူသလို ၅ ထပ်ကွမ်း တို့  ၆ ထပ်ကွမ်းတို့  ဖြစ်နေမယ်။ ကဲ ဆက်လိုက်ဦးမယ်။

ကြွတ်ကြွတ်အိတ်(ကြိတ်ကြိတ်အွတ်) နဲ့  အမေ။..........ဈေးကပြန်လာတဲ့ ဘယ်သူဖြစ်ဖြစ် ပစ္စည်းတွေ ချပြီးတာနဲ့  ကြွတ်ကြွတ်အိတ်တွေ ထဲက ဘာညာသာရကာ အစုံဟာ အမေ့ ရဲ့ ဗူး တွေ ပလုံးတွေထဲ ကို ဗီဇာတုံး ထုစရာ မလိုပါဘူး အမေ့လက်ချက်နဲ့  သူ့  နေရာနဲ့  သူ စနစ်တကျ ရောက်ပြီး သားပဲ။ ဗူးတွေမှာလဲ ဟောလစ်၊ မိုင်လို၊ အိုဗာတင်း ဖန်ပုလင်း တွေက အစ လက်တိုဂျင် နိုမှုန့်  သံဗူး အလယ် ဘားပလက်အားဆေး ကော်ဗူး အဆုံး ဘယ်ပစ္စည်းမှ ၁၀ နှစ်လောက် မသုံးလိုက်ရပဲ အိမ်ထဲ က မထွက်ရ၊ မာရှယ်လောပဲ။ ဟင်း ဟင်း ဘယ်ရမလဲ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံမှာ နေနေတာပဲဟာကို။ ပြတ်ပြတ်သားသားပဲ။ မလုပ်ရင်အရှင်း လုပ်ရင်လဲ ဖောရှောပဲ (စစ်တပ် စကားပုံလေ မယုံပုံပြင်သာမှတ်)။ ပြောရဦးမယ်၊ အဖေကလဲ စစ်တပ်က အငြိမ်းစားပဲ။ ခုခေတ် နအဖ ဗိုလ်ချုပ်တွေ တိုက်ခဲ့ ခိုက်ခဲ့ ပါတယ် ဆိုတာလောက်တော့ ပျင်းတောင်ပျင်းသေးတယ်ပဲ။ ပြောလိုက်ရင်တော့ မိုင်းတုံ မိုင်းယန်း မဲသဝေါ မဲလှ မာနယ်ပလော မော်ဖိုးကေ ပုံပါကျင် ကြက်အူတောင် အထင်ကရ တိုက်ပွဲ မှန်သမျှ ဒင်းတို့  အသေခံ တိုက်ခဲ့ တာလိုလို ဘာလိုလိုနဲ့  တကယ်တမ်းမေးကြည့် သူများတွေ အုန်းဒိုင်း ချနေတုန်း ထမင်းပဲ ချက်သလိုလို ရေပဲခပ် သလိုလိုနဲ့  အရှုးကွက်နင်းပြီး မသေပဲကျန်တဲ့ ကောင်တွေ ဟင်း ခုတော့ ကြီးပွါးနေလိုက်ကြတာ။ တော်ပါပြီ ဒင်းတို့  အကြောင်းပြောရင် နိုဗယ်ဆု (Novel Prize) နဲ့  တို့ အမေ အကြောင်း ရောက်မှာဟုတ်ဘူး။

အဲ ဈေးက၀ယ်လာသမျှ ဗူးတွေထဲ ရောက်ပြီးရင် ကြွတ်ကြွတ်အိတ်တွေ အလှည့်ပဲ။ သန့်  သန့်  လေးတွေဆို ဒီတိုင်းခေါက်၊ ငါး ဘာညာထည့်လာတဲ့ အိတ်ဆို ရေဆေး နေလှန်း ပြီးမှ သေသေချာချာ ခေါက်တာ။ မီးပူတောင် လျှပ်စစ်မီးက ဘထွေးတော်တရုတ်နဲ့  ပထွေးတော်ကုလားပြည် ကို ပေးထားလို့ ။ မဟုတ်လို့  ကတော့ မီးပူတောင် ထိုးဖို့  အစီအစဉ် ရှိလားမှတ်ရတယ်။ ငယ်ငယ်တုန်းကတော့ န၀တ ဆိုတာ တရုတ်အထီး နဲ့  ကုလားမနဲ့  ယူ မွေးလာတဲ့ ကပြားက ဒေါ်စိန်အေး နဲ့  ကြိုက် အောက်တန်းစား နဲ့  ညား ပြီးမှမွေးလာတာလို့  ဘယ်သိမှာလဲနော။ ကြီးလာမှသာ အော် အဲ့ဒီ ဇာတ်ပျက်လေး က မြန်မာ ပြည်သူ/သားတွေ သွားကြားထိုးတံ မရှိမှာဆိုးလို့  ကျွန်းပင်ကြီးတွေ ခုတ်ခုတ်ပြီး တရုတ်ပြည်က သွားကြားထိုးတံ မှာပေးရှာတာပါလား လို့ သိရတာ။ စေတနာနဲ့ နော် ဟီးဟီး။

ကဲ ဆက်ကြဦးစို့ ။ အဲ့လို အိတ်လေးတွေကို ခေါက် တနေရာ မှာ ထား။ ဈေးသွားမယ် ဆို ခေါက်ပြီးသားလေး တွေထဲက သင့်တော်ရာတွေ ရွေးယူသွား။ ဈေးရောက်ရင် ဘယ်ဈေးသည်မှ အိတ်ပေးစရာမလိုအောင် ကို အဆင်ပြေတာ။ ဒါတောင် နို့  မှုန့်  အိတ်တို့  ဘာတို့ ဆိုတာ မယူလို့ ကို မရလို့ ။ ဈေးသည်မှန်သမျှ ကလဲ အမေဈေးဝယ်ရင် အဆစ်ပေးတဲ့သူနဲ့  အပိုယူသွားပါဦး ဆိုတာကတမျိုး။ ကိုယ်အိတ်လေးတွေနဲ့  ကိုယ်ဝယ်တာကိုး။ အဲ့ဒီ ခေတ်က ကြွတ်ကြွတ်အိတ် ဈေး မပေါသေးတာရော အမေက ရိုးတာ ခင်စရာ ကောင်းတာရောနဲ့  ဈေးသည် ဈေးဝယ် ဟာမိုနီ ကိုကျလို့ ။ ဈေးတစ်ပတ်လဲ ပြည့် အမေ့ရဲ့ ကြွတ်ကြွတ်အိတ် လေးတွေလဲ ပစ္စည်းတွေ ပြည့်ပေါ့ဗျား။ ကဲ ဘယ်လောက် စနစ်တကျ ရှိတဲ့ ရီဆိုင်ကယ် စစ်စတန် (Recycle System) လဲ။

ဒါတင်ပဲလား ဆိုရင်တော့ ဆားနဲ့  ပါ ဖျား လို့  မရသေးဘူး။ အိမ်ပြန်ရောက်တာနဲ့  အရင် လိုပဲ ခေါက်သင့်တာ ခေါက် ဆေးသင့်တာဆေး ဒါဘယ် ယူ့ စ် (Double Use) ထရာဘယ် ယူ့ စ် (Triple Use) တို့  ဆိုတာ ရီဆိုင်ကယ်ရဲ့ အစဆိုရင် တို့  အမေက ဖောင်ဒါပဲ(Founder)။ နောက်ထပ် ရလာတဲ့ နို့  မှုန့်  အိတ်အခွံ တို့  ဘာတို့  ကတော့ အမေ့ရဲ့ ဘုရားသွား ကျောင်းတက် လှူဖို့  တန်း ဖို့  ငွေစက္ကူ အသစ်လေးတွေ နေစရာပေါ့ဗျာ။

အဲ သူ့  သားသမီးတွေ ခရီးသွားမလား၊ အ၀တ်အစား အကြော်အလှော် ထည့်မလား သုံးလိုက်စမ်း အိတ်လေးတွေ။ အ၀တ်တွေ အတွက်က ဘယ်အိတ် ငပိကြော် ဘာညာ သာရကာ အတွက်က ဘယ်အိတ် ကုတ်ဒ် (Code) လုပ်ပြီးသား အဆင်ကို ပြေလို့  ။ မိုးရာသီ အတွက် ကျောင်းသားများ စာအုပ် ရေမစို စေရန် အိတ်၊ ဘုရားသွား ကျောင်းတက် ငွေအသစ်လေးတွေ အတွက် အိတ်၊ ဒယ်ဒီကြီး ပင်စင်သွားထုတ် ရင်ယူဖို့  အိတ်၊ ကျောင်းဆရာမ သမီးကြီး အတွက် အဖြေလွှာများ ထည့်ယူလာရန် အိတ် ကဲ သုံးမရတဲ့ နေရာရှာကြည့် လို့  ကိုမရတာ။

ဟောင်းနွမ်းပြီး သုံးမရတဲ့ အိတ်ဆိုရင်ရော၊ ပစ်လိုက်ပြီထင်ပါနဲ့  ။ အိမ်ထဲကလူတွေ အတွက်အသုံး မတည့်ရင် ခြံထဲက အပင်တွေ ရှိသေးတယ်လေ။ ငရုပ်ပင် စိုက်ဖို့  မြေဆွေး ထည့်ရန်အိတ်၊ သင်္ဘောပင်ပျိုးဖို့  အိတ်၊ ရွက်လှပင် ဘုန်းကြီးကျောင်း ကိုလှူဖို့  ပျိုးထားတဲ့ အိတ်၊ သရက်ပင် ပျိုးတဲ့ အိတ် ကဲ ပြောပြရင် ကုန်ဘူးနော။ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) ဆိုတာ ဘယ်ကစတယ် ထင်တုန်း။ အမေ့ရဲ့ မိုဘိုင်း ငရုပ်ပင်၊ မိုဘိုင်း ချဉ်ပေါင်ပင်၊ မိုဘိုင်း ကြက်သွန်မြိတ်ပင် ဆိုတာက ဘယ်နိုင်ငံ တကာ ကစာတမ်းတွေ ဖတ်ပြီး အားကျလို့  လုပ်တာမဟုတ်ပါ။ ခိုးချင်းခိုး သူတို့  ပဲ အမေ့ဆီက ပုံတူ လာကူးသွားတာ ပဲဖြစ်မှာ။ နောက် မိုဘိုင်း ရွက်လှပင်၊ မိုဘိုင်း ဇော်စိမ်းပင်၊ မိုဘိုင်း လေးကျွန်းကြာခိုင် တို့  နဲ့  မိုဘိုင်း ဘုရားပန်းခင်း တောင်ရှိသေး။ ဒါတွေ အကုန် ကြွတ်ကြွတ် အိတ် ရီဆိုင်ကယ် တွေချည်း။ မြေအိုး နဲ့  စိုက်တာ ကတော့ သည်ဂရိတ် (The Great) ဂမုန်းပင် တွေပါ။ ဒါတွေကတော့ မြန်မာတွေရဲ့ အသည်းစွဲ တွေမို့  ရီဆိုင်ကယ် စစ်စတန် (Recycle System) နဲ့  လွတ်တာ။

ကြွတ်ကြွတ်အိတ်တွေ မြေကြီးထဲရောက်လို့  စိတ်ပူပါသလား။ မပူပါနဲ့  ။ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) က ဒါဘယ် (Double) ထရာဘယ် (Triple) တွေများလာတော့ ကြွတ်ကြွတ်အိတ်လဲ ဘယ်ခံနိုင်မှာတုန်း။ သူလဲ အဆိုတော် ကော်ဘရာ (Cobra) လို ဆွေးမြေ့ အသည်းပေါ့ကွယ်။ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) သုံးကြိမ် မြောက်လောက်မှာ ဒင်းတို့  ဆွေး ရင်ဆွေး မဆွေးလို့  ကတော့ ကတ်ကြေးစာမိတာပဲ။ ကဲ ယုံကြမလား ၁၉ ရာစုက အဖွားကြီးမှာ ၂၁ ရာစု (Recycle Forum) ရဲ့ စနစ်တကျ ရီဆိုင်ကယ်လုပ်ခြင်း ဆိုတာ သဘာဝပေး အသိနဲ့  ရှိနှင့်ပြီးသားနော်။ ခုခေတ် ရွှေရန်ကုန်သူတွေ သိကြရဲ့လား၊ သုံးမရတဲ့ ကြွတ်ကြွတ်အိတ် ကိုဘယ်လိုပစ်ရမယ် ဆိုတာ။ သဘာဝ ပတ်ဝန်းကျင် ကိုထိခိုက်လို့  မီးမရှို့  ဘူးနော်။ မီးမရှို့  တဲ့ နောက်ထပ် အကြောင်းကလဲ အမှိုက်ထဲက ပိုးမွှားတွေ သေမှာစိုးလို့  ဗျို့  ။ ကဲ ဒါလဲ ဂေဟ စနစ်ကို ထိန်းသိမ်းရာ မရောက်ဘူးလား။

ကဲ ကြွတ်ကြွတ်အိတ် ပြီးတော့ ပလတ်စတစ်ဗူး ပေါ့ဗျာ။ သူတို့  လဲ ကုလားဆီ ရောက်ရင်ရောက် မရောက်ရင်တော့ မိုဘိုင်း အက်ဂရီကားချား (Mobile Agriculture) ထဲ ရောက်တာပဲ။ ကွမ်းသီးပင်ပေါက် ပျိုးမလား၊ စွယ်တော်ပင်ပေါက် ပျိုးမလား၊ ဗာဒံပင်ပေါက် ပျိုးမလား ဒါတွေ တွက်လဲ လာထားပဲ။ မိုဘိုင်း ငရုပ်ပင်ဆိုတာလဲ သူနဲ့  ရတာပဲ။

ရှမ်းပြည်က သူ့  သမီး ကျောင်းဆရာမတွေ ပြန်လာလို့  စတော်ဗယ်ရီ သီး ခြင်းကလေး တွေ ပါလာလို့  ကတော့ အကြိုက်ပေါ့။ စားပြီးနောက်နေ့  အဲဒီ ခြင်းမှာ မြေဆွေး နဲနဲ နဲ့  အပင်တစ်ပင် ပျိုးပြီးသား။ ကမ္ဘာ့  ကိုဒုက္ခ ပေးတဲ့ ပလတ်စတစ် မပြောနဲ့  ၀ါးနဲ့  လုပ်တဲ့ စတော်ဗယ်ရီ ခြင်းတောင် ရီဆိုင်ကယ်လုပ်တာ။ အခုပေါ်ပင် လုပ်နေကြတဲ့ ပလတ်စတစ် ပပျောက်ရေးဆိုတာ ရန်ကုန်သူမတွေ လူအထင်ကြီးအောင် ပလတ်စတစ် တိုက်ဖျက်ရေး လွယ်အိတ်ကြီးလွယ် ကားယား ကားယား လျောက်ပဲများ နေကြတာကို လူတွေက အဟုတ်မှတ် ကြတာ။

တစ်ရက်လောက်တော့ အိုဘားမား ဖြစ်ဖြစ် ကုလ အတွင်းရေးမှူးချုပ် ဆီဖြစ်ဖြစ် စာတင်ဖို့  စိတ်ကူးထားတယ်။ ဗွီဒီယို မှတ်တမ်း တွေ ပါပို့  ချင်တာ။ ၁၉ ရာစု ကအမေအို ကြီးတစ်ယောက်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုပြီး။ ကျွန်တော် ထင်ပါတယ်။ သူတို့  တွေ မျက်ပြူးဆံပြာ နဲ့  ရောက်လာကြဦးမှာ။ တို့  အမေကို ဟိုမေး ဒီမေး ဟိုဗျူး ဒီဗျူး လုပ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မှာ ဒေါ်လှနဲ့  ကို ခန့်  နောက်ပြီး ကမ္ဘာကြီးအတွက် တာဝန်ထမ်းခိုင်း နေမှခက်ရော။ ဒါဆို အမေ ဘုန်းကြီးကျောင်း သွားဖို့  အာ့း တော့မယ်မထင်ဘူး။

ကဲ ဘယ် ကုလ ကမှ လစာ မပေးပေမဲ့၊ ဘယ်အဖွဲ့  အစည်းကမှ မတိုက်တွန်း ပေမဲ့၊ ဘယ်ေ..ာက်စစ်အစိုးရကမှ (ဟာ သူ့  အကြောင်းပြောနေရင် ကိုပါေ..ာက် စိတ်ပျက်တယ်)၊ ဘယ် ကြံ့ဖွတ် ကမှ မခြိမ်းခြောက်ပေမဲ့။ ၁၉ ရာစု အမေကြီး ကတော့ သဘာဝ ပတ်ဝန်းကျင် ကို သူတတ်စွမ်းသရွေ့  ကယ်တင်နေပါတယ်။ ဒီစာ လေးကို ဖတ်မိကြသူအပေါင်း ရောင်းရင်းတို့  လဲ ကိုယ်တတ်စွမ်းသရွေ့  ကမ္ဘာကြီးကို ကယ်တင်ဖို့  တိုက်တွန်းလိုက် ရပါတယ်ဗျာ။

Saturday, 24 April 2010

About my little sister


ဂျစ်တူးမ .. အလှကြီးမဟုတ် သိုသော် စေ့စေ့ကြည့်လျှင် ကြည့်ကောင်းသည်။ မျက်ခုံးများက မျော့မဲမဲကြီး ၂ကောင် တင်ထားသည့် အလား။ အကောင်းဆုံးက သူမရဲ့  ထူထဲဖြောင့် စင်းသည့် ဆံပင်ရှည်ရှည်များ။ ဆံလုံးကြီးပြီး ဆံသား ကောင်းလွန်းသည်။ သူမ၏ ဆံပင်ဖြောင့်များကို မနာလိုစွာ နင့်ဆံပင်တွေက ဝက်မွှေးနဲ့  တူတယ်လို့  ပြောခဲ့ဘူးသည်။ သူမ ဆေးကျောင်းတက်သည့် ဒုတိယနှစ်တွင် ခါးကျော်ကျော် ရှည်သည့် ဆံပင်များကို စိတ်မရှည်စွာ ဖြတ်သည်။ “ ငါ့ခေါင်းမှာ သန်းတွေ လင်ယူ သားမွေး၊ လုပ်နေလို့  ဟေ့’’ ဆိုပြီး ဂွကျကျ ပြောသည်။ သန်းလာတွယ်သည်လို့  မပြော။ သူမဆံပင်များက လဲ သန်လွန်အားကြီးသည် ၊ အရှည်မြန်သည်။

စာတွေများလွန်းသဖြင့် အိမ်ပြန်လာတိုင်း စကား ကြာကြာဝိုင်းမဖွဲ့  နိုင်။ သူမစကားပြောလျှင် သွယ်ဝိုက်ဖွဲ့  နွဲ့  ပြီးမပြောတတ်၊ တဲ့တိုးပြောလွန်းသည်။ အဖြောင့်အတိုင်း ပြောလို့  တခါတခါ နားထဲမှာ တော်တော် ဂွ ကျသည်။ မိန်းခလေးတွေ ထဲမှာ အငယ်ဆုံး၊ အိမ်မှာက စီနီယာတွေ ဆူရင်လဲ ခံရတုန်း။ တခါမှ ပြေပြေ ပစ်ပစ် အလှမပြင်တတ်။ ခြေချောင်း လက်ချောင်းလေးတွေ က သေးသေးသွယ်သွယ် နှင့် စိတ်ဓါတ်ကတော့ အရမ်းကြံ့ခိုင်သည်။ ငယ်ငယ်ကတည်း က သူမ အချိန်ဇယားနှင့်သူမ အလုပ်လုပ်တတ်သည်။ ကလေးဘဝ ကတည်းက စာရွက်ကလေး တစ်ခုပေါ်မှာ ယနေ့  လုပ်မည့် အစီအစဉ်များကို ချရေးထားပြီး၊ တကယ်လဲ လက်တွေ့  လုပ်သည်။ ဆုပေးပွဲ မတက်ရသည့် နှစ်မရှိ၊ ပထမ အမြဲရသည်။ မှတ်မိသမျှ တော့ သူမ ဆုမယူရသည့် နှစ်ရယ်လို့  မရှိ။

ကျမ အိမ်ကို holiday အပြန် သူ နေ့  သည့် ဆေးကျောင်း အစိုးရ ဆောင၊် မြောက်ဥက္ကလာသို့  သွားကြည့်သည်။ သူမ ကုတင် အနီး ဘာအဆောင်အယာင်မှ မရှိ ၊ စာအုပ်၊ မုဒုံစောင်၊ခြင်ထောင်၊ အနီးနားမှာ အဆောင်သူတွေ ထုံးစံအတိုင်း ထမင်းပေါင်းအိုး လေးတစ်လုံး ဟင်းချက်စရာ အနည်းငယ်။ စာမှ တပါးဘာမှ ဂရုစိုက်ပုံမရ။ စိတ်ဓါတ်ကို အကြမ်းခံအောင် လေ့ကျင့်ထားပုံရသည်။ တခြားတဘက်မှာတော့ သူမအခန်းဖေါ် ရဲ့  ကုတင် ၊ ဝက်ဝံရုပ်ကြီးများ၊ ခေတ်မှီသော အသုံးအဆောင် များ ၊ နှိုးစက်နာရီ၊ အများကြီး ပြည့်နှက်လျှက်၊ တော်ရုံတန်ယုံ လူသာဆို ၊ ဒီလို နေရာမျိုးမှာ ပညာတခုထဲ မျက်နှာကို ကြည့်ပြီး နေရတာ တော်တော်ခက်မည်။

သူမှ စာတော်တော် ကြိုးစားခဲ့ပုံပေါ်သည်။ အထူးကု တက်ခွင့်ရခဲ့သည်။ နောက် လက်ထောက် ကထိက အဖြစ် နယ်မှ ဆေးတက္ကသိုလ် တခုမှာ တာဝန်ကျသည်။ ငယ်ငယ်က သူမ စက်ဘီး ဖြောင့်အောင် မစီးတတ်ခဲ့။ နယ်မှာ သွားရေးလာရေး ခက်သဖြင့် ဆိုင်ကယ်၊ စက်ဘီးကိုသာ အားကိုးရသဖြင့်၊ အိမ်ပြန် ရောက်တော့၊ မောင်ငယ်နှင့် တူလေးကို စက်ဘီးစီး သင်ခိုင်းသည်။ သူမ အိမ်မှာ ရှိချိန်ဆိုလျှင် တအိမ်သားလုံး ကျန်းမာရေး အတွက် စိတ်ချရသည်။ ဒူးနာတတ်သည့် ဖခင်၊ လေအောင့်တတ်သည့် မိခင်၊ ရင်ကြပ်တတ်သည့် မောင်လေး၊ အစားပုတ်သည့် သူမ ရဲ့  တူ ဝတုတ်လေး တို့  အတွက် FOC ကျန်းမာရေး စောင့်ရှောက်မှု က သူမဆီမှ အပြည့်အဝ ရမည်မို့  စိတ်အေးရသည်။

ကျမတို့  ငယ်ငယ် က ဖျားနာ၊ နေမကောင်းလျှင် အမေက ဆေးကြိတ် တိုက်ပါသည်။ ဆေးကိုကြိတ်၊ ရေ(သို့ ) ဘားပလက် အားဆေးနှင့် ဖျော်ကာ တိုက်ပါသည်။ ခုတော့ အမေ ကိုယ်တိုင် အသက်အရွယ် ရလာပြီး သူမ က သောက်ခိုင်းသော ဆေးကို သောက်ရတော့မည်။ ပုံလုံတလှည့် ငါးဖျံတလှည့် ပေါ့ (ဆိုင်လားမဆိုင်လားမသိ)။ အမေ ဒေါ်ရေခဲတုံး တစ်ယော်ကတော့ ငယ်ငယ်က ဆေးခါးကြီးတွေ တိုက်သမျှ ခုတော့ သူ့  အလှည့်။ (ဆောဒီးပါ မွေးသမိခင်) ဒီကလေးမ ဆေးကုတာ ကျမ မခံဘူးသေး။

ကလေးဘဝက သူမနှင့် အတူ ခုန်ပေါက် ပြေးလွှားကစားရင်း သူမရဲ့  နဖူးမှာ ကျမကြောင့် ဒဏ်ရာ အမာရွတ်စွဲ သည့်  အထိ ဖြစ်ခဲ့သည်။ ဧကဝတ် ပုားလို့  နဖူးက ဒဏ်ရာကို ကြည့်တိုင်း ငါ့ကို နင် သတိရ နေမယ် မဟုတ်လား လို့  နောက်မိသည်။ ဟာသပြောလျင် သိပ်မပေါက်၊ ၂ခါလောက်ပြောမှ နည်းနည်း နားလည်သည်။ စကားပြောလျှင်လဲ တခါမှ ဖွဲ့  ဖွဲ့  နွဲ့  နွဲ့  မပြောတတ်။ တခါတခါ သူ့  လေသံမှာ တောမှ (ဂျီးဒေါ်ကြီး) များလေသံအတိုင်း။

ငယ်ငယ်က သူမကြိုက်တဲ့ ရုပ်ရှင်မင်းသား နာမည်က “ရဲမင်းပိုင်” တဲ့ (ကျမတော့မကြည့်ဘူးပါ)။ ကြိုက်ရသည့် အကြောင်းရင်းက သိုင်းချကောင်းလို့  ပါတဲ့။ ဘုရားတွေမှာလဲ အရမ်းအလှူလုပ်လို့  ပါတဲ့။ နေကြာစေ့ ထုတ်ထဲမှ သူကြိုက်သည့် မင်းသားပုံကို ကြည့်ပြီး ကျမက ကဲ့ရဲ့  တော့ သူက ‘‘ဒီမင်းသားက စိတ်ကောင်းရှိလို့ အလှူလုပ်သည် သူမကတော့ ကြိုက်သည်တဲ့’’ ။

သူမ မဟာသိပ္ပံ ဆက်တက် နေတုန်းက သင်္ကန်းကျွန်း ဆေးရုံမှာ တာဝန်ကျသည်။ ဒီတခါတော့ သူ့  မ ကြိုက်သည့်  ရုပ်ရှင်မင်းသား ‘‘ ရဲမင်းပိုင်” လဲ ရုပ်ရှင်ရိုက်သည် မကြားတော့ ။ ညီအမ နှစ်ယောက် ဆုံမိတော့ ဘယ်မင်းသားကြိုက်လဲ မေးမိတော့ “ကျော်သူ” တဲ့ ။ ရုပ်ရှင်လဲ သိပ် မရိုက်တော့သော၊ တီဗွီမှာလဲ သိပ်မမြင်ရတော့ သော မင်းသားကျော်သူ ဆိုတော့ အံသြပြီးမေးမိသည်။ “ရဲမင်းပိုင်” လိုဘဲ သိုင်း တတ်လို့  လား ဆိုတော့ ဆေးရုံမှလူနာ တို့  စားရန် ထမင်းဟင်း အလှူရှင်မရှိသည့် ရက်တိုင်း “ကျော်သူ” တာဝန်ယူထားလို့  တဲ့။

ဒီမင်းသား တော်တော် စိတ်ကောင်းရှိသည်။ လူမှုရေး တော်တော်လုပ် သည်တဲ့ လေးစားလို့  ဒီမင်းသားကို ကြိုက်ပါသတဲ့။ တူတော်မောင် နှစ်ကောင်တော့ သူတို့  အဒေါ်ပြန်လာမည် ဆိုတော့ ပျော်နေကြမည်။ ဆယ်နှစ်သား တူတော်မောင်က နယ်မှာ ရှိနေသည့် သူမကို ဖုန်းမကြာမကြာ ဆက်ပြီး ရီပို့ တင်တတ်သည်တဲ့။ သူတို့  တွေက သွေးသောက်တူဝရီးဖွဲ့  ထားပုံရသည်။ ကဲဒီလောက်နဲ့  ဘဲနားဦးမည်။ ဂျစ်တူးမ တော့ မျက်ခုံး လှုပ် နေတော့မည်။