Thursday 15 August 2013

အဆင့်အတန်း ဆိုရာဝယ်

ကျနော့ သူငယ်ချင်းတစ်ယောက် တလောက မြန်မာပြည်ပြန်သွားတယ်။ သူက သာမန် ရွှေ့ပြောင်း တောင်ကျော် အလုပ်သမားပါ။ (တောင်ကျော် ဆိုတာ နားမလည်သူတွေ အတွက် - နယ်စပ်ကို ဖြတ်သန်းပြီး အလုပ်လုပ်ခွင့် လက်မှတ် လျောက်ထား အလုပ်လုပ်ကြသူတွေကို တောင်ကျော်လို့ ခေါ်ပါတယ်)။ အလုပ်သမားပေမယ့် မိသားစု က ပညာတတ် (လူမွဲ) တွေမို့   အခြား အောက်ခြေ အလုပ်သမားတွေနဲ့  ပြုမူ ပြောဆို လုပ်ကိုင်ပုံချင်း ကွာပါတယ်။ သူ အလုပ် လုပ်ရတာက စားသောက်ဆိုင်မှာ ထိုင်းတွေနဲ့  တိုးခွေ လုပ်ဆောင်ရတာပါ။ သူ့ ထူးခြားချက်က စကားနည်းပြီး အနေအေးတယ်။ စကားကို တည်တည် တန့် တန့်  ပြောတတ်တဲ့လူမို့   ထိုင်းတွေ မနောက် မပြောင် ရဲ ကြသလို အလုပ်ရှင် ထိုင်း ကိုယ်တိုင်ကလည်း မနှိမ် မချ ဆက်ဆံပါတယ်။ 

ရုပ်ရည် ရူပကာ ကတော့ သာမန် အတန်းထဲကပေမယ့်၊ အသားအရည်၏ ကောင်းခြင်း ဆိုတာ သူမှာ ရှိလေတော့ ဘာဝတ်ဝတ် အဆင့်မြင့်မြင့် အလုပ်သမား ရုပ်က အလိုလိုကို ထွက်နေတာပါ။ အားနည်းချက်ကတော့ သူ စာမတတ်ဆိုပြီး (အမှန်တော့ ဘွဲ့ မရတာ.. သူ စာ အတော်တတ်တယ်ဗျ၊ ဘွဲ့ ရပြီး ဘာမှ မတတ်တဲ့လူတွေလည်း တပုံကြီးပဲဟာ) သူ့ ကိုသူ သိမ်ငယ်တတ်တယ်။

မိသားစုက ဆင်းရဲပြီး နယ်က လာသူမို့  အစားသောက်ပိုင်းမှာ တနင့် တပိုး စားတာ၊ အသံတွေ မြည်ထွက်နေအောင် စားတတ်တာ၊ ဇွန်းခရင်းတွေနဲ့  စနစ်တကျ မဟုတ်တောင် လူမြင်သူမြင် ကောင်းအောင် မစားတတ်တာတွေတော့ ရှိပါတယ်။ အဲ.... အဲ့ဒါ ကျနော်နဲ့  စ သိ တဲ့ အချိန်ပိုင်းလောက်ကပါ။ 

သူ့ အလုပ်မှာ ထိုင်းတွေနဲ့  အတူ ထမင်းစားရင်းက - ထိုင်းတွေ စားပုံ သောက်ပုံတွေ ကြည့်ပြီး သူ့ ကိုယ် သူ ရှက်လာတယ်လို့  ဆိုပါတယ်။ (ထိုင်းတွေကလည်း သူ့ ကို ထမင်းစားရင် မျက်နှာ မရှုံ့တောင် အထင်သေးတဲ့ ပုံစံ တော့ လုပ်ကြတယ်လို့  သူ ရင်ဖွင့်ပါတယ်)။

ပြောရပါဦးမယ်။ ထိုင်းတွေ စားတာ သောက်တာ ကို အသာထားပါ။ ထမင်းဝိုင်းမှာ ဟင်းရည် သောက်ကြတဲ့ ကိတ်စ။ ကျနော်တို့  ငယ်ငယ်ကလည်း မိသားစု ဆုံတဲ့ အခါမျိုးမှာဟင်းရည် ၂ ခွက်လောက်ကိုပဲ ဇွန်းခွဲပြီး သောက်ကြပါတယ်။ တကယ်တော့ကျနော် တို့  မိသားစု ထမင်းဝိုင်းက အကြီးကြီး မဟုတ်လေတော့ ဟိုဟိုသည်သည် မခွဲ ထားတတ်ပါဘူး။ 

ကြီးလာတော့ အလှူအတန်းတွေ ၊ သူငယ်ချင်း အိမ်တွေမှာ ထမင်းစားတဲ့ အခါ၊ ဟင်းရည်တခွက်ထဲ သောက်ရမှာမျိုးကို ကျန်းမာရေးနဲ့  ညီညွတ် ပါရဲ့လား ဆိုတာ တွေးတတ်လာပြီး တတ်နိုင်သမျှ မသောက်ဖြစ်အောင် နေလိုက်ပါတယ်။ ဒါက သူများတကာကို နှိမ်ချ တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဘ၀င်ရူးကြီး ဖြစ်နေတာလည်း မဟုတ်ပါဘူး။

ကျနော် သူများအိမ်တွေမှာ ထမင်းစားတဲ့ အခါ ဟင်းရည်ခွက် သို့ မဟုတ် ဟင်းခွက်တွေမှာ ဘုံ ဇွန်းတွေနဲ့  စားကြ လက်တွေနဲ့  နှိုက်ကြတာမျိုး မြင်လာရင် ဘယ်လောက် ကောင်းတဲ့ ဟင်း ဖြစ်ဖြစ် လက်ရှောင်မိပါတယ်။ စဉ်းစားကြည့်ပါ။ မြန်မာ အယူအဆ နဲ့  မြင်ရင် ကျနော်ဟာ သိပ်ကို သောက်မြင်ကပ်စရာ ကောင်းလောက်အောင် သောက်ဘ၀င် မြင့်နေတဲ့ လူတစ်ယောက်လို့  မြင်ကြပါလိမ့်မယ်။

မဟုတ်ပါဘူး။ မိသားစုချင်း အတူနေ အတူစား အတူ သွားလာ နေကြတဲ့ သူချင်းတောင်မှ ကိုယ့်မှာ ကူးစက်တတ်တဲ့ ရောဂါ ဘာရှိနေလဲ ဆိုတာ မသိနိုင်ပါဘူး။ ဒါအပြင် ကျနော့လို့  သူစိမ်း သူရံမှာ ဆိုရင် ကိုယ့် အကြောင်းကို ဘာမှ မှ မသိပဲဗျာ။ ကျုပ်မှာ အေ ကိုက်ချင်လည်း ကိုက်နေမှာပေါ့။ ဘီပိုး ရှိလည်း ရှိနေမှာပေါ့ဗျာ။ အမှန်တော့ ကျနော် မစားပဲ ရှောင်လိုက်တယ် ဆိုတာ ကျနော့ဆီက ပိုးတွေ သူ့ တို့ ဆီ ကူးသွား နိုင်တယ် ဆိုတဲ့ အတွေး မျိုး ရှိလို့ ပါပဲ။

အကယ်လို့  ဧည့်သည် အိမ်လာတယ် ဆိုရင်လည်း သူ့ အတွက် သပ်သပ် ခွဲစားစေဖို့ သာ လုပ်ဖို့   ကျုပ် တိုက်တွန်းလိုက်ရင် ကျုပ်ကို ၀ိုင်းသမ ကြမလားပဲ။ အမှန်တော့ ကိုယ်မိသားစုမှာ ရှိနိုင်တဲ့ အမြင်နိုင်တဲ့ ပိုးမွှားဆိုတာ ကို ဧည့်သည်ကို မကူးစက်စေချင်လို့ ပဲ ဆိုတဲ့ စေတနာ ကို မြင်မိကြဖို့ လိုပါတယ်။

မြန်မာတွေက ဒါမျိုးကျ သိပ်ကို ပြောချင် ဆိုချင်ကြပေမယ့်၊ တကယ်တမ်း မရွံသင့်တဲ့ နေရာကျမှ တဖက်သားကို သိမ်ငယ်စေတဲ့ အပြုအမူတွေကို ပြုမူကြပါတော့တယ်။ ဥပမာ အားဖြင့်၊ ............... ၊ လူတစ်ယောက် အေကိုက်နေပြီ လို့ သိတဲ့ အချိန်၊ ဘီပိုးရှိတယ်လို့  သိလိုက်ရတာနဲ့   မြန်မာတွေ သောက်အဆင့် အတန်း ခွဲကြပါတော့မယ်။ အတူ သွားလာ လုပ်ကိုင်နေခြင်းဖြင့် အေ မကိုက်နိုင်ပါဘူး ဆိုရင်လည်း သောက်ဦးနှောက်တွေက အမှန်ကို မတွေးနိုင်တော့ပါဘူး။ ရှောင်ကြဖယ်ကြမယ် ....... တဖက်သားကို နှိမ်တဲ့ အပြု အမူ အပြောအဆိုတွေ လုပ်ကြပါတော့တယ်။ 

ကဲ ပြောရင်း ဆိုရင်းနဲ့  လိုရင်းမရောက်တော့ဘူး။ ကျနော့ဘော်ဒါက ထိုင်းမှာ နေရင်း နေပုံထိုင်ပုံ ပြူမူပုံတွေ ပြောင်းလဲသွားရောဗျာ။ သူတို့  ထိုင်းတွေ နဲ့  ထမင်းဝိုင်စားတဲ့ခါမျိုးမှာ ဟင်းခပ်တာ ၊ ၀ါးမျိုးချတာတွေ က အစ သိမ်သိမ်မွေ့ မွေ့  ဖြစ်လာတယ်။ ဟင်းရည် သောက်တဲ့အခါ ဟင်းရည် တစ်ခွက်ထည်း ရှိရင် ဟင်းရည် ခွက်ထဲက ဇွန်းနဲ့  ခပ် ကိုယ့်ထမင်း ပန်းကန်ထဲ ထည့်ပြီးမှသောက်၊ ဒါမှမဟုတ် ကိုယ့်ဇွန်းထဲ ပြောင်းထဲ့ပြီးမှ သောက်တဲ့ အကျင့်မျိုးလေးတွေ ရလာတယ်။ ဒါကို ကျနော် မှန်တယ်လို့  ပြောရင် မြန်မာတွေ လက်ခံကြမယ် မထင်ဘူး။ အတော်ကို ဇီဇာ ကြောင်တယ်လို့  မြင်ကြပါလိ့မ်မယ်။

တကယ်တော့ ကျနော်တို့  ထမင်း အတူစားတဲ့သူတွေဟာ တမိသားစုထဲက လာတဲ့လူတွေ မဟုတ်သလို၊ သူသူကိုယ်ကိုယ် ရောဂါဘယတွေ ဘာကပ်တွယ်နေတယ် ဆိုတာ မပြောနိုင်ကြတဲ့ လူတွေ ဖြစ်ပါတယ်။ ရည်းစားရှိတဲ့လူက နှုတ်ခမ်းချင်း နမ်းတာမျိုး ဒီထက် ပိုတဲ့ ကိတ်စတွေ သူသူကိုယ်ကိုယ် ရှိကြမှာ အသေအချာပါ။ အဲ့ဒီတော့ --- ရောဂါဘယ ခန်ဒါကိုယ်ချင်း အတူသွားလာ စားသောက်ကြတဲ့အခါ သူသူကိုယ်ကိုယ် တိုင်း အတွက် အရံ အတား ဆိုတာတွေ ကို စည်းတား ထားသင့်တယ်လို့  ယူဆမယ်ဆိုရင်ရော..... လက်ခံနိုင်ကြမလား။

နောက်မှ ဆက်မယ်။ စာရိုက်ရ ပျင်းလာလို့ ။

No comments:

Post a Comment