Tuesday 13 August 2013

ဒီမနက် ရင်ဘတ်ကြီး


ဒီ မနက်လည်း ထုံးစံတိုင်းပေါ့။ ၆ နာရီ မထိုးခင် နိုးတယ်။ ၁၅ မိနစ်လောက် မှိန်းပြီး ဇိမ်ခံတယ်။ နောက်တော့ သွားတိုက် အ၀တ်လဲပြီး ပန်းခြံကို ထွက်ခဲ့တယ်။ မိုးရွာထားကာစ မို့  စိမ်းစိမ်း စိုစိုနဲ့  အကုန် ကြည့်ကောင်းနေတယ်။ 

ဘန်ကောက်ရဲ့ လေထုက မဲဆောက်နဲ့  ကွာခြားလွန်းတယ်။ မဲဆောက် လေယာဉ်ကွင်းကို ညနေ ညနေ လမ်းလျောက်ထွက်ရင် သိပ်ကို အကျိုးရှိတာဗျ။ လေက သန့် နေတာပဲ မိုးရွာထားတဲ့ ရက်တွေဆို မြ၀တီဖက်က တောင်တွေပေါ်မှာ တိမ်တွေ ၀ဲ နေတာကိုတောင် လှမ်းမြင်ရတတ်တယ်။ ဘိုတွေဆို သိပ်ကြိုက်တာ.... သူတို့ ကတော့ နေသာမှ လာပြေးကြ၊ လမ်းလျောက်ကြတာများတယ်။

မြို့တော်ရဲ့ မနက်ခင်းမှာ ပန်းခြံလေးထဲက လေထုက တကယ့် အိုအေစစ်ပဲ။ ဒါတောင် ဖုတ်လှိုက် ဖုတ်လှိုက် နဲ့ ရယ်။ ကျနော့နေရာက ရန်ကုန် မြို့ အတိုင်းနဲ့  ပြောရမယ် ဆိုရင် ဆူးလေ နဲ့  မင်္ဂလာဒုံ လောက်ပေါ့။ ဘန်ကောက် မြို့စွန်လို့  ပြောလို့ ရတယ်။ မြို့စွန် ဆိုပေမယ့်လို့  အရာအားလုံး အဆင်ပြေပြေ ချောချောမွေမွေပါပဲ။ ထားပါတော့ ကိုယ့် ရွှေပြည်နဲ့ တော့ မယဉ်ပြလိုတော့ ပါဘူး။


လူ့ ဘ၀ ဆိုတာ ဒီအပင်နဲ့ သိပ်တူတယ်။ အစိမ်းတခြမ်း အဖြူတခြမ်း၊ အလင်းတစ်ဖက် အမှောင်တစ်တဖက်။ သဘာဝတရားဆိုတာ အရောင် ဆိုးစရာ မလိုပါဘူး။ သူ့ ဟာနဲ့ သူ ရှိတတ်ပါတယ်။ မှောင်လွန်းတဲ့ ဖက်ရောက်နေတဲ့ ကျနော်တို့ နိုင်ငံသားတွေ ဘ၀ ရဲ့ အနောက်ဖက်က အဖြူတစ်ခြမ်းလည်း အမြန် တောက်ပ နိုင်ပါစေတော့လား။

မနေ့  မနက်က ပြန်စပြေးတယ်။ ဒီမနက်ကျတော့မှ သတိထားမိတာ.. ပြေးနေကျ လူတွေ အတော်များများ လှမ်းကြည့်ကြတယ်။ ကျနော့ကို သူတို့  မမြင်တာ ၁ လခွဲ ကျော်ပြီမို့ နေမှာပေါ့။ အချို့ကတော့ လှမ်းမေးတယ်။ ဘယ်သွားနေလဲ.. ပျောက်နေတာ ကြာပြီတဲ့။ တတ်သလောက် ပြောပြပြီး စကား မြန်မြန် ဖြတ်ခဲ့တယ်။ ဘယ်သူနဲ့ မှ မခင်ချင်ဘူး။ စိတ်မကောင်းပါဘူး။ ထင်ကြပါစေ ဆက်ဆံရေး ကျဲတယ်လို့ ပဲ။

ဒုတိယ အပတ် ပြေးပြီးတော့ တံတားလေး အကျော်မှာ အဘိုးကြီး တစ်ယောက်နဲ့  အဘွားကြီး တစ်ယောက် စုံတွဲ တစ်တွဲ လမ်းလျောက်နေကြတာ တွေ့ လိုက်တယ်။ အဘိုးကြီးက ခါးလေး ကိုင်းနေတယ်။ ဒုတ်ကောက်လေးနဲ့  ဒါပေမယ့် အဘွားကြီးကတော့ ပိန်ပိန် ပါးပါး သွက်လက်နေဆဲပဲ။ အသက်ကတော့ မတိမ်း မယိမ်း လောက် ဖြစ်မယ်ထင်ပါတယ်။ ဇရာ အရေးအကြောင်းတွေကတော့ ၂ ယောက်လုံးမှာ အရစ်ရစ် အထပ်ထပ်။ 

ကျနော် ဖြည်းဖြည်းပဲ ပြေးလိုက်တယ်။ ကြည့်ရတာ စိတ်ချမ်းသာလို့ ပါ။ အဘိုးနဲ့ အဘွား စုံတွဲ လူမြင်ကွင်းမှာ ဘေးချင်းယှဉ် လမ်းလျောက်နေကြတယ်။ တစ်ယောက်က နှေးတော့ တစ်ယောက်က ဖြည်းဖြည်း လျောက်ပေးတယ်။ နားလည်မှု ကိုယ်စီ ရှိကြပုံပါပဲ။ ၂ ယောက်စလုံးရဲ့ ရင်ဘတ်ထဲ ၀င်ကြည့်လိုက်မိတယ်။ သူတို့ လည်း လမ်းလျောက်နေကြတယ်။ ကိုယ်လည်း ပြေးနေတယ်။ အားလုံးမှာ ပန်းတိုင်ကိုယ်စီ ရှိကြတယ်။ အချိန်တန်ရင် ရောက်အောင် သွားကြရမယ့် ပန်းတိုင်။ ဒါပေမယ့် လူဘ၀ကြီးမှာ သူတို့  ဘေးရောက် မနေကြပါဘူး။ သူတို့  လမ်းလျောက်နေကြတယ်။

လမ်းလျောက်နေရင်း အဘိုးကြီးက တုန့် ကနဲ ဖြစ်သွားတယ်။ နောက် ခြေထောက်ကို ငုံကြည့်တယ်။ ဟုတ်တယ် ဖိနပ်ကြိုးပြေသွားပုံရတယ်။ ဒါနဲ့  လျောက်လမ်းဘေးက ခုံတမ်းလေးနား လျောက်သွားပြီး ထိုင်ရ ထရ ခက်ပုံရတဲ့ အဘိုးကြီးက သူ့ ခြေထောက်လေးကို ဖြည်းဖြည်းချင်းမပြီး ခုံတန်းလေးပေါ် တင်ပေးလိုက်တယ်။ အဘွားကြီးက အနားရောက်လာပြီး ဖိနပ်ကြိုးလေး ပြန်စည်းနှောင်ပေးတယ်။ နောက်တော့ သူတို့  လမ်းဆက်လျောက်ကြပြန်တယ်။

ကျနော်တို့  နိုင်ငံမှာ အဘိုးတွေ အဘွားတွေ ဒီလို အပူအပင်မဲ့ လမ်းလျောက်နိုင်ကြပြီလား။ နိုးးးးးးးးးး........ တ၀မ်းတခါး အတွက် ရုန်းကန်နေရတုန်းပါ။ ဒီမှာ တောင်းစားနေတဲ့ အဘွားကြီးတွေ အဘိုးကြီးတွေ မရှိလို့ လား။ .. ရှိပါတယ်။ သူတောင်းစား ထိုင်း ရှိပါတယ်။ ဒါပေမယ့်..............

သူတို့  တောင်းစားတာ မဟုတ်အောင် သူတို့  အစိုးရက စီစဉ်ပေးထားတယ်။ အဘိုးကြီး အဘွားကြီးတွေ လမ်းဘေးမှာ ထီရောင်းကြတယ်။ မျက်စိ မမြင်တဲ့လူ အတွက် သီချင်းဆိုတတ်အောင်၊ မဆိုတတ်ရင်တောင် အသံနဲ့  တစ်ထပ်ထဲ ကျ ပါးစပ် လှုပ်တတ်အောင် သင်ပေးထားပြီး လမ်းဘေးမှာ ထိုင်ခိုင်းထားကြတယ်။ ဒါတောင်းစားတယ် ဆိုပေမယ့် သူတို့ ရဲ့ စိတ်ကိုယ်ခံစွမ်းအား မြင့်တင်ပေးထားနိုင်တဲ့ အတွက် သူတောင်းစား လုံးလုံး ဖြစ်မသွားကြရှာပါဘူး။  မြန်မာပြည်ရဲ့ လမ်းမတွေပေါ်က အမယ်အိုတွေ အဘိုးအိုတွေ အတွက်ကိုတော့ အင်မတန် ခေါင်းကြီးကြတဲ့ အစိုးရက စီစဉ်ပေးတော့မယ်လို့  ထင် (ကြေးစည်ကွဲထုသလိုပဲ) မိပါတယ်။

ဒီမှာလည်း အဘိုးကြီးတွေ အဘွားအိုကြီးတွေ လမ်းဘေး ဈေးထိုင်ရောင်းတာတွေ ရှိပါတယ်။ ဒါပေမယ့် တ၀မ်းတခါး ကျောင်းနေကြတာ မဟုတ်ပါဘူး။ ကျန်းမာရေး အတွက်၊ ကိုယ့်စိတ်ပျော်ရွှင်မှု အတွက်၊ လူ့ လောက ဘေးကို ရောက်မသွားဖို့  အတွက်၊ လှူဖို့  တန်းဖို့  အတွက် လောက်ပါပဲ။

လောလောဆယ် အတွေးရောက်နေမိတာက.. မြန်မာနိုင်ငံသားတွေရဲ့ (သခင်မျိုးဟေ့ ဒို့ ဗမာ) ဆိုတာကြီးကို ရအောင် ဖျောက်ကြဖို့ ပါပဲ။ မြန်မာတွေကို ဒီလို ဆန်မရှိ သောက်စားကြီး အတွေးအခေါ်တွေ နဲ့  ကြောင်တောင်တောင် ရှင်သန် နိုင်ဖို့ ရာ စစ်အစိုးရ အုပ်ချုပ်စဉ်ကာလက ဦးနှောက်ဆေးခဲ့တာမို့ .. ဒီအတွေးအခေါ် အစုတ် အပဲ့တွေကို ဖဲ့ထုတ်ဖို့  အချိန်တန်ခဲ့ပါပြီ။ သခင်မျိုး မဟုတ်သလို ကျွန်မျိုးလည်း မဟုတ်ဘူးဆိုတာလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ လူထဲက လူ... ဒါပေမယ့် နိုင်ငံတကာရဲ့ အနောက်မှာ နှစ်ပေါင်း ၃၀ လေးဆယ် လောက် နောက်ကျ ကျန်နေခဲ့တဲ့ ကြိုးစားနေဆဲ့ ကြိုးစားဆဲ လူမျိုးလို့  ပဲ..............


No comments:

Post a Comment