Saturday, 11 December 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး Zသိမ်း

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး Zသိမ်း

သုံးလေးနှစ်ကြာသည့်အခါ သူတို့ လုပ်ပေးသမျှဘာမှမကျန်တော့။ ဓါတ်တိုင်များက စောင်းရွဲ့ကာနေပြီ။ သူတို့ တူးပေးခဲ့သည့် အ၀ီဇီတွင်းလဲ ပျက်ပြီ။ လမ်းတွေလဲ မကျန်တော့။ ပြည်သူတွေသွားဖို့  လမ်းမရှိတော့ ဒီရပ်ကွက်ကပြည်သူတွေထဲမှာ နိုင်ငံကို အကျိုးပြုနေကြသူတွေပါသည်။ ကျောင်းဆရာ၊ ဆရာမက ပြည်ထောင်စုရဲ့ မျိုးဆက်သစ်အတွက်၊ ကျန်တဲ့ အစိုးရ၀န်ထမ်း၊ စက်ရုံ အလုပ်ရုံဝန်ထမ်းတွေကရော နိုင်ငံတော် အတွက် တစ်ဖက်တစ်လမ်းက ထောက်ကူပေးနေကြသည်ချည်းမဟုတ်ဘူးလား။ ဒီလူတွေ ရုံး၊ စက်ရုံတွေကို ချောချောမောမော ရောက်အောင် အစိုးရဆိုတဲ့ အဖွဲ့ အစည်းက ဖန်တီးမပေးသင့်ဘူးလား။

နိုင်ငံတာဝန်ကိုထမ်းဆောင်မည့် ပြည်သူတွေက ဗွက်တွေရွံ့တွေ ရုန်းကန်ရင်း တာဝန်ထမ်းဆောင်ရမည့်နေရာကို မပျက်မကွက် သွားနေကြသည်။ အစိုးရ ဘာလုပ်နေသနည်း။

ကျနော်တို့  ပြောင်းပြီး ၅ နှစ်လောက် အကြာမှာတော့ (နအဖ) ၏ လမ်းဆိုတာ လုံးဝကို ပျောက်သွားပြီ။ မီးတွေက မလာလိုက်၊ ပျက်လိုက်၊ ဖြတ်လိုက်၊ မပေးလိုက်၊ ဓါတ်တိုင်တွေက ယိုးဒယားကကနေကြပြီ။ နောက်ဆုံးမှာတော့ ကျနော်တို့  ရပ်ကွက်သူရပ်ကွက်သားများပဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုကိုးကာ မိုးတွင်းကာလ ရေမစိုစေဘဲ ရပ်ကွက်အပြင်ထွက်နိုင်စေဖို့  ကြိုးစားကြရတော့သည်။ ကိုယ့်အိမ်ရှေ့မြောင်းကမြေကို ကိုယ်တိုင်တူးကာ လမ်းပေါ်တင် လမ်းကလေးရဲ့ တ၀က်လောက်ကို မြေအမြင့်ဖို့  ပြီးယာယီလမ်းအဖြစ်သုံးကြသည်။

ကျနော်တို့  မျောက်တွေ ကျယ်ကျယ်ဝန်းဝန်းဆော့ခဲ့တဲ့ လမ်းကလေး အခုတော့ပျောက်ဆုံးသွားလေပြီ။ လမ်းကလေးပေါ်တွင် ယာယီလမ်းပေါက်စိလေး ထပ်ခင်းလိုက်ရသည်။ ထိုလမ်းကလေးပေါ်မှာ ကိုယ်ထူကိုယ်ထ ဂ၀ံများမှာယူခင်းကြသည်။ ဘယ်အစိုးရ ဘယ်စည်ပင်မှလည်းလာမကြည့် မဝေဖန်၊ နွေဆိုလျှင် လမ်းကလေးက အနိမ့်တခြမ်း၊ အမြင့်တခြမ်းဖြစ်နေတော့ ထော်လာဂျီမှ အပ မည်သည့် ကားမျှဝင်၍မရပေ။ မိုးတွင်းကတော့ မပြောသာ။

အခုဆိုလျှင် ကျနော်တို့  လမ်းကလေးနဲ့ ရင်းနှီးခဲ့တာ အနှစ် ၂၀ ကျော်ခဲ့ပြီ။ ကျနော်အိမ်ပြန်ဖြစ်တိုင်း တစ်ခြမ်းနိမ့် တစ်ခြမ်းမြင့် လမ်းကလေးကို မချိတင်ကဲမြင်တွေ့ နေရပေါင်းများနေလေပြီ။ မပြောကောင်းပြောကောင်း မီးဘေးဆိုဘယ်လို လုပ်ကြမတုန်း၊ မီးသတ်ကားဝင်ရန်လမ်းမရှိ.... တစ်ခြမ်းစီဖြစ်နေသော လမ်းလေးပေါ် ဘယ်ကားက မောင်းနိုင်ပါမည်တုန်း။ ကျနော့်စိတ်ထဲတွင်မတော့ တစ်နေ့  တော့ကျနော်ကိုယ်တိုင် လမ်းမကျယ်ကြီးဖြစ်အောင် လုပ်မည်ဟု အမြဲကြွေးကြော်လျက် ရှိနေသည်။

ကျနော်တို့ နိုင်ငံကောင်းစားလာခဲ့လျှင်၊ ကျနော်တို့ အစိုးရအသုံးကျလာခဲ့လျှင်၊ ကျနော်တို့ သယံဇာတ ကျနော်တို့  ကိုယ်တိုင်ရောင်းချခံစားနိုင်ခွင့် ရလာခဲ့သည့် တစ်ချိန်ချိန်မှာတော့ ကျနော်လမ်းကလေးရဲ့ အနာဂတ်တစ်ခုကို လှလှပပတည်ဆောက် မည်ဟု အိမ်မက်မက်လို့ ကောင်းနေဆဲ။ အဲ့ဒီလမ်းကလေးပေါ်မှာ ကျနော်တို့ ရပ်ရွာက နောက်ပေါက်လူငယ်၊ လူစွမ်းတွေ နိုင်ငံကို အကျိုးပြုဖို့  ကျောင်းသားတွေက ကျောင်းသွားကြမည်။ ရုံးသမားကရုံးသွားကြမည်။ စက်ရုံသမားက စက်ရုံသွားကြမည်။ ငွေကြေးချမ်းသာသူ (များစွာ) က ကိုယ်ပိုင်မော်တော်ယာဉ်များစွာဖြင့် နေ့  စဉ်ဖြတ်သန်းသွားလာကြမည့် နေ့ တစ် နေ့  ကို ကျနော် စောင့်မျှော် (ကြိုးစား) နေပါတော့သည်ခင်ဗျား။

Sunday, 5 December 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၃)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၃)

ဒါလဲ ကျနော်တို့  မျောက်တွေစိတ်မညစ်ကြသေး၊ ရေထဲမှာ မျော့ကြောက်ကြောက်နှင့် ဆော့ကြတာ ပျော်စရာပါ။ မိုးတွင်းစပြီဆိုတာနှင့် လယ်မြေထဲမှ ငုတ်လျှိုးနေကြသော ကောက်ရိုးနွယ်၊ စာကလေးခြေထောက်၊ လယ်ပတူ၊ ကန်စွန်း၊ ကညွစ် စသော အတို့ အမြို့များ လမ်းကလေးဘေးတွင်း ပေါချင်းသောချင်း။ ယခင်နေရာဟောင်းမှာ ၀ယ်စားကြရသော တို့ စရာများက လက်တကမ်းကိုရောက်နေကြသည်။ တို့ စရာ ဆင်းခူးလျှင် တရားဝင်ရေထဲ ဆင်းဆော့ခွင့်ကို ရလေသည်။ မျော့ကြောက်သည့် ကြားက ဆော့ကြသည်။

နွေရာသီတုန်းက လမ်းပေါ်ဆော့သည့် အဆော့က မိုးတွင်းရောက်ပြန်တော့ ရေစပ်စပ် မြုပ်နေသော လမ်းပေါ် ကဲကြပြန်သည်။ ဗွက်လူးကျင့်ရှိလာတော့ ဗွက်ကို မရွံမိတော့၊ ကျနော့အသားအရေများလည်း ဂျေးက အထပ်ထပ် ဖြစ်ကုန်သည်။ ရေတစ်ခါချိုးတိုင်း အမေက ပြောသည်… “နင်တို့ မျောက်တွေ အတွက် ရွှေဝါဆပ်ပြာ ပုံးလိုက် ၀ယ်ထားမှ” ဟူ၏။ (အဲ့ဒီကာလတုန်းက ဆပ်ပြာအမှုန့်  တွေ၊ ဆပ်ပြာမွှေးတွေ မပေါများသေး… အိုဆို OSO တို့  အိုမို OMO တို့  ဆိုတာ မြန်မာ့ဆပ်ပြာမှုန့်  ယဉ်ကျေးမှု အစဖြစ်လောက်သည်)။

ဒုတိယမိုးတွင်းအလယ်လောက်ရောက်တော့ န၀တ၏ လမ်းကလေးက လုံးဝ ပျောက်သွားသည်။ ဘုရားစူးလမ်း ဖြစ်သွားလေသည်။ ရပ်ကွက်ထဲဝင်မည့် လမ်းအ၀င်မှစ၍ ရွံ့ကို အဗြင်လိုက် နင်းသွားရသည်။ လမ်းဆိုတာ အမည်နာမ (ပရမာတ်လား၊ ပညတ်လား မသိ) ခေါ်ဆိုရုံသာ ရှိတော့သည်။ ရေတက်သည့် အချိန်ဆိုလျှင် လမ်းကလေးပေါ်မှာ အလုပ်သွား၊ အလုပ်ပြန်၊ ကျောင်းသွား၊ ကျောင်းပြန်၊ ဆွမ်းခံဘုန်းတော်ကြီး၊ ကိုရင်များ၊ ဈေးသွား၊ ဈေးပြန်များ မျက်ကန်းလမ်းလျောက်သလို စမ်းတမ်းစမ်းတမ်းနှင့် လမ်းလျောက် ကြရသည်။ မိုးလင်းသည်နှင့် လမ်းပေါ်မှာ ရေတဗွမ်းဗွမ်းသံ ကြားရပြီ။

ဒီလိုဒီလိုနှင့် မိုးတွင်းများစွာကို လမ်းကလေးပေါ်ဖြတ်သန်းရင်း ကျော်လွှားခဲ့ကြသည်။ လမ်းကလေးက န၀တ၏ လမ်းမဟုတ်တော့။ ကျနော်တို့  သိတတ်စအရွယ်မှ စ၍“ကိုယ်အားကိုကိုး” ဆိုသည့် စကားလုံးလေးက တော်တော်လေး ရင်းနှီးလာသည်။ ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်း၊ ကိုယ့်အားကိုယ်ကိုး ကျောက်ခင်းလမ်း၊ ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်း၊ ကိုယ့်အားကိုယ်ကိုး သောက်ရေတွင်း အ၀ီစိတွင်း၊ ကိုယ့်အားကိုယ်ကိုး.... etc; တွေ နိုင်ငံ့ကိုယ်စားပြု ရုပ်မမြင် အသံမကြားတွေ မှာပါပေါ်တင်ကိုပြသည်။ ကိုယ့်အားကိုယ်ကိုး ကို ကိုးရမည်လို့ များ အစိုးရက ဆိုလိုလေသလားမသိ၊ ကိုယ့်အားကိုကိုးမှုတွေကို ပေါပေါသီသီ အားပေး မြောက်ပင့်ပေးသည်။ အစိုးရဆိုတာ ပြည်သူ့ အတွက် အခန်းကဏ္ဍ မရှိသလောက် ဖြစ်သွားသည်။

အခုခံစားမိတာက ကျနော်တို့ ပြည်သူတွေကို အစိုးရကနေရာချပေးသည်။ ထိုနေရာကောင်း၏ မကောင်း၏ ဆိုတာ ပြည်သူနှင့်ပဲ ဆိုင်ပါသည်လောပေါ့။ ဟုတ်သည်ပဲလေ.. သူတို့  ကနေရာသိမ်းသည်။ ပြောင်းခိုင်းသည်။ နေရာသစ်ကိုအတင်းအဓမ္မရွေ့ပြောင်းခိုင်းသည်။ တာဝန်ကျေရုံလမ်းကလေးခင်းပေး၊ ဓါတ်ကြိုးလေးသွယ်ပေး၊ အ၀ီဇိတွင်းလေး တစ်တွင်းနှစ်တွင်းတူးပေးသွားတာလောက်ပဲ .... ပြည့်စုံသွားပြီဟုထင်နေကြသည်။

စာလေးသွားပြီ (၂ပိသာလောက်) ..... နောက်တစ်ပိုင်းဆိုပြီးပါပြီ...... အဟီး တောင်းပန်းထားတာ

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၂)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၂)

အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီရောက်လာပါလေပြီ။ ကျနော်တို့  မျောက်တအုပ် အိမ်ထဲကနေ အိမ်အောက်ဆင်းဖို့  မဖြစ်နိုင်တော့။ လယ်ယာမြေပေါ် နေရာချပေးတဲ့ အစိုးရကို မေတ္တာ အတုံးလိုက် အခဲလိုက် ပို့  ဖြစ်ကြပြီ။ န၀တရဲ့ရပ်ကွက်အသစ်လေးထဲကို လယ်ထဲရေ၀င်နေကျ ထုံးစံအတိုင်း မိုးရေ ချောင်းရေက သစ္စာမပျက် ၀င်ချလာသော ခါဝယ်………. တွံတေးသိန်းတန်ရဲ့ သီချင်းလေး ကို သတိရမိသည်… “မိုးရေတက်ရေ တဖွေးဖွေး ကွင်းကျယ် အဝေးဝေး…. လယ်စောင့်တဲလေး ခြေတံရှည် မိုးကုတ်အောက်မှာတည်… ကြာညိုတစ်ပွင့် ဖြူတစ်ပွင့် တဲနှင့် ပနံ တင့်တယ်ရယ်လို့ … ”

သဲဆန်ပြီးရေမ၀ပ်တဲ့ မြေပေါ်နေလာခဲ့တဲ့ လူတွေတစ်ခါမှမကြုံဘူးသော ရေပြင်ဖွေးဖွေးနှင့် မိမိတို့  စံမြန်းရာ ရပ်ကွက်သစ်ကြီးရဲ့ ထူးခြားတဲ့ အတွေ့ အကြုံကို ခံစားသိမြင်လာပြီ။ ယခင်နေရာဟောင်းမှာနေသလို မြေစိုက်အိမ်နှင့်နေသူများ မှာ လယ်မြေရေတက်လာတာကြောင့် အိမ်ထဲက အိုးခွက် အသုံးအဆောင်မှန်သမျှ ရေပေါ်ဘောလောပေါ်နေတာကို လိုက်ဆယ်ကြလေသည်။ နွေရာသီတုန်းက ဘယ်နားပုန်းနေမှန်း မသိတဲ့ ကိုရွှေဖားများ၊ ခရုများ အော်မြည်သံများနှင့် အသက်ဝင်နေလေတော့သည်။

ကျနော်တို့  မျောက်တစ်သိုက် ကျောင်းမဖွင့်သေးတာနှင့် အိမ်ထဲကုတ်နေကြရသည်။ အောက်ဆင်းပြီးလဲ မဆော့ရဲသေး။ မျော့များက အိမ်ပေါ်ကကြည့်ရင်တောင် မြင်နေရသည်။ ကျနော် မျော့ ကို ကြောက်တာထက် ရွံတာလို့  ပြောရင်ပိုမှန်မည်။ စားဖို့ သောက်ဖို့  မဖြစ်မနေ လမ်းထွက် ဈေးသွားကြရသည့် လူကြီးများ ခြေထောက်မှာ မျော့တွေ ကပ်ပါလာတတ်သည်။ ကျနော်တို့  သောင်းကျန်းနေကျ ရှစ်ဆယ်ဒီဂရီ (ဂ၀ံ) လမ်းလေးမှာလဲ ရေပြင်ပါးပါးအုပ်ခံထားရသည်။

နွေတုန်းက ဂ၀ံဖုန်မှုန်များဟာ ခုတော့ ရွှံ့ဗွက် တွေ ဗျစ်စိ ဗျစ်စိနှင့် ဖြစ်လို့ နေပြီ။ မိုးဦးကျချိန် လမ်းဗွက်ထချိန် ဒီအရပ်ဒေသနှင့် အကျွမ်းမ၀င်သေးသော လူများ အတွက် လမ်းကလေးပေါ်မှာ တဗိုင်းဗိုင်းလဲကြသည်။ ကျနော်တို့ လဲ လဲတာပါပဲ။ တစ်လလောက်နေမှ လူတွေ ဗွက်လမ်းကလေးနှင့် အသားကျသွားကြသည်။ သိပ်လဲမကျကြတော့။ လမ်းကလေး၏ မြေနိမ့်ပိုင်းနေရာတွေမှာ မိုးရေ တက်ရေများ ဖြတ်စီးနေကြသည်။ ကျနော်တို့  ကလေးတွေ အတွက်တော့ အဲ့ဒီလို နေရာလေးများက အထူးအဆန်း။ လူသွားလူလာ နည်းလျှင် အဲ့ဒီနေရာလေးတွေမှာ ရေကြည်လင်နေတတ်သည်။ ငါးကလေးတွေ ဟိုမှသည် ကူးခတ်နေကြတာ လှသည်။ မျော့မှ အပ ပေါ့ဗျာ..။

အိမ်ဝင်းက အိမ်ရှေ့လမ်းထက် နိမ့်တော့ ရေ၀ပ်တာပိုဆိုးသည်။ ရေစတက်ချိန်မှာ ရေနောက်ပေမယ့်လို့  ရေတက်ပြီး ၃ ရက်လောက်ရှိသည်နှင့် ကြည်လင်လာပြီ။ အိမ်အောက်မှာ ငါးကလေးတွေ ကူးခတ်နေတာကို မြင်ရသည်။ ကျနော်တို့ မျောက်တွေ အတွက်တော့ အထူးအဆန်းတွေချည်းပဲ။ ငါးသားပေါက်ကလေးများနှင့် ငါးအမေကြီးအုပ်လိုက် ကူးခတ်သွားကြတာကို သေသေချာချာ မြင်နိုင်သည်။

ပထမတစ်နှစ်လောက်ထိတော့ န၀တ၏ လမ်းကလေး အကုန်ရေအောက် မရောက်သေးပါ။ နိမ့်သည့်နေရာများသာ ရေကျော်သည်။ ကျန်တဲ့နေရာကတော့ ဗွက်တသောသောနှင့်။ နွေတုန်းက ဖုန်မှုန့်  တသောသောနှင့် လမ်းကလေးဟာ မိုးတွင်းရောက်တော့ သူနှင့် မဆိုင်သလို လဲလျောင်းလျက်သာ။ ပထမ တစ်မိုးကုန်သွားသည်နှင့် လူတွေ လမ်းကို ဖို့ ရ ပြုပြင်ရကောင်းမှန်း သိလာသည်။ အုတ်ခဲကျိုးများနှင့် ဖို့ ကြ ခင်းကြ ဖာကြထေးကြသည်။ သို့ သော် နွားလှည်းများ၏ဒဏ်၊ အုတ်ခဲကျိုးများ၏ ကွာလတီကြောင့် မိုးရောက်သည်နှင့် ဗွက်တွေ ချည်းဖြစ်ကုန်လေသည်။

ဒုတိယနှစ်မှာတော့ ကျနော်တို့  မျောက်တွေပါ အီစိမ့်ကုန်ပြီ။ ကျောင်းပြန်ဖွင့်ပြီဆိုတော့ အရင်လို မျော့ကြောက်လို့  ဆိုပြီး အိမ်မှာ ကပ်နေလို့  မရတော့။ တဗိုင်းဗိုင်းလဲ ကျပြီး ကျောင်းကို ရောက်သည်၊ မျော့ကပ်လို့  ပြေးလွှားရင်း ကျောင်းကို ရောက်သည်။ န၀တ၏ လမ်းကလေးက ဒီလို ရသ စုံလင်စွာ ပေးသည်။ အိမ်ပေါ်ကဆင်းသည်နှင့် ရေထဲရောက်သည်။ ရေတဗွမ်းဗွမ်းနှင့် ကူးပြီးမှ အိမ်ရှေ့လမ်းပေါ်ရောက်သည်။ အိမ်ရှေ့လမ်း မှ ဗွက်အိုင်လေးတွေ ကျော်ရင်းလွှားရင်း ကျောင်းသွားရသည့် ရက်များ မမေ့နိုင်စရာ။ မူလတန်း ကျောင်းက ကျနော်တို့  ရက်ကွက်နှင့် သိပ်မဝေးလှသဖြင့် ပြသနာမရှိ၊ အထက်တန်းကျောင်း နှင့် တက္ကသိုလ်တက်သူများအတွက်တော့ မစားသာလှ။ ကျနော်တို့  ဘဲချေးတန်းများက လမ်းမှာချော်လဲရင် အိမ်ပြန် အ၀တ်လဲ နိုင်ပေမယ့် သူတို့ အတွက်တော့ မလွယ်ချေ။ ချော်မလဲ ရင်တောင်မှ ကားမှတ်တိုင်ကိုရောက်ရင် ခြေထောက်မှာ ရွှံ့အလူးလူးနှင့်။

google မှပုံများရယူပါသည်။
ဆက်ပါဦးမည်.......

Saturday, 27 November 2010

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၁)

ကျနော်နှင့် အိမ်ရှေ့လမ်းကလေး အပိုင်း (၁)

ကျနော်တို့ မြို့ကလေးက ရန်ကုန်နှင့် မိုင် (၃၀) ပဲဝေးသည်။ မြို့ကလေးဆိုတာထက် မြို့တန်းရှည်လေးပါ။ န၀တ အစိုးရလက်ထက်မှာတော့ ဘာတွေ စိတ်ကူးရသည် မသိ … မြို့တန်းရှည်လေးကို မြို့အ၀ိုင်းကြီးဖြစ်အောင် အိမ်တွေ ဖျက်ခိုင်း၊ ရွေ့ခိုင်းပြီး လူတွေ စုပစ်လိုက်သည်။ ဦးခင်ညွှန့် ၏ မြို့ပြတည်ဆောက်ရေးမူ ကို အကောင်အထည်ဖော်ကြခြင်းဟု မှတ်သားဘူးသည်။ ကျနော်တို့  အိမ်လဲ ပြောင်းရသည်။ ကျနော်တို့  ခြံက အကျယ်ကြီးပါ… ခြံဟိုဖက်ထိပ် သည်ဖက်ထိပ် ကုန်းအော်ကြည့်.. အသံသာပျောက်သွားမည်… ကြားရမှာမဟုတ်။ ကျနော်တို့  မြို့သစ်ကို ပြောင်းတော့ ပေ (၄၀ ٭ ၆၀) မြေကွက်ကလေးပဲ ပြန်ရသည်။ လယ်ကွင်းတွေကို သိမ်းပြီး၊ လယ်မြေမှာ နေရာချပေးသည်။ ကျနော်တို့  အရင်နေရာက သဲမြေ၊ မိုးရွာပြီးလျှင်ရေမတင်၊ ဗွက်မထ။ နေရာသစ်မှာတော့ လယ်မြေ ဖြစ်သည့်အတွက် မိုးတွင်းရောက်လျှင် ရပ်ကွက်ထဲမှ ကတ္တရာလမ်း (ကားလမ်းမ) ကို ဗွက်မပေပဲ ရောက်နိုင်သည့် နည်းလမ်းမရှိချေ။ အဲ့ဒီမှာ ကျနော်ပြောချင်တဲ့ လမ်းကလေး ဇတ်လမ်းစချေပြီ။

နေရာသစ်အကြောင်း အနည်းငယ် မိတ်ဆက်ပေးချင်သည်။ ဟိုးအရင် ဘိုးဘွားပိုင်လယ်ကွင်း မြေတွေ ဖြစ်သောကြောင့် တောအရပ်ဒေသဖြစ်ကာ လူသူပြတ်သည် (ကျနော်တို့ မပြောင်းလာခင်က)။ လူသတ်ပြီး လယ်ကွင်းတွေမှာ လာပြစ်ထား၊ အမှုမပေါ်ဟု နာမည်ကြီးသည်။ ရပ်ကွက်ထိပ်က ဘုရားကြီးဘေးက ဖြတ်သွား၊ ဆေးလိပ်တောင်းသည့် မျက်စိရဲရဲ ကြီးလဲ ခဏခဏ တွေ့ နိုင်သည် ဆိုဘဲ။ မြေကြီးက မိုးတွင်းမှာ ရွှံ့က ပေါင်လောက် ဒူးလောက်၊ နွေရောက်လျှင် ဖုံက ခြေမျက်စိဖုံးသည်။ ပက်ကြားအက်တွေ နှင့် ပြည့်နေသော လယ်ကွက်မြေကို ရုပ်ရှင်ထဲမှာ မြင်ဘူးကြပေမည်။ နေရာဟောင်းတွင် ရေတွင်းတူး၍ သောက်သုံးရေ ရနိုင်ပေမယ့် နေရာသစ်မှာတော့ ၅ပေလောက်တူးရုံနှင့် ရွှံ့ရေထွက် သဖြင့် ရေတွင်းတူးသည့် အကြံကို လက်လျော့လိုက်ကြသည်။

သောက်ရေအတွက် ရပ်ကွက် အသစ်နားမှ ဘုရားကြီးဘေးက ကန်ကို လောလောဆယ် အသုံးပြုကြသည်။ ကတ္တရာလမ်းဘေးက တိုက်အိမ်တွေကလူတွေ ခုတော့ ယာယီတဲသာသာ နန်းတော်လေးတွေမှာ စံမြန်းကြပြီ၊ သောက်ရေအတွက် ညနေဆိုလျှင် ဘုရားကြီးနားကို ရေအိုးလေးများ ကိုယ်စီရွက်ကာ သွားကြပြီ။ ရေတွင်းရေကန် လှူလေ့ရှိသော ရှေးလူကြီးများကိုပင် ကျေးဇူးတင်နိုင်ကြသည်။ ကျနော့ အရွယ်ငယ်လွန်းသဖြင့် သမိုင်းနောက်ပြန်ဆွဲခြင်းတွေ ဘာညာတွေ မသိ။ လူကြီးတွေ နေဖို့ ထိုင်ဖို့  စားဖို့  သောက်ဖို့  လုံးပန်းနေရသဖြင့် ကျနော်တို့  စိတ်ကြိုက်ကဲနိုင်တာပဲ သဘောကျနေကြသည် (ကြီးလာမှ ရိပ်မိသည်… ခေတ်ပျက်တာဆိုတာ ဒါပဲလို့ ) ။ ကဲ လမ်းကလေး အကြောင်းဆက်မည်။

ရပ်ကွက်အသစ်တည်ပေးတော့ အစိုးရက လမ်းတွေ၊ ဓါတ်မီးတိုင်တွေ လာလုပ်ပေးသည်။ ကျနော်တို့  အိမ်ရှေ့လမ်းက ရပ်ကွက်ရဲ့ လမ်းမလို့  ဆိုနိုင်သည်။ ဘာ့ကြောင့်မှန်းတော့ မသိပါ။ လူသွားလူလာများသည်။ နဲနဲ စည်ကားသည်ပေါ့။ ဂ၀ံတုံး တွေ နှင့် အစိုးရက လမ်းလာခင်းသည်။ ဂ၀ံက လမ်းခင်းဖို့  မလောက်ရသည့် အထဲ အိမ်ထဲက လူတွေက ညဖက်မှာ ဂ၀ံတွေကို ခြံထဲ ခိုးသွင်းသည်။ မြန်မာတွေ မှာလဲ အဲ့သာတွေ ခက်လှသည်။ မိုးတွင်းမရောက်သေးတော့ လူတွေ စိတ်ထဲ မပူပန်မိတာလဲ ပါနိုင်သည်။ ဒါနှင့်ပဲ အစိုးရခင်းပေးသော ပက်ကြားအက်ပေါ် ဂ၀ံခဲ (ခပ်ကျဲကျဲ) တင်ထားသည့် လမ်းကလေး ဖြစ်လို့  လာသည်။ ဒါက လမ်းကလေး ရဲ့ အစ။

အဖေတို့  လူကြီးတွေကတော့ ပြောကြသည်၊ နောင်လမ်းမြေကြီးအသားကျလျှင် ကျနော်တို့  လမ်းကို အရင်ဆုံး ကတ္တရာခင်းပေးမှာတဲ့၊ (ကျနော်တို့  လမ်းက လမ်းမတန်းဖြစ်သည်လို့  ပြောတာပဲ)။ ဒါတွေမသိ၊ ကျနော်တို့  ကလေးတွေ ကတော့ ရပ်ကွက်သစ်၊ နေရာသစ်၊ အိမ်အသစ် (တဲသာသာယာယီအိမ်)၊ လမ်းအသစ် (ပတ်ဝန်းကျင်ကတော့ အဟောင်းပါ တရပ်ကွက်လုံး မင်းမိန့် နှင့် ရွေ့  ရသည်ကိုး) မှာ ပျော်လို့  ဆော့ကစားနေကြပြီ။ ယခင်ဆော့စရာ လူနည်းပါးလှတဲ့ ပတ်ဝန်းကျင်ကနေ၊ လူသူ (Over Crowed) ဖြစ်တဲ့ နေရာသစ်က လမ်းအသစ်လေးတွေဟာ ကျနော်တို့  ကလေးတွေ အတွက် ကစားကွင်းဖြစ်လို့ နေပြီ။

စပြောင်းရသည့် အချိန်က နွေရာသီ၊ ကျောင်းတွေက အရေးအခင်းကြောင့် ပိတ်ထားသည်။ ဆူမည့် ဟောက်မည့် လူကြီးတွေက ကိုယ်တွေကို လှည့်မကြည့်အား.. နေရေးထိုင်ရေး စားရေးသောက်ရေး အတွက် စိုးရိမ်ပူပန်ကာ လုံးပမ်းနေကြချိန်။ ကိုယ့်အတွက်တော့ အင်္ဂလိပ်အခက် ဗမာ အချက်ပေါ့လေ။ ကျနော်တို့  အတွက် အခက်ဖြစ်လာမည်ကို လုံးဝ ကြိုမသိခဲ့ပေ။ နေ့ လည်နေ့ ခင်းဆိုလျှင် လယ်ကွင်း နေ ကျဲကျဲတောက် ပူသဖြင့် လူကြီးကော ကလေးပါ အပြင်မထွက်ကြ။ တဲသာသာ နန်းတော် ကလေးတွေထဲမှာ အောင်းကြရသည်။

နေနဲနဲစောင်းသည်နှင့် ကျနော်တို့  မျောက်လောင်းတစ်သိုက် ကဲကြပြီ။ လမ်းအသစ် ကလေးပေါ်မှာ စိမ်းပြေးလိုက်တမ်း၊ ကျောက်ရုပ်၊ ကျောက်ဖျက် ကစားတမ်း၊ လောက်စလုံးပစ်တမ်း၊ တူတူ ပုန်းတမ်း အမျိုးစုံအောင်ကစားကြသည်။ ရိုးပြတ် (စပါးရိတ်ပြီးနောက် ကျန်ခဲ့သည့် စပါးပင်ပြတ်) များဖြင့် အိမ်ဆောက် ပြိုင်ကြသည်။ လမ်းဖြစ်သော်လည်း ကလေးများအတွက် အန္တရာယ်ရှိမည့် ကား၊ ဆိုင်ကယ် ဆိုတာ စိုးစိမျှ သွားလာခြင်း မရှိသော လမ်းကလေးဖြစ်သောကြောင့် မည်သည့် လူကြီးမျှ တားဆီးခြင်းမပြုကြ။

ညဖက်ရောက်လျှင် လရောင်အောက်မှ လမ်းကလေးပေါ် ကလေးတသိုက် စုမိကြပြန်သည်။ ညဖက်မှာတော့ ပြေးလွှားခြင်းများရပ်၊ သရဲ အကြောင်းပြောခြင်း၊ ပုံပြင်ပြောခြင်း များဖြင့် အိမ်ရှေ့လမ်းကလေး ပေါ် မျောက်လောင်းတသိုက် အကဲမပြတ်ကြ။ ဒီလို နေ့ စဉ်နဲ့  အမျှ ဆော့ကစားလာလိုက်တာ အစိုးရ၏ ဂ၀ံ များလည်း မှုန့် မှုန့်  ညက်ညက်ကြေပြီ။ ဖုန်တသောသောနှင့် နွေရာသီ ပသာဒ အပြည့်။ ကျနော်တို့  အိမ်ရှေ့လမ်းက ရပ်ကွက်လမ်းမ ဟုသတ်မှတ်သည့် အလျောက် ဝေးလံလှသော ကရင်ရွာတွေ မှ လှည်းတွေ အိမ်ရှေ့လမ်းကလေးကပဲ ဖြတ်သည်။ (အမှန်က သူတို့ ဖာသာ ဒီနေ ရာကို စိတ်ကြိုက်ဖြတ်သန်းသွားနေကြပါ၊ ကျနော်တို့  ရပ်ကွက်ကို န၀တ က ဖန်တီးလိုက်တော့ သူတို့  အတွက် လမ်းသာရာကို ရွေးသွားကြခြင်းသာ။ ကလေးတသိုက်ဆော့လို့  မွမွ ကြေနေတဲ့ ဂ၀ံ ခဲလေးတွေဟာ လှည်းနင်းလိုက်တဲ့ အခါ အတားအဆီးမရှိ ဖုန်ထု ဖြစ်လေတော့သည်။

ကဲ…… လာပါချေပြီ.. အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီ။ မိုးတပြိုက်ခန့်  စရွာသည်နှင့် အိမ်ရှေ့လမ်းမက ဖုန်များ မြေလပ္ပာယ်နှင့် တွေ့ သည့် မြွေအလား ငြိမ်ကျသွားသည်။ သုံးဥတု သုံးရာသီပိုင်ဆိုင်သည့် ရွှေတိုင်းပြည်ဖြစ်သော ကြောင့် မိုးက တပြိုက်ထဲနှင့် မပြီး၊ အပြုံလိုက် အအုံလိုက် ရွာကျလေသော အခါဝယ်……..

Google.com မှ ဓါတ်ပုံရယူပါသည်။
ဆက်ပါဦးမည်....

Monday, 9 August 2010

ကျနော်တို့ ဆဲလ်ဖုန်းလေးရောင်းဖို့ ကြိုးစားခဲ့စဉ်က.....










“ဟလို.. ဟလို… ဟလို………. ဟဲလို….. တောက်… ဒီဖုန်းစုတ် တွေကတစ်မျိုး” အချိန်ကား ၂၀၀၄ ကာလကုန် ဆုံးလို့  ၂၀၀၅ သို့  ကူးသည်အချိန်ကာလ ဖြစ်ပေသည်။ နေရာကား ရေမီးရှားနိုင်ငံ ရန်ကုန် ရွှေမြို့တော်ကြီးရဲ့ အထင်ကရ လူသူရှုပ်ထွေး ပွေလီရာနေရာ ဖြစ်ပါသည်။ ကိုချုချာ့ခင်ဗျာ ဘေးဝိုင်းက လူတွေကိုလဲ အားနာမိသည်။ ဘေးကပ်ရပ် ၀ိုင်းမှာ အသားဖြူဖြူ သားသားနားနား အသက် ခပ်လတ်လတ် အန်တီကြီး တစ်ယောက်၊ အနောက်ဖက်ဝိုင်းမှာက လွင်မိုး လေထိုးထားတဲ့ ဥပဓိရုပ် မျိုးနှင့် အန်ကယ်ကြီးတစ်ယောက်။ ကိုယ့်ဖုန်းပြောသံ (အော်သံ) ကြောင့် သူတို့  စိတ်အနှောက်အယှက် ဖြစ်မည်လေ။

ကိုယ်ဖုန်းကလဲ ရန်ကုန်မြို့လယ်ခေါင် လောက်မှာတောင် အသံက စက်ရုပ်သံ တဂွီဂွီ ထွက်နေသည်။ ဖုန်းထပ်ဝင်လာပြန်ပြီ၊ “ဟလို.. ဟလို… ဟလို………….. ဟဲလို………” တဖက်က အသံက ပြတ်တောင်း ပြတ်တောင်းနှင့် “ဂေါ်ဂွီ” ဆိုတာတွေက ပါသေးသည်။ သေချာတာတော့ ကိုယ်ချိန်းထားတဲ့ ပွဲစား အသံ၊ ဒီအသံကို မှတ်မိနေသည်။ ခက်တာက သူဘာပြောနေမှန်း ကိုချုချာ လုံးဝ ခန့်  မှန်းလို့ မရပါပေ။ သီးမခံနိုင်တော့တာ နဲ့  ဖုန်းချလိုက်သည်။ ကိုယ့်ဘာသာ စိတ်မလုံတာရော၊ ပတ်ဝန်းကျင်ကို အားနာတာရော မလုံမလဲ စိတ်နှင့် ဘေးဘီင်္ကို ကြည့်မိသည်။ မည်သူမှ အိနြေ္ဒမပျက်၊ အေးဆေးပဲ အားလုံး သူ့ အာရုံနှင့်သူ၊ ကိုယ့်ရဲ့ ကျွဲမှီးတိုတို အော်သံ “ဟဲလို………..” က သူတို့  ကိုအနှောက်အယှက် ဖြစ်စေဟန်မတူ။ အနောက်ဖက်ဝိုင်းက အန်ကယ်ကြီးဆို မုန့်  ဟင်းခါး စားပြီးလို့  “လက်ဖက်ရည် ကျစိမ့်-၀မ်း” လို့ တောင်အော်လိုက်သေးသည်။ အန်တီကြီးကတော့ မှန်သေးသေးလေး ကို ခိုးထုတ်ကြည့်ပီး မိတ်ကပ် အနေထား ကြည့်လိုက်သေးသည်။ နောက် လက်ဖက်ရည်လေး တကျိုက်ငုံပြီး (သောက်သည်ဟု သုံးရန်မသင့်တော်ပါ၊ အာစွပ်ရုံ ငုံမှသာ လက်ဖက်ရည်သောက်သည် မည်၏) ဆိုင်ကဖွင့်ထားသော တေးသွားနှင့် လက်ချောင်းလေးများကို စည်းချက် ကိုက်နေသည်။

ကားမှတ်တိုင်ကို ကြည့်လိုက်တော့ ခပ်သန့်  သန့်  လူငယ်တစ်ယောက်၊ ဆဲလ် ဖုန်း တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ ထိုင်လိုက် ထလိုက် နှင့် ဂနာမငြိမ်၊ ထိုင်ချလိုက် ဟိုကြည့်ဒီကြည့်၊ ဟိုရှာဒီရှာ သလို လုပ်လိုက်၊ ပြန်ထလိုက် ဟိုကြည့်ဒီကြည့်၊ ဟိုဖက်လှည့် ဒီဖက်လှည့် လုပ်လိုက် တစ်ယောက်ထဲ အလုပ်ရှုပ်နေသည်။ လိုင်းကမိပုံ မပေါ်။ နောက်တော့ ဘယ်လို အဆင်ပြေသွားသည်မသိ ကုန်းကုန်းကွကွ နှင့် ရယ်ကာမောကာ စကားတွေ ပြောလို့  နေသည်။ အော်.. သူလဲ ကိုယ့်လို “ဆဲလ် ဖုန်း” ပိုင်ရှင် တစ်ယောက်ပါပဲလား။ ၁၀ မိနစ်လောက် ကုန်းကုန်းကွကွ စကားပြောပီးတော့ သူ ခါးပြန်ဆန့်  သည်။ ခါးလဲ နာသွားပုံရသည်။ အော် “ဆဲလ် ဖုန်း ဒုက္ခ” ပါလား။ကိုချုချာ ကိုင်တဲ့ဖုန်းက “Cellular” လို့  ခေါ်ကြတဲ့ ဖုန်းအမျိုးအစားပါ။ ၂၀၀၂ ခုနှစ်နောက်ပိုင်းမှာ GSM ဟန်းဖုန်း တွေ ချပေးပြီးတဲ့ နောက်ပိုင်း သိပ်အသုံးမ၀င်တဲ့ ဖုန်းမျိုးတွေဖြစ်သွားပါပြီ။ SMS ပို့ လို့ မရ၊ လိုင်းက G ဖုန်းလောက်မမိ ဆိုတော့၊ ဟန်းဖုန်းတွေ ထဲမှာတော့ စီနီယာ အိုကြီးတွေ ဖြစ်သွားပါပြီ။ GSM ဖုန်းလို SIM ကဒ် ထဲ့ ရတဲ့ ဖုန်းမဟုတ်ပါ၊ ဟန်းဆက် ၀ယ်ပြီးရင် ကုမ္ပဏီက ကုဒ်နံပါတ်ရိုက်ထဲ ပေးလိုက်တဲ့ ဖုန်းအမျိုးအစားပါ။ ကိုချုချာ့ဖုန်း ဟန်းဆက်ကတော့ ၂ သိန်းခွဲတန် Sam-sung အမျိုးအစားပါ။ ဟန်းဆက်လေးက ဈေးကောင်းတာကြောင့်လဲ အခု ဖုန်းရောင်းမယ်ဆိုတဲ့ခါ ပွဲစားက ၂ ရက်အတွင်း ရောင်းထွက်စေရမယ်လို့  အာမခံပြီး ဈေးစကားပြောကြဖို့  ချိန်းတာပဲ။

မြန်မာပြည် အခေါ်အရဆိုရင်တော့ “နိုင်းနိုင်း(၉၉)” ဖုန်းလို့ လဲ ခေါ်ကြပါသေးတယ်။ ၀၉-၉၉ နဲ့  စတဲ့ ဆဲလ်ဖုန်းတွေပါ။ ၂၀၀၂ မတိုင်ခင် ကတော့ သူတို့  ကသူဌေး လက်စွဲတော်တွေပေါ့ဗျာ။ သိန်း ၄၀ လောက် က အနိမ့်ဆုံးပဲ။ “Cellular” ဖုန်းတွေတင် လိုင်းမမိတာလား ဆိုတော့ လက်ရှိ G ဖုန်းတွေ လဲ အလားတူပါပဲ။ လိုင်းက ကြပ်တာနဲ့ ၊ မကောင်းတာနဲ့ ၊ ပျောက်တာနဲ့ ၊ အေရိယာ ပြင်ပရောက်တာနဲ့  မျိုးစုံ ကို ကြိုးခုန်နေကြတာပါ။ ဟန်းဖုန်း ၂ လုံး ဘေးချင်းယှဉ်ထား ပြီးခေါ်ရင်တောင် “မအားသေးပါရှင်တို့ ၊ ဘယ်ရောက်နေမှန်းမသိပါတို့ ၊ တပ်ဆင်မထားပါတို့  ” ဒါမျိုးတွေ ပြောပြီးဗြောင် ကိုလိမ်တတ်ပါသေးတယ်။

ဒီလိုတွေးနေရင်းက ကိုချုချာလဲ ချိန်းထားတဲ့သူက ရောက်မလာသေးတာနဲ့  လက်ဖက်ရည် ကျစိမ့်လေး မှာပြီးသောက်နေမိပါတယ်။ ကိုယ်ကသာ နယ်က (ရန်ကုန်နှင့် မိုင် ၃၀) တက်လာလို့  ဆဲလ်ဖုန်း ဒုက္ခတွေကို သိပ်မရင်းနှီးသလို ဖြစ်နေပေမဲ့ ရန်ကုန်မှာတော့ ဆဲလ်ဖုန်း(အော်)ခြင်း ကိုဘယ်သူမှ ထူးဆန်း ကြပုံမရပါဘူး။ ဆဲလ်ဖုန်းပြောရင် အော်ပြောကြတာ ယဉ်ကျေးမှု လို့ တောင် ဆိုနိုင်ပြီထင်ပါတယ်။ နားကြပ်လေးတပ်ပြီး ဖုန်းတိုးတိုး ပြောတတ် သူတွေကိုသာ ဒီလူ ဟုတ်ကောဟုတ်ရဲ့လားလို့  ကြည့်မိတတ်ကြပါတယ်။


သူများနိုင်ငံတွေမှာ ကားမောင်းရင်း ဆဲလ်ဖုန်းပြောလို့  ယဉ်တိုက်မှု မကြာခဏ ဖြစ်တဲ့ သတင်းတွေ ကြားမိပါရဲ့။ ဒါမျိုးတော့ မြန်မာပြည်မှာ ဖြစ်စရာ သိပ်မရှိပါ။ တစ်နေရာထဲမှာ ငြိမ် ရပ် ပြီး ပြောရင်တောင် လိုင်း ပြတ်သွားတတ်တာ ကားမောင်းရင်းပြောဖို့  ကတော့ လုံးဝမသေချာပါ။ ကားမောင်းရင်း ဖုန်းလာခဲ့ရင် လမ်းဘေးထိုးရပ်ပြီး ပြောကြတာများပါသည်။

ခု ၂၀၀၅ လောက် အချိန်မှာတော့ လူလတ်တန်းစား ရဲ့ လေးပုံ တစ်ပုံလောက် ထိ ဆဲလ်ဖုန်း ကိုင်နိုင်လာပါပြီ။ ဆဲလ်ဖုန်းဟာ အဆင်တန်ဆာ တစ်ခု ဖြစ်လာပါပြီ။ ကိုရီးယားကား ထဲမှာ လိုင်းကားစီးရင်းက ဆဲလ်ဖုန်း ပြောတာ ဘာမှ မဆန်းပေမဲ့၊ ရန်ကုန် က ၅၁ လိုင်းကားကြီးတွေ ပေါ်မှာ ဆဲလ်ဖုန်း ပြောဖို့ ကတော့ တော်တော့ကို ထူးဆန်းတယ်လို့  ပဲပြောရမလိုပါပဲ။ ရုံးတက်/ ရုံးဆင်းချိန် ပြွတ်သိပ်ကြပ်ညပ် နေတဲ့ အဲယားမွန်းကြပ် ၅၁ လိုင်းကား ကြီးပေါ်က ဆဲလ်ဖုန်းဟာ ဂျင်ဆန်းမီတို့  လိုင်းကားပေါ် ဆဲလ်ဖုန်း ပြောသလို တော့ သက်တောင့် သက်သာ မရှိတာ သေချာပါတယ်။ ဟဲလို အကြိမ်တစ်သောင်းနဲ့  တဟင်ဟင် ပြန်ပြန်မေး နေရတာကိုက ပတ်ဝန်းကျင် လေထုကို ညစ်ညမ်းစေတာ အသေအချာပါ။

ကိုချုချာလဲ ပွဲစားကိုစောင့်ရင်း အတွေးနယ်ချဲ့နေမိပါတယ်။ ကိုရီးယားကား ထဲက ဂျင်ဆန်းမီ ဆီရောက်လိုက် မြန်မာပြည် ၅၁ လိုင်းကားပေါ်က ဆဲလ်ဖုန်း(အော်)ကြသူ တွေကို အတွေးရောက်လိုက်နဲ့  တောင်စဉ်ရေမရ ဖြစ်နေပါတယ်။ ဆိုင်ကလေးကလဲ သစ်ပင်ရိပ်အောက်က ဆိုင်လေးဆိုတော့ လေ ပူ တွေ တိုက်ပေမဲ့ နဲနဲ သက်သာပါတယ်။ ဒီလို အတွေး နယ်ချဲ့နေတုန်းမှာပဲ “တီတီတီ.. တီတီတီ.. တီတီတီ” “ကိုကိုရေဖုန်းလာနေတယ်နော်.. ကိုကိုရေ ဖုန်းလာနေပါတယ်ဆို” “အဟိဟိ ဟိ ဟိဟိဟိဟိ.. အဟိ ဟိဟိ ဟိဟိဟိဟိ (ကလေးငိုသံ)” ဆိုပြီး မတူညီတဲ့ ဖုန်းသံ သုံးခု တပြိုင်နက်ထဲ ကောက်ခါငင်ကာ ၀င်လာပါတယ်။

ကိုချုချာ့ဖုန်း မြည်သံက “တီတီတီ… တီတီတီ.. တီတီတီ” ပါ။ ကိုချုချာလဲ ကျန်တဲ့ဖုန်းတွေ ဘယ်သူ့  ဆီက လဲလို့  မစပ်စုနိုင်ပါဘူး၊ ဆဲလ်ဖုန်းလိုင်းဆိုတာ သူစိတ်ပါတုန်းသာ ၀င်တာမို့  အသဲအသန် ကောက်ကိုင်ဖို့  သာ ကြိုးစားလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ဘေးဖက်က ကိုယ့်လိုပဲ မြန်မြန်ဆန်ဆန် လှုပ်ရှားမှု တစ်ခုကိုတော့ သတိထားမိလိုက်သလို၊ အနောက်ဖက်က လှုပ်ရှားမှုတစ်ခုရဲ့ အသံကိုလဲ သတိထားလိုက်မိပါတယ်။ နံပါတ်ကြည့်လိုက်တော့ ပွဲစား ကိုအ၀ှာဆီက၊ ဒါနဲ့  ပဲ ဖုန်းကိုင်တဲ့ ခလုတ်လေးကို နှိပ်ပြီး နားနားကပ်၊ ထုံးစံအတိုင်း “ဟဲလို” (အသံကျယ်ကျယ်နဲ့ ) လုပ်လိုက်တဲ့ အချိန်မှာ………… ဘယ်လိုမှ ထင်မထားတဲ့ အသံတွေ ကိုချုချာ့အနားမှာ ထွက်ပေါ်လာတဲ့အတွက် ရုတ်တရက် ဒီပတ်ဝန်းကျင်လေးမှာ အပြောင်းအလဲ လေးတွေ ဖြစ်လို့ သွားပါတယ်။

ကိုချုချာ ဗယ်ဖက်လက်က ကိုင်ထားတဲ့ လက်ဖက်ရည်ခွက် လွတ်ကျသွားပါတယ်.. “ခွက်” ဆိုတဲ့ အသံနဲ့  အတူ ယောင်တတ်တဲ့ ကိုချုချာတစ်ယောက် “…..” ဆိုပြီး ရိုးရာအတိုင်း တစ်စုံတစ်ခုကို ရေရွတ်လိုက်မိပါတယ်၊ ကားမှတ်တိုင်က စုံတွဲတစ်တွဲက သူတို့ ကို လှမ်းအော်တယ်မှတ်လို့  ထင်ရဲ့ လူချင်းနဲနဲရှဲလိုက်တယ်၊ ကောင်တာက ဦးလေးကြီးက “ရှင်းမယ်တဲ့ဟေ့” လို့  ထအော်တယ်၊ စားပွဲထိုးလေးကတော့ ထိုင်ခုံမှာ ထိုင်ငိုက်နေရာကနေ “ဟုတ်ကဲ့ လာပြီဗျ.. ကျစိမ့်က ၁၀၀ ၊ မုန့်  ဟင်းခါးက ၂၀၀ …. ” လို့  အော်ရင်းထလာတယ်၊ ကားမှတ်တိုင်ဘေးမှာ ဗယာကြော်နေတဲ့ ကုလားကြီး ကတော့ “ဟာရေး…..ဘာညာကွီကွ” တွေရွတ်ပြီး ဆီအိုးထဲကို ကုလားပဲ ထောင်း တစ်ဆုပ်ကြီး ပစ်ထဲ့ချလိုက်တာ တွေ့  လိုက်ရတယ်။

အခိုက်အတန့်  ဒဒင်ဂ ကာလလေး တစ်ခုမှာ ကိုချုချာတို့  လက်ဖက်ရည်ဝိုင်းနားမှာ အံ့အားသင့်စရာ တိုက်ဆိုင်မှု တစ်ခုဖြစ်သွားတယ်ထင်ရဲ့၊ ကိုချုချာလဲ ရုတ်တရက်မို့  ဘာဖြစ်သွားလို့  ဖြစ်သွားလိုက်မှန်း မသိလိုက်ဘူး၊ သိပ်တော့မကြာလှပါဘူး၊ စက္ကန့်  ပိုင်းလောက်ပါပဲ။ စက္ကန့်  ပိုင်းလောက်ကြာပြီးသွားတဲ့ အချိန်မှာတော့ လူအားလုံး ရယ်လိုက်မိကြပါတယ်။ နောက်တော့လဲ ပုံမှန် အတိုင်းပြန်လည်ပတ်ကြပါရဲ့။ ဖြစ်ပုံကဒီလိုပါ၊ ဖုန်းသုံးခု တပြိုင်ထဲ လာတဲ့အချိန်မှာ လူသုံးယောက် တိုက်ဆိုင်စွာနဲ့  “ဟဲလို” ဆိုတာကြီးကို အားပါးတရ ၀ိုင်းအော်လိုက်မိကြတာပါပဲဗျာ။ ကိုချုချာရယ်၊ ဘေးက အန်တီကြီးရယ်၊ အနောက်က အန်ကယ်ကြီးရယ် ဒီလူသုံးယောက်ရဲ့ ၀မ်းခေါင်းသံ “ဟဲလို” ဆိုတာကြီးက ပုံမှန်လည်ပတ်နေတဲ့ ဘေးက ပတ်ဝန်းကျင်ကို အပြောင်းအလဲ ဖြစ်သွားစေပါတယ်။

သိပ်မကြာခင်မှာပဲ အန်တီကြီးက သူစောင့်နေတဲ့သူ ကိုသွားတွေ့  ဖို့ ထင်ပါရဲ့ အိတ်ကလေး ဆွဲပြီး ကော့ကော့ ကော့ကော့ နဲ့  ထွက်သွားတယ်။ အန်ကယ်ကြီးကတော့ (တစ်ခုခုကို) ထပ်စောင့်ရဦးမယ်ထင်တယ်၊ ဟင်း ခနဲ သက်ပြင်းချပြီး သတင်းစာကို ကောက်ကိုင်လိုက်တယ်။ စားပွဲထိုးလေးကတော့ ငွေပြန်အမ်းဖို့  ကောင်တာကို ထွက်သွားတယ်။ ကောင်တာက ဦးလေးကြီးကတော့ အားရပါးရ ရယ်ပြီးနောက်မှာတော့ ငွေအကြွေအမ်းဖို့  လုံးပမ်းနေတာနဲ့  ပဲ ခုနက “ဟဲလို” ကြီးကိုမေ့သွားပုံပါ။ ကားမှတ်တိုင်က စုံတွဲလဲ ခုနက အတိုင်း တစ်ယောက်နဲ့  တစ်ယောက် ပြန်ကပ်သွားကြပြန်တယ်။ ဗယာကြော် ကုလားကြီးကတော့ ဆီအိုးထဲက ကုလားပဲ ထောင်း တစ်ဆုပ်ကြီးကို ပွစိ ပွစိ နဲ့  ပြောရင်း ပြန်ဆယ်နေလေရဲ့။

အားလုံး ပုံမှန်ဖြစ်သွားကြပေမဲ့ ပုံမှန်ပြန်မဖြစ်နိုင်တာတော့ ကိုချုချာပါပဲ။ လက်ဖက်ရည်ခွက်က ပုဆိုးပေါ် မှောက်ကျ၊ ဖုန်းထဲက ပွဲစားကလဲ သူယောင်ရမ်းပြီး အော်လိုက် မိတာကို သူ့  ကို ပြောတယ် ထင်သွားပုံရတယ် ဖုန်းချသွား၊ သူ့  ဖက်က ပြန်ဆက်ကြည့်တော့ “လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်” တဲ့ မြန်မာပြည်ဖုန်းက ကျန်တာသာ လိမ်တတ်တာ ဖုန်းပိတ်ထားတယ်လို့  ဖြေရင်တော့ တကယ်ကို ပိတ်ထားတာသေချာတယ်။ ကိုချုချာ့ခင်ဗျာ ပွဲစား သူ့ ကိုစိတ်ဆိုးသွားမှန်း သေသေချာချာကို သိလိုက်တယ်။

“ဟူးးးးးးး” လို့  ကိုချုချာသက်ပြင်း ချမိပါတော့တယ်။ ဖုန်းဈေးထပ်မကျခင် ရောင်းချင်တာ ပွဲစား နောက်တစ်ယောက်ကို အချိန်ကုန်ခံ ဆက်သွယ် ပြီး ထပ်စောင့်ရဦးမယ်၊ ခုလဲ လက်ဖက်ရည်တွေ စိုနေတဲ့ ပုဆိုးကြီးနဲ့  ဘယ်လိုပြန်ရမလဲ၊ ကားငှားဖို့  ဆိုတာကလဲ ရန်ကုန်နဲ့  မိုင် ၃၀ ကျော်ခရီး၊ ကုန်လိုက်မယ်ဖြစ်ခြင်း၊ သခင်မြပန်းခြံ ကားဂိတ်ကိုသွားမယ် ဆိုလဲ ခရီးတို ကားငှားခတော့ ထွက်ပြီ။

“ထူးပါဘူးလေ” ဆိုပြီး ကိုချုချာတစ်ယောက် ရေမီးရှားနိုင်ငံတော်ကြီးရဲ့ ပုံမှန်တွေ ထဲ လည်ပတ်နိုင်ဖို့ ရာ လက်ဖက်ရည်ဆိုင်ကထ “အော်…… ဆဲလ်ဖုန်း .. ဆဲလ်ဖုန်း.. ကိုဆဲလ်ဖုန်း… ကိုကလန့်  ပြီး ဆဲမိပြန်တော့ ဆဲဖုန်း .. ဆဲဖုန်း… ကိုဆဲမိတဲ့ ဖုန်း .. ဖြစ်ရပြန်တာပေါ့ကွာ… တောက်” လို့  မြည်တမ်းရင်း………….။။။။။။။။

Saturday, 17 July 2010

အာလူးနဲ့ ညစာ

အာလူးနဲ့ ညစာ

လူတကိုယ်အကြိုက်တမျိုးမို့ 
သူကြိုက်တာ..ကိုယ်မကြိုက်လို့ 
အပြစ်မပြောသာတယ်
အာလူးဆိုလေတွေပွတယ်လို့ 
မျိုးရိုးနဲ့ သမိုင်းရှိခဲ့တယ်

မယ်ငဖြူ..လူပေညစ်ရယ်က
အာလူးဆိုဖုတ်ကာစားသတဲ့
ညအိပ်ခါနီးမှာကွယ်

မျိုးရိုးကိုသွေဖီလို့ 
အာလူးဆိုသူကြိုက်သတဲ့
လေနာဆိုတာဝေလာဝေး
ညစာလိုကြိတ်နေတယ်

ခက်ပါတယ်
အမြင်သစ်နဲ့ မို့ 
သူ့ ဟာသူအဆင်ပြေရင်ပြီးရောလို့ 
ကိုယ့်စိတ်ကိုယ်နှစ်သိမ့်လိုက်တယ်

မယ်ငဖြူလူပေညစ်ရယ်
ထမင်းတွေမနပ်တာမို့ 
ကြိတ်လိုက်ပါ..အာလူးနဲ့ 
မင်း.. ညစာပြီး။



Saturday, 10 July 2010

ကြောင်အိမ်၊ ဘီဒိုနဲ့ ဘီတိုအာဏာ

ကြောင်အိမ်၊ ဘီဒိုနဲ့ ဘီတိုအာဏာ

အလှမ်းဝေးပေမဲ့
ဝမ်းရေးကခက်တာကြောင့်
ဝေးရပ်မှာကြုံသလိုပ
ရေကြည်ရာရှာနေခဲ့တယ်
ကိုယ်မစားတဲ့မြက်နုကိုတော့
မွေးရပ်မှာထားခဲ့။

ကမ္ဘာ့ရွာခေတ်ရောက်ပြီမို့ 
ကြပ်ပြေးမှာကြွက်တွေပြေးတဲ့သတင်း
ချက်ချင်းဆိုသလိုဖတ်လိုက်မိတယ်။

တနွယ်ငင်တစင်ပါတွေးမိသလိုပါ့
ပလိပ်ရောဂါသယ်ကြွက်တွေအရေး
အာရုံမှာဘလောင်ဆူလို့ 
တွေးပူမိတယ်။

မွေးရပ်ကသံယောဇဉ်တွေကို
သတိပေးစကားနဲ့ 
ထမင်းဟင်းပန်းကန်လုံခြုံစွာသိမ်းရအောင်
ကြောင်အိမ်အ၀ယ်ခိုင်းမိတယ်။

ဈေးအမြန်ပြေးဝယ်ကာပြန်ခဲ့ တော့
ဝယ်ခဲ့တာကြောင်အိမ်ပေမဲ့ 
အလူမီနီယမ်တူတူတန်တန်လှနေတာကြောင့်
အိမ်ကအမေဆူညံလို့ 

ဟင်းပန်ကန်ထဲ့ရန်မတန်ပြီဆုံးဖြတ်တာကြောင့်
ကြောင်အိမ်မှာဘ၀ပြောင်းကာ
အ၀တ်ဘီဒိုဖြစ်ခဲ့ ရသတဲ့

သြော်..ဘယ်သူ့ ကိုအပစ်တင်ရမလဲ
ကြောင်အိမ်နဲ့ ဘီဒိုဇတ်လမ်းရပ်စေဖို့ 
ကြံဖန်ကာရွှေဥာဏ်ကူလို့ 
မတူမတန်.ဟန်မလှတဲ့
ရွာသူသဏ္ဍာန်
ကြောင်အိမ်ငယ်နောက်တစ်လုံးကိုလ
ဝယ်ယူကာသူတို့ သုံးစေဖို့ 
ဘီတိုအာဏာသုံးကာ
ဝေးမြေမှတောင်းဆိုလိုက်တယ်
ဘေးကင်းစေကြောင်း။


ဒူဘိုင်းမှ ကဗျာဆရာမတစ်ဦး၏ လက်ရာကြမ်းဖြစ်ပါသည်။ အပန်းပြေဖတ်နိုင်ကြစေဖို့ ပါခင်ဗျား............